ဆားလင်းကြီးတိုက်ပွဲတွင် PDF များက လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၄ ရက်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့များနှင့် ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်း အချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ကာကွယ် ရေးတပ်ဖွဲ့များက ပြောသည်။
ဆားလင်းကြီးမြို့နှင့် မုံရွာမြို့အစပ် ညောင်ပင်ကြီးရွာရဲစခန်း၏ ကာကင်းစခန်းဂိတ်ကို ဇူလိုင်လ ၃၁ ရက်နေ့ က ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု တိုက်ပွဲအတွင်း ပါဝင်ခဲ့သည့် ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက “ရဲကင်းဂိတ်ပေါ့ အဲ့ဒါကို အလစ်အငိုက် ဝင်တိုက်တာ အဓိကတော့ ဆားလင်း ကြီးကနေ မုံရွာကို သွားမယ် ဆိုရင် ဖြတ်သန်းရတဲ့ ဂိတ်ပေါ့” ဟု ပြောသည်။
တိုက်ပွဲဖြစ်ပြီး ဇူလိုင် ၃၁ ရက်နေ့၊ ည ၈ နာရီခန့်တွင် မုံရွာမြို့နယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ် ကြောင်းတစ်ကြောင်း တက်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကာ စစ်ကူရောက် လာခဲ့သေးသည်ဟု ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။
ထို့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၆ ဦး သေဆုံးခဲ့သည်ဟု ကာကွယ်ရေးတပ်ဘက်က ပြောဆိုထား သော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
အဆိုပါ ရဲကင်းဂိတ်သည် မုံရွာမြို့ အနောက်ဘက်ကမ်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှ နာရီဝက်ခန့်သာ သွားရသည့် အကွာအဝေးရှိပြီး အချက်အချာကျသည့်နေရာဟု ဒေသခံများနှင့် ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ပြောသည်။
ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦးက “မုံရွာမြို့နဲ့ ရှေ့နောက် မျက်နှာချင်းဆိုင်ပဲဗျ။ ဆားလင်းကြီးက သူတွေက မုံရွာကို ကူးရင် အဲ့ဂိတ်ကို ဖြတ်ပြီး ကူးတို့ဆိပ်နဲ့ ကူးရတာ။ ဆားလင်းကြီးအတွက်ဆိုရင် အချက်အချာ ကျ တယ်လို့ ပြောလို့ ရတယ်ဗျ” ဟု ပြောသည်။
အဆိုပါ နေရာမှာ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ ရဲစခန်း၏ ကာကင်းဂိတ်စခန်းတစ်ခု ဖြစ်ပြီး ဆားလင်းကြီး-ပခုက္ကူ လမ်းပိုင်းပေါ်တွင် တည်ရှိသည့် ဂိတ်စခန်းတစ်ခု ဖြစ်သည်။
တိုက်ပွဲအတွင်း G 3 သေနတ် ၃ လက်၊ အူဇီ ၁ လက်၊ ကျည်ဘောက် ၇ ခုနှင့် အခြားသော လက်နက်ခဲယမ်း အချို့ကို သိမ်းဆည်းရမိခဲ့သည်ဟု ကာကွယ်ရေးတပ်ဘက်က ဓါတ်ပုံများနှင့်တကွ ထုတ်ပြန်ထားသည်။
ထိုတိုက်ပွဲကို Union Liberation Front၊ ဆားလင်းကြီးပကဖ (လက်ရုံးတပ်)၊ YPF(Salingyi)၊ Salingyi GZ People’s Defence Force တပ်ဖွဲ့များနှင့် ဒေသ ကာကွယ်ရေး တပ်ဖွဲ့ဝင်များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာ ရဲစခန်းသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လက ကာကွယ်ရေး တပ် ပေါင်းစုများ သိမ်းပိုက်နိုင်ခဲ့သည့် စခန်းဖြစ်သည်။
သို့သော် သိမ်းပိုက်ပြီး ရက်ပိုင်းအကြာတွင် စစ်ကောင်စီတပ်က လေကြောင်းအပြင် မြေပြင်စစ်ကြောင်းများဖြင့် တိုက်ခိုက်ခဲ့သဖြင့် ကာကွယ်ရေး ပူးပေါင်းအဖွဲ့တို့ တပ်ပြန်ဆုတ်ခဲ့ရသည်။