လောင်းလုံးတွင် စစ်ကောင်စီတပ် အချင်းချင်း ပစ်ခတ်မှုဖြစ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ သြဂုတ်လ ၅ ရက်။

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ မြို့မရဲစခန်းနှင့် မျက်နှာချင်းဆိုင်ရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အရှေ့တွင်  စစ်ကောင်စီတပ် အချင်းချင်းကြား ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မြို့ခံများက ပြောသည်။

စစ်ကောင်စီတပ်သား အချင်းချင်းကြား ဆဲသံများနှင့်အတူ သေနတ်ပစ်ခတ်သံများ သြဂုတ်လ ၂ ရက်နေ့၊ ည ၁၁ နာရီအချိန်ခန့်က ထွက်ပေါ်ခဲ့ပြီး ပစ်ခတ်ခဲ့ကြခြင်း ဖြစ်သည်။

အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပစ်ခတ်တာကတော့ ၅မိနစ်ကျော်လောက်ပဲ ကြာတယ်။ သေနတ် တွေနဲ့ ရဲစခန်းဘက်ကနဲ့ ထွေအုပ်ရုံးဘက်တို့ နှစ်ဘက် ဆက်တိုက် ပစ်ကြတာလို့တော့ ကြားရတယ်။ တော်တော် လေးကြမ်းတယ် ဟု ပြောသည်။

ပစ်ခတ်သံများ ငြိမ်သက်သွားပြီးနောက် အရေးပေါ် လူနာတင်ယာဥ် တစ်စီး လောင်းလုံးရဲစခန်းကို ရောက်ရှိလာခဲ့ ပြီး သေဆုံး ထိခိုက်ဒဏ်ရာရသူများကို ထားဝယ်ဆေးရုံကို ညတွင်းချင်း ပို့ဆောင်ပေးလိုက်ကြသည်ဟု နီးစပ်သူ များက ပြောသည်။

ထားဝယ်ဆေးရုံသို့ တင်ဆောင်သွားသည့် အထဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ပြီး ခုနှစ်ဦး ထိခိုက်ဒဏ် ရာ ရရှိခဲ့သည်ကို စုံစမ်းသိရှိခဲ့ရသည်ဟု လောင်းလုံး  – ပကဖ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။

အချင်းချင်းကြား ပစ်ခတ်မှုပြီးသည့်နောက် လောင်းလုံးမြို့ပေါ်ရှိ စရဖရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ဖွဲ့ကလည်း မြို့အပြင်ဘက်ဆီသို့ လက်နက်ကြီးဖြင့် ငါးချက်ပစ်ခတ်ခဲ့သေးသည်ဟု မြို့ခံများက ပြောသည်။

လောင်းလုံးရဲစခန်း၌ အချင်းချင်းကြား ပစ်ခတ်သည့် ဖြစ်စဥ်မျိုး ၂၀၂၃ ခုနှစ်၊ နှစ်စပိုင်းတွင်လည်း တစ်ကြိမ် ဖြစ်ပွားခဲ့ဖူးပြီး ဖြစ်စဥ်အတွင်း တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သေးသည်။

လက်ရှိတွင် လောင်းလုံး မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးတို့တွင် ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ် ၂ တပ်ပေါင်း အင်အား ၅၀ ခန့် ရှိနေပြီး ရဲစခန်းအရှေ့မှ ဖြတ်သန်းသွားလာသူများကိုပါ တားဆီးစစ်ဆေးခြင်းများ မကြာခဏ ပြုလုပ်လေ့ ရှိနေ ဟု ဒေသခံများက ပြောသည်။