ပုလော စစ်ရှောင်များ ရောဂါများအတွက် ဆေးဝါးအကူအညီလိုအပ်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၄ ရက်။ 

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်ထဲက စစ်ဘေးရှောင် ပြည်သူ ၃၀၀ ကျော်သည် ဝမ်းပျက် ဝမ်းလျှော ရောဂါ၊ ငှက်ဖျားနှင့် တုတ်ကွေးရောဂါများကို ခံစားနေရပြီး ဆေးဝါး အကူအညီများလည်း လိုအပ်နေ သည်ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) က ပြောသည်။

ကလေးသူငယ်များနှင့် အမျိုးသမီးများတွင် ရောဂါအဖြစ်များပြီး လက်ရှိအချိန်ထိလည်း ရောဂါကူးစက်မှုများ ဆက်လက် ဖြစ်ပွားနေသည်ဟု မွန်လူ့အခွင့်အရေး ဖောင်ဒေးရှင်း HURFOM မှ တာဝန်ရှိသူ နိုင်အဲမွန် က ပြော သည်။

တော်တော်များများကလေ အမျိုးသမီးတွေ ကလေးတွေမှာတွေ့တယ် တော်တော်များများ။ တခြား ယောက် ကျားတွေမှာလည်း ရှိတယ်။ အခုက ရာဂဏန်း လောက်ရှိတယ်။ ၃၅၀ ပတ်ဝန်းကျင်လောက်တော့ အနည်းဆုံး ရှိတယ်။ ထပ်ပြီးတော့ ကူးစက်မှုနှုန်းတွေ ရှိလာနိုင်တဲ့အတွက် စိုးရိမ်စရာဖြစ်သွားတယ် ဟု နိုင်အဲမွန်က ပြော သည်။

ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားရသည့် အကြောင်းအရင်းနှင့် ပတ်သက်၍ နိုင်အဲမွန်က ယခုကဲ့သို့ ဆက်ပြောသည်။

ဘာဖြစ်လို့လဲဆိုရင် ရေသန့်ကောင်းကောင်း မရတာနော်။ တစ်ခုကအစားအသောက်ကလည်း ပြဿနာက ဘာလို့ဆို ကြုံရာစားနေရတယ်။ နောက်တစ်ခါဒီ အစားအသောက် quality (အရည်အသွေး)ကလည်း မရှိတဲ့ခါကြ ဒီဝမ်းပျက် ဝမ်းလျှောကဖြစ်ပုံရတယ်။ နောက်တစ်ခုက အခုကလေ ကာလ ဝမ်းရောဂါ ပုံစံသွားဖြစ်နေ ဘာလို့ဆို ကူးစက်တာ တအားလွယ်တယ်။ အဲ့ဒါကြတော့ တခြား ဆေးရှုထောင့်ကနေပြီး ထပ်ပြီး အတည်ပြုဖို့ လိုလိမ့်မယ် ထင်တယ်။

ကာလတို ဝမ်းပျက်ဝမ်းလျှောခြင်းမှာ ၁ ရက် မှ ၂ ရက်အတွင်း သက်သာသွားနိုင်ပြီး ဘက်တီးရီးယားများ ရှိနေ သော မသန့်ရှင်းသည့် အစားအစာများကို စားမိခြင်း၊ ရေသောက်မိခြင်းများကြောင့် ဖြစ်သည်။ သို့သော် ရံဖန်ရံခါတွင် ဗိုင်းရပ်စ်ကြောင့်လည်း ဝမ်းပျက်ဝမ်းလျှော ဖြစ်နိုင်သည်ဟု ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများကို ရေးသားသည့် Hello ဆရာဝန် ဝက်ဘ်ဆိုက် စာမျက်နှာတွင် ရေးသားထားသည်။

အလားတူ ကာလရှည် ဝမ်းပျက်ဝမ်းလျှောခြင်းမှာမူ  ရက်သတ္တပတ် တော်တော်ကြာသည် အထိ ခံစားရနိုင်ပြီး အစာခြေ အူလမ်းကြောင်းစနစ် ကျန်းမာရေးပြဿနာများကြောင့် ခံစားရနိုင်ကြောင်းနှင့် ကပ်ပါးပိုးများ ကူးစက် ခြင်းကြောင့်လည်း ကာလရှည် ဝမ်းပျက်ဝမ်းလျှောခြင်းကို ခံစားရနိုင်သည်ဟု Hello ဆရာဝန် ဝက်ဘ်ဆိုက် စာမျက်နှာတွင် ရေးသားထားသည်။

ပုလောမြို့နယ်ထဲတွင် ဝမ်းပျက်ဝမ်းလျှော ရောဂါအပြင် ငှက်ဖျားနှင့် တုပ်ကွေး ရောဂါများလည်း ဖြစ်ပွားနေ ဟု ဆိုသည်။ 

နိုင်အဲမွန်က မြေပြင်မှာကလည်း ပိတ်ဆို့ ထိုးစစ်ဆင်မှုတွေ တောက်လျှောက် ရှိတဲ့ အခါကြတော့ ဆေးအလျင် မမှီတာ ဆေးဝါး ကျွမ်းကျင်သူတွေ နောက် ကုသမှု ကျွမ်းကျင်သူတွေ မရှိတာနည်းတာ။နောက်တစ်ခုက ပြန့်ပွားနှုန်းကလည်း များတာ နောက်တစ်ခါ ဆေးယဉ်ပါးတဲ့ ပြဿနာ ထပ်ရှိတဲ့ အခါကြတော့ ပိုပြီးတော့ ခံစားရ တယ်။ နောက်တစ်ခါ တုပ်ကွေးလို ဟာမျိုးတွေပေါ့နော်။ တချို့ ကလေးတွေမှာ သွေးလွန် တုပ်ကွေးပုံစံမျိုး တွေ့နေရတယ် ဟု ပြောသည်။

ထို့အပြင် လက်ရှိ ဒေသတွင်း ဖြစ်ပွားနေသော စစ်ရေး ပဋိပက္ခများကြောင့် လမ်းပန်းဆက်သွယ်ရေး ခက်ခဲလာ သည့် အတွက် ဆေးဝါးပစ္စည်းများ အပါအဝင် စားနပ်ရိက္ခာ အကူအညီများပါ အရေးပေါ် လိုအပ်နေသည်ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်းက ပြောသည်။  

ပုလောမြို့နယ်ထဲက စစ်ဘေးရှောင်များသည် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်းဖြင့် ဗုံး ကြဲ တိုက်ခိုက်မှု၊ ကျေးရွာထဲကို စစ်ကြောင်းထိုး ဝင်ရောက်မှုများကြောင့် ထွက်ပြေး တိမ်းရှောင်နေရသူများ ဖြစ် ပြီး နေထိုင်စားသောက်ရေးက အစ အဖက်ဖက်တွင် အခက်အခဲ အမျိုးမျိုးကို ကြုံတွေ့နေရသည်ဟု စစ်ဘေး ရှောင်များက ဆိုသည်။

ဓါတ်ပုံ – The Tanintharyi Times