ရေဘေးသင့်နေသည့် ကျေးရွာကို စစ်ကောင်စီ စစ်ကြောင်းထိုး
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်။
တနင်္သာရီမြို့နယ် အတွင်းရှိ လယ်သစ်ကျေးရွာကို အင်အား အလုံးအရင်းဖြင့် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးနေခြင်းကြောင့် ရွာသားများ ထောင်နှင့်ချီ၍ ထွက်ပြေး တိမ်းရှောင်နေကြရသည်။
စစ်ကောင်စီ စစ်ကြောင်းကြောင့် ရေဘေးသင့်နေသည့် လယ်သစ်အနောက်ကျေးရွာနှင့် တဆက်တည်း ကျေးရွာ များဖြစ်သည့် လယ်သစ်အရှေ့၊ သာရဖုံအနောက်၊ သာရဖုံအရှေ့၊ ပဝ၊ ကျွန်းရှည်၊ ချောင်းကောက်နှင့် သက္ကယ် ကျော်စသည့် ကျေးရွာများမှ ရွာသား ၆,၀၀၀ နီးပါး ထွက်ပြေးနေကြရခြင်း ဖြစ်သည်။
မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ ၏ ပြန်ကြားရေး တာဝန်ရှိသူက “စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က ဒီကနေ့မှာ လယ်သစ်အနောက်ရွာက ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်။ ပြီးတော့ လယ်သစ်အရှေ့ရွာဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်” ဟု ပြောသည်။
တနင်္သာရီမြို့နယ် အတွင်းရှိ ကျေးရွာအများစုမှာ တနင်္သာရီမြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးအန္တရာယ်နှင့် ကြုံနေကြရပြီး စစ်ကောင်စီ စစ်ကြောင်းထိုးနေသည့် လယ်သစ်ကျေးရွာသည်လည်း အပါအဝင် ဖြစ်သည်ဟု ရွာသားတစ်ဦးက ဆိုသည်။
ရေဘေးအန္တရာယ်ကြားမှ လှေများဖြင့် သွားလာ ထွက်ပြေးနေကြရပြီး အချို့မှာ သွားလာရန် လှေမရှိသော ကြောင့် အခက်အခဲများ ကြုံနေကြရသည်။
စစ်တပ်ဘက်မှ လယ်သစ် အနောက်ကမ်းကျေးရွာအထိ နေရာယူထားပြီး လယ်သစ် အရှေ့ကမ်းကျေးရွာကို ရှေ့ဆက်တိုးရန်အတွက် ဒရုန်းများ၊ လက်နက်ကြီးများ အသုံးပြုပြီး တော်လှန်ရေးတပ်ဖွဲ့များ ရှိနိုင်မည့် နေရာများ ကို ပစ်ခတ်တိုက်ခိုက်နေကြသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။
လယ်သစ်အနောက်ကမ်း ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တို့ကြား ဩဂုတ်လ ၂ ရက်နေ့၊ မွန်းလွဲ ၃ နာရီအချိန်ခန့်က မိနစ် ၄၀ ခန့်အကြာ နှစ်ဘက် ပစ်ခတ်မှု ဖြစ်ပွား ခဲ့ပြီး အဆိုပါကျေးရွာထဲမှ နေအိမ်လေးဆောင်ကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့သေးသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့က လယ်သစ်အရှေ့ကမ်း ကျေးရွာကို ခြောက်လုံးတွဲ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ခြင်း ကြောင့် မီးသတ်ရုံး ပြိုကျပျက်စီးခဲ့သေးသည်ဟု မြေပြင်ရှိ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။
ရေဘေးနှင့် စစ်ဘေးကြောင့် နီးစပ်ရာ တောတောင်များအတွင်း တိမ်းရှောင် ထွက်ပြေးနေကြရသည့် ရွာသားများ မှာ ဆေးဝါးနှင့် စားနပ်ရိက္ခာများအပြင် အမိုးအကာများလည်း လိုအပ်လျက်ရှိနေသည်ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူတစ်ဦးက ဆိုသည်။
နှစ်ဖက် စစ်ရေးတင်းမာနေသည့် တနင်္သာရီမြို့နယ် အတွင်းရှိ လယ်သစ်ကျေးရွာကို စစ်ကောင်စီဘက်က အင်အား အလုံးအရင်းဖြင့် မြေပြင် စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေသည့်အပြင် ဇူလိုင်လ ၃၀ ရက်နေ့ကလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သေးသည်။
ကျွန်းစုမြို့နယ်အတွင်းမှ စစ်ကောင်စီ စစ်ကြောင်းက တနင်္သာရီမြို့နယ်နှင့် နယ်နိမိတ် ထိစပ်ရာ လယ်သစ်ကျေး ရွာကို ဦးတည်၍ စစ်ကြောင်းထိုးနေသည်မှာ နှစ်ပတ်ကျော်ကြာနေပြီ ဖြစ်ပြီး လက်ရှိအချိန်အထိ ပြည်သူ့ ကာ ကွယ်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲပေါင်း ၉ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့သည်။