ပုလောရှိ စစ်ကောင်စီ တပ်စခန်းများကို နှစ်ရက်ဆက်တိုက် ဒရုန်းဖြင့် တိုက်ခိုက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ် ၂ ရက်။
မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ တပ်စွဲထားသည့် တပ်စခန်းများကို နှစ်ရက်ဆက်တိုက် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း၏ ပြော ရေး ဆိုခွင့်ရှိသူက ပြောသည်။
ပုလောမြို့နယ်ထဲရှိ စစ်ကောင်စီတပ်ဖွဲ့များ အခြေစိုက်နေထိုင်သည့် မကျည်းကုန်းကျေးရွာ စစ်ကောင်စီ စစ်ဆေး ရေးဂိတ်၊ တိုကျေးရွာရှိ တာဝါတိုင် စခန်းကုန်းနှင့် ပလရဲစခန်းဂိတ်များကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဇူလိုင်လ ၃၀ ရက်နေ့နှင့် ၃၁ ရက်နေ့များတွင် နှစ်ရက် ဆက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မြိတ် – ထားဝယ် သွား ကားလမ်းမကြီးပေါ်ရှိ မကျည်းကုန်းကျေး ရွာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၇ နာရီအချိန်က စနိုက်ဘာများနှင့် 79 ဗုံးသီး ပစ်သေနတ်များဖြင့် သွားရောက် ပစ်ခတ် တိုက် ခိုက်ခဲ့ သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း၏ တာဝန်ရှိသူက ဆိုသည်။
မြိတ်ခရိုင်အမှတ် (၁) တပ်ရင်း၏ တာဝန်ရှိသူက “မကျည်ကုန်းရွာ စစ်ကောင်စီစစ်ဆေးရေးဂိတ်နဲ့ ပေ ၂၀၀ လောက်သာ ဝေးတဲ့ မူလတန်းကျောင်းကို ကျောင်းသားတွေ အန္တရာယ် မဖြစ်အောင် မနက်စောစော ကလေး တွေ ကျောင်းမလာခင် ခဏပဲ သွားပစ်ခဲ့တာပါ၊ ခလရ ၂၈၅ တပ်ရင်းထဲကနေ လက်နက်ကြီးနဲ့ လှမ်းပစ်နေတာ မိုးချုပ် တဲ့အထိပဲ” ဟု ပြောသည်။
ညနေ ၅ နာရီခန့်တွင် ပလရဲစခန်းဂိတ်ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့ သည်ကို ဒရုန်းရုပ်သံမှတ်တမ်းအရ အတည်ပြုနိုင်ခဲ့ကာ တိုက်ခိုက်မှုနှစ်ခုလုံးကို ပြည်သူ့ကာကွယ်ရေး တပ်မတော် မြိတ်ခရိုင် အမှတ် (၁) တပ်ရင်း၏ T2 Drone Team မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ဇူလိုင်လ ၃၀ ရက်နေ့ ညနေပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့များ အထိုင်ချထားသည့် တိုကျေးရွာရှိ တာဝါတိုင် စခန်းကုန်းနှင့် ပလရဲစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဘက်မှ ဒရုန်းဖြင့် ဗုံးသီးခြောက်လုံးကြဲချ တိုက်ခိုက်ခဲ့ သည်ဟု ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ထုတ်ပြန်ထားသည်။
တိုက်ခိုက်မှုအတွင်း တိုကျေးရွာ တာဝါတိုင်စခန်းကုန်းမှ စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးနှင့် ပလရဲစခန်းဂိတ်က စစ်ကောင်စီ တပ်ဖွဲ့ဝင်နှစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု တိုက်ခိုက်ရာတွင် ပါဝင်ခဲ့သည့် ပြည်သူ့ ကာကွယ် ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
တာဝါတိုင် စခန်းကုန်းနှင့် ပလရဲစခန်းဂိတ်တို့ တိုက်ခိုက်မှုကို ပုလော (ပကဖ) Drone တပ်စိတ် (Shadow Squad) နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ ခြင်း ဖြစ်သည်။