တနင်္သာရီမြို့နယ်တွင် လူနေ ကျေးရွာကို စစ်ကောင်စီ ဗုံးကြဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂ ရက်။ 

စစ်ကောင်စီက တနင်္သာရီမြို့နယ် အတွင်းရှိ လယ်သစ်ကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု လုပ်ခဲ့သည်ဟု မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) က ပြောသည်။

စစ်ကောင်စီဘက်မှ MI – 2 အမျိုးအစား ရဟတ်ယာဉ်ဖြင့် ဇူလိုင်လ ၃၀ ရက်နေ့ ညနေ ၄နာရီခွဲခန့်က ဗုံးသီး အလုံး ၂၀ ကြဲချ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း (၂) ပြန်ကြားရေးတာဝန်ရှိသူက စစ်ကောင်စီဘက်က ညနေ ၄ နာရီခွဲကျော်လောက်မှာ ရဟတ်ယာဥ်နဲ့ ဗုံးသီးအလုံး ၂၀ လောက် လာချသွားတယ်။ ရွာသားတွေရော တော်လှန်ရေး ရဲဘော်တွေဘက်ပါ ထိခိုက်မှု တစ်စုံတစ်ရာတော့ မရှိဘူး ဟု ပြောသည်။

ဗုံးသီးချ တိုက်ခိုက်မှုကြောင့် လယ်သစ်ကျေးရွာရှိ လူနေအိမ်များနှင့် ရွာသားများ ထိခိုက်မှုမရှိကြောင်း သိရှိရပြီး လတ်တလောတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဆက်သွယ်၍ အဆင်မပြေသေး ကြောင်း ရွာသားတစ်ဦးက ဆိုသည်။

ရဟတ်ယာဉ်ဖြင့် ဗုံးသီးချတိုက်ခိုက်ခြင်း မပြုလုပ်မှီ ဂျက်ဖိုက်တာတစင်း လာဝဲခဲ့သေးကြောင်း ဒေသခံများက ဆိုသည်။

တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ် အစပ်ကြားတွင် ရှိသည့် လယ်သစ်ကျေးရွာတွင် ရေကြီးမှုလည်း ဖြစ်နေပြီး ရွာသားအများစုမှာ စစ်ဘေးကြောင့် နီးစပ်ရာသို့ ရှောင်တိမ်းနေကြရပြီး အချို့မှာမူ ရေကြီးမှုကြောင့် သွားလာ၍ မရဘဲ ကျေးရွာအတွင်း ပိတ်မိနေသည်ဟု ရွာသားတစ်ဦးက ပြောသည်။

လယ်သစ်ကျေးရွာကို စစ်ကောင်စီဘက်မှ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်နေ့မှ စတင်ပြီး စစ်ကြောင်းနှစ်ခုခွဲကာ စစ်ကြောင်းထိုးနေပြီး နှစ်ဖက်ကြား စစ်ရေးတင်းမာမှုများ၊ တိုက်ပွဲများ၊ ထိတွေ့မှုများ ဖြစ်ပွားနေသည်။