မတူပီတိုက်ပွဲ အပြီး စစ်သုံ့ပန်း ၈၀ ခန့် ဖမ်းဆီးရမိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၄ ရက်။
ချင်းပြည်နယ်၊ မတူပီမြို့သိမ်း တိုက်ပွဲအပြီး နောက်ပိုင်းတွင် စစ်သုံ့ပန်း အယောက် ၈၀ နီးပါးကို ထပ်မံ ဖမ်းဆီးရ မိခဲ့သည်ဟု ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ CDF မတူပီ တာဝန်ရှိသူက ပြောသည်။
မတူပီမြို့သိမ်း တိုက်ပွဲအတွင်း ထွက်ပြေးသွားသည့် စစ်ကောင်စီ တပ်သားများကို စစ်သုံ့ပန်း အဖြစ် ချင်းလဲန်း ကောင်စီ ပူးပေါင်းတပ်များက ဖမ်းဆီးထားသည်ဟု ချင်းပြည် ကာကွယ်ရေးတပ်ဖွဲ့ (CDF) မတူပီ တပ်မဟာ – ၂ တာဝန်ရှိသူက ပြောသည်။
ချင်းပြည် ကာကွယ်ရေးတပ်ဖွဲ့ (CDF) မတူပီ တပ်မဟာ – ၂ ပြောခွင့်ရသူ ကိုနိုင်ဂျွန်ကိမ်းက “ကျနော်တို့ စခန်း သိမ်း တိုက်ပွဲပြီးတာနဲ့ ၃ ရက်မြောက်ကနေပြီးတော့ စဖမ်းတာက ဒါက တဘရိတ်ထဲနဲ့ အကုန်လုံးကို ဖမ်းတာ တော့ မဟုတ်ဘူး။ အဲ့ကနေ စဖမ်းပြီးမှ ယခုအချိန်အထိပေါ့ ဆိုတော့ ဒါနေ့တိုင်းလိုလို တစ်ဦး နှစ်ဦး အဲ့လို ဖမ်း တာတွေ ရှိတယ်။ ကျနော်တို့ဘက်ကတော့ ဒီအခု ၆၀ နဲ့ ၈၀ ကြားမှာတော့ရှိပါတယ်” ဟု ပြောသည်။
မတူပီမြို့ကို ဇွန်လ ၂၉ ရက်နေ့တွင် အပြီးသိမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ မြို့သိမ်းပြီးနောက် ဇူလိုင် လ ၃၁ ရက် နေ့ အထိ အဆိုပါ စစ်ကောင်စီတပ်သား စစ်သုံ့ပန်းများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ယခု ဖမ်းဆီးရမိထားသူများထဲ မတူပီတိုက်ပွဲကာလအတွင်း ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများ အပြင် တပ်မိသားစုဝင်များလည်း ပါဝင်သည်ဟု ကိုနိုင်ဂျွန်ကိမ်းက ဆိုသည်။
သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများအပြင် ကလေးငယ်များလည်း ပါကြောင်း၊ ၎င်းတို့မှာ တစ်လနီးပါးခန့် တောတောင်များထဲတွင် ထွက်ပြေးနေရသူ ဖြစ်သည်ဟု ကိုနိုင်ဂျွန်ကိမ်းက ပြောသည်။
ဖမ်းမိထားသည့် စစ်သုံ့ပန်းများကို ကောင်းမွန်စွာ ထိန်းသိမ်းထားသည့်အပြင် ဖမ်းဆီးထားသူများထဲ သက်ကြီး ရွယ်အိုများနှင့် ကျန်းမာရေးမကောင်းသော သူများလည်းပါဝင်ပြီး ၎င်းတို့ကို ဆေးကုသမှုများ ပေးထားသည်ဟု ဆိုသည်။
အဆိုပါ စစ်သုံ့ပန်းများကို ချမှတ်ထားသည့် ဥပဒေများနှင့်အညီ လုပ်ဆောင်သွားရန် ရှိပြီး လက်ရှိတွင် ချင်းလဲန်း ကောင်စီ ပူးပေါင်းတပ်များကြား ဆွေးနွေးညှိနှိုင်းနေဆဲ ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။
ကိုနိုင်ဂျွန်ကိမ်းက “ကျနော်တို့က အဓိကတော့ လောလောဆယ်တော့ ကျနော်တို့ လက်ထဲမှာပဲ ဒါရှိဦးမှာပေါ့ ကျနော်တို့ ထိန်းသိမ်း ရုံလောက်ပါပဲ ဆိုတော့ နောက်ဆုံး ဒီ ကျနော်တို့ ဒီ စစ်ဥပဒေအရရော ကျနော်တို့ နိုင်ငံတ ကာ ဒီ ဂျနီဗာကွန်ဗန်းရှင်းအရတွေရော ကျနော်တို့ လုံးဝသုံးသပ်ပြီးမှ လုပ်ရမှာပေါ့ ကျနော်တို့ အပ်သင့်ရင် တော့ NUG အစိုးရကိုတော့ အပ်သင့်ရင် အပ်ရမှာဆိုတော့ အပ်သင့်တဲ့ ဒီ တာဝန်ယူမှု တာဝန်ခံမှု ရှိနိုင်တဲ့ အစိုးရအဖွဲ့အစည်း ခိုင်လုံတဲ့ အစိုးရအဖွဲ့အစည်းတွေကို ကျနော်တို့ အပ်မှာပါ” ဟု ဆက်ပြောသည်။
ချင်းညီနောင်တပ်ဖွဲ့က မတူပီမြို့သိမ်းတိုက်ပွဲအတွင်း အစပိုင်း၌ စစ်ကောင်စီတပ်သားများနှင့် တပ်မိသားစုဝင် အယောက် ၁၂၀ ကျော်ခန့်ကို ဖမ်းဆီး ထားပြီး ယခုထပ်မံဖမ်းဆီးရမိသည့် အယောက် ၈၀ နီးပါးနှင့်ဆိုပါက စုစုပေါင်း အယောက် ၂၀၀ နီးပါးကို ဖမ်းဆီးရမိထားပြီး ဖြစ်သည်။
ချင်းညီနောင်ပူးပေါင်းအဖွဲ့နှင့် အာရက္ခတပ်တော် (AA) တို့ ပါဝင်သည့် မဟာမိတ်ပူးပေါင်းတပ်က မတူပီမြို့ ကို ဇွန်လ ၉ ရက်နေ့ မှ ဇွန် ၂၉ ရက်နေ့အထိ စစ်ဆင်ရေး လုပ်ပြီးနောက် မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ် သည်။
စစ်ကောင်စီတပ်၏ ခမရ (၃၀၄) တပ်ရင်းကို ဇွန်လ ၁၇ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ပြီး ချင်းပြည်နယ်တောင်ပိုင်းက အကြီးဆုံးဖြစ်သည့် မတူပီ အခြေစိုက် စစ်ဗျူဟာနှင့် ခလရ (၁၄၀) တပ်ရင်းတို့ကိုမူ ဇွန်လ ၂၉ ရက်နေ့တွင် သိမ်း ယူနိုင်ခဲ့သည်။