ဘုန်းကြီးအယောင်ဆောင်ထားသည့် စစ်ကောင်စီတပ်သား တစ်ဦးကို ဖမ်းဆီးရမိ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်။

မြိတ်ခရိုင် မြိတ် – ပုလော လမ်းပိုင်းပေါ်ရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် သင်္ကန်းဝတ်ဖြင့် ခရီးသည်တင်ကားပေါ် လိုက်ပါလာသည့် စစ်ကောင်စီ တပ်သားတစ်ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု တောကြီးမြွေဟောက်တပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပဝကုန်းကျေးရွာအနီး မြိတ်မြို့မှ ရန်ကုန်မြို့သို့သွားမည့် ခရီးသည်တင်ကားတစ်စီးပေါ်မှ ဇူလိုင်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခန့်က ဖမ်းမိခဲ့ခြင်း ဖြစ်သည်။

တောကြီးမြွေဟောက် တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူက အရင်တုန်းက တနင်္သာရီဘက်က တော်လှန်ရေး တပ်ဖွဲ့တစ်ခုဆီမှာ CDM ဝင်ဖူးတယ်။ ပြီးတာနဲ့ အဲဒီတပ်ဖွဲ့က လက်နက်တွေကို ယူပြီး စစ်ကောင်စီ သိန္ဓောတပ် ထဲကို ပြန်ဝင်သွားတဲ့သူပါ။ အခုလည်း လမ်းတစ်လျောက်က နယ်မြေအနေအထားကို လေ့လာဖို့လာတာ ဖြစ် တယ်လို့ သူကပြောပါတယ် ဟု ပြောသည်။

တောကြီးမြွေဟောက် (King Cobra Force) တပ်ဖွဲ့က ခရီးသွားလာသည့်သူများ အန္တရာယ် ကင်းရှင်းစေရန်နှင့် စစ်တပ်အတွက် ရိက္ခာ သယ်ယူပို့ဆောင်မှုများ ကင်းရှင်းစေရန်အတွက် လုံခြုံရေးအရ စစ်ဆေးနေစဥ် သင်္ကန်း

ဝတ်ဆင်ထားသူ စစ်ကောင်စီတပ်သားကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဖမ်းဆီးရာတွင် ပါဝင်သည့် တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ဖမ်းဆီးရမိခဲ့သူကို စစ်ဆေးမေးမြန်းချက်များ အရ မြိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခလရ (၁၀၁) တပ်ရင်း မှ ကိုယ်ပိုင်အမှတ် တ – ၅၃၀၂၆၊ အသက် ၄၀ နှစ်အရွယ် မောင်ထွေး ဆိုဖြစ်ပြီး စစ်မှုထမ်းသည့် သက်တမ်း ၃ နှစ် ရှိနေပြီဖြစ်ကြောင်း ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သားကို စစ်သုံ့ပန်းများ ဥပဒေနှင့် အညီ ထိန်းသိမ်းထားပြီး သက်ဆိုင်ရာ တာဝန်ရှိသူ များထံ လွှဲပြောင်းပေးအပ်သွားမည် ဖြစ်ကြောင်း တောကြီးမြွေဟောက် တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။

ခရီးသွားလာကြသည့် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်တပ်ထောက်တိုင်များ ဖြစ်သည့် ပျူစောထီးများနှင့် စစ်ကောင်စီ ယာဥ်တန်းများအနီးမှ ကပ်ပြီး သွားလာခြင်းများ မပြုလုပ်ကြရန်၊ တော်လှန်ရေး တပ်ဖွဲ့များကို တတ်စွမ်းရာ နေရာများမှ သတင်းအချက်လက်များ ပေးပို့ခြင်း၊ ကူညီထောက်ပံ့မှုများ ပြုလုပ်ခြင်း ဖြင့် ပူးပေါင်းပါဝင်ပေးကြပါရန် တောကြီးမြွေဟောက်တပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

ဓါတ်ပုံ – ဖမ်းဆီးရမိခဲ့သူ စစ်ကောင်စီတပ်သား မောင်ထွေး