ငါးရက်အကြာ ပျောက်နေသည့် အဘွားအိုကို ကျန်းမာစွာဖြင့် ပြန်တွေ့

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ  ၅ ရက်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ပန်းဒလဲကျေးရွာတွင် ငါးရက်အကြာ ပျောက်ဆုံးနေသည့် အသက် ၈၀ ကျော် အရွယ် အဘွားအိုတစ်ဦးကို ကျန်းမာစွာဖြင့် ပြန်လည် တွေ့ရှိခဲ့သည်ဟု မိသားစုဝင်များက ပြောသည်။

အဘွား ဒေါ်နှင်းညွန်သည် မြေးဖြစ်သူနှင့်အတူ ကြက်သွန်ခွာနေရာမှ သားဖြစ်သူ၏ နေအိမ်ဘက်သို့ သွားမည် ဆိုကာ သြဂုတ်လ ၁ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ထွက်သွားပြီး ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။

မိသားစုဝင်တစ်ဦးက အဘွားကို အိမ်ကထွက်သွားသည့် အဝတ်အစားအတိုင်းပဲ ပြန်တွေ့ရပါတယ်။ ထမိန်က တော့ ဇောက်ထိုး ပြောင်းပြန် ဖြစ်နေတယ်။ ကျန်းမာရေးလည်း ကောင်းပါတယ်။ အားလုံးကတော့ နတ်လှည့် တာလို့ ယူဆနေကြတယ် ဟု ပြောသည်။

အိမ်သားများ၏ နာမည်များအား အော်ခေါ်နေသည့် အဘွားအိုကို  ဥယျာဉ်ခြံထဲသို့ ရောက်ရှိနေသည့် အမျိုးသမီးတစ်ဦးမှ စတင်ကြားမိခဲ့ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ပန်းဒလဲကျေးရွာမှ သုံးမိုင်ကျော်ခန့် ကွာဝေးသည့် ညင်းဝကျေးရွာအနီး တောထဲရှိ ဥယျဥ်ခြံတစ်ခုအတွင်း အသက် ၈၀ ကျော်အရွယ် အဘွားဒေါ်နှင်းညွန့်ကို ပျောက်ဆုံးပြီး ၅ ရက်မြောက်နေ့ ဖြစ်သည့် သြဂုတ်လ ၅ ရက် နေ့၊ နံနက် ၉ နာရီ အချိန်ခန့်တွင် ပြန်လည်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ပျောက်ဆုံးသည့် နေ့မှစပြီး ရွာသူရွာသားများက ရိုးရာနည်းအတိုင်း အိုးစည်ဗုံမောင်းများ တီးခတ်ပြီး ဝိုင်းကူကာ ရှာဖွေပေးခဲ့ကြသေးသည်ဟု ရွာသားတစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင်လည်း လောင်းလုံးမြို့ပေါ်ရှိ (က) ရပ်ကွက်မှ အသက် ၁ နှစ် ၈ လ အရွယ်ကလေးတစ်ဦး ပုခတ်အတွင်း၌ သိပ်ထားစဉ် ပျောက်ဆုံးသွားခဲ့ပြီး နောက်တစ်ရက်အကြာ နေ့အိမ်မှ ၇ မိုင်ခန့်ဝေးသည့် တောထဲမှ ပြန်လည်ရှာဖွေတွေ့ရှိခဲ့ဖူးသည်။