ရုပ်၊ စိတ် နှင့် လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုများ ကြုံနေသည့် အမျိုးသမီးနိုင်ငံရေး လှုပ်ရှားသူများ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၄ ရက်။
စစ်ကောင်စီတပ် ရန်ကနေ ထွက်ပြေးတိမ်းရှောင် နေကြရတဲ့ ကာလအတွင်း အမျိုးသမီး နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ ခြိမ်းခြောက်မှုတွေကို ကြုံတွေ့ခဲ့ကြရ တယ်လို့ မြန်မာ့အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်များ ကွန်ရက် MWPN က ပြောပါတယ်။
ဒီလို တက်ကြွ လှုပ်ရှားသူတွေအပြင် ပဋိပက္ခ နယ်မြေတွေမှာလည်း စစ်ရှောင် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ဖြစ်စဉ်တွေ ပိုများလာနေပါတယ်။ ဒီ နွေဦးတော်လှန်ရေးမှာ ပေါ်ပေါက်လာခဲ့ တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ရဲ့ အိန္ဒိယ-မြန်မာ ကိုယ်စားလှယ်ဖြစ်သူကလည်း လက်အောက် ဝန်ထမ်း အမျိုးသမီးအပေါ် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု ဖြစ်ခဲ့တဲ့အပေါ်လည်း အရေးယူပေးဖို့ တောင်း ဆိုထားတာ ရှိပါတယ်။
စစ်ကောင်စီတပ်ရန်ကနေ တိမ်းရှောင်ထွက်ပြေးနေကြရတဲ့ ကာလအတွင်း အမျိုးသမီး နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေဟာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုတွေကိုကြုံတွေ့ခဲ့ကြရတယ်လို့ မြန်မာ့အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ ကွန်ရက် MWPN က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း မြန်မာ အမျိုးသမီး နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေရဲ့ အာဏာရှင် တော် လှန်ရေး မှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုအခက်အခဲတွေနဲ့ လက်ရှိ ပါဝင်နေကြတဲ့ အခန်းကဏ္ဍတွေနဲ့ ပတ်သက် ပြီး မြန်မာ့အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်များကွန်ရက် (MWPN) က ပြုစုထားတဲ့ သုတေသနစာတမ်း မှာ ဖော်ပြထား ပါတယ်။
အာဏာရှင်တော်လှန်ရေးကာလအတွင်း မြန်မာအမျိုးသမီးနိုင်ငံရေးသမားတွေရဲ့ အတွေ့အကြုံ သုတေသနစာမ်း ပြုစုရာမှာ ဦးဆောင်ပါဝင်တဲ့ သုတေသီက အခုလိုပြောပါတယ်။
ဦးဆောင်သုတေသီ Ellen “အဓိကအားဖြင့် ကျမတို့က သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာပေါ့နော် ခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ Security နဲ့ ပတ်သက်တဲ့ဟာ သူတို့ အထူးစိုးရိမ်တယ်။ ဒါနဲ့ပတ်သက်ပြီးတော့ သူတို့ခြိမ်း ခြောက် ခံခဲ့ရတာတွေရှိတယ်ပေါ့နော်။ နောက်တစ်ခုက သူတို့ရဲ့ sexual ပိုင်းပေါ့နော်။ ဒီလိင်ပိုင်းဆိုင်ရာနဲ့ပတ် သက်ပြီးတော့ သူတို့ ရဲ့ လုံခြုံရေးပေါ့ နော်။ အဲ့ဒါမျိုး တွေ တော်တော်စိုးရိမ်ခဲ့ တာရှိတယ်“ က ပြောပါတယ်။
အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို စစ်ကောင်စီတပ်က အတိုက်အခံတွေကို ဖိနှိပ်ရာမှာ အရင်ကတည်းကအသုံးပြုခဲ့တဲ့အပြင် အခုလည်း အဲဒီနည်းလမ်းကိုပဲ ဆက်ပြီးတော့အသုံးပြုနေတယ်လို့ ဦးဆောင်သုတေသီ Ellen က ဆက်ပြောပါတယ်။
“စကစရဲ့ ဖိနှိပ်မှုက အရင်တုန်းကလည်း တိုင်းရင်းသားဒေသတွေမှာပေါ့ သူတို့ရဲ့ ဖိနှိပ်မှု နှိမ်နင်းမှုတွေမှာဆို ရင် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ သူတို့ Target (ပစ်မှတ်)ထားတာမျိုးတွေ ရှိတယ်ပေါ့နော်။ အမျိုးသမီးတစ်ဦးရဲ့ နိုင်ငံရေးတက်ကြွနေတဲ့ စိတ်ဓာတ်ရိုက်ချိုးဖို့အခါမှာ လိင်ပိုင်းဆိုင်ရာ ပြုမူပြီးတော့ အကြမ်းဖက်လာတာမျိုးလည်း အများကြီး ရှိလာတယ်ပေါ့နော်။”
ဒါ့အပြင် အမျိုးသားညီညွတ်ရေး အစိုးရ NUG ရဲ့ အိန္ဒိယ-မြန်မာ ကိုယ်စားလှယ်ဖြစ်သူ ဆလိုင်းအိုက်ဇက်ခင် က လက်အောက်ဝန်ထမ်း အမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုနဲ့ ပတ်သက်ပြီးတော့လည်း အမြန်ဆုံး အရေးယူပေးဖို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက NUG ကို တောင်းထားကြပါတယ်။
နာင်းမို့မို့ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) WLB အတွင်းရေးမှူး “စစ်တပ်ကို တော်လှန်နေရင်းနဲ့ တော်လှန် နေတဲ့ ဒီအဖွဲ့အစည်းတွေ ကိုယ်တိုင်က အဲလိုလုပ်နေတယ် ဆိုရင်တော့ ကျမတို့ တကယ်မျှော်မှန်းတဲ့ လူ့ဘောင် သစ် တစ်ရပ်ပေါ့နော်၊ တကယ့်ကို ငြိမ်းချမ်းပြီးတော့ တရားမျှတတဲ့ လူ့ ဘောင်တစ်ခုကို မဖော်ဆောင်နိုင်မှာ ကိုတော့ ကျမတို့ စိုးရိမ်တယ်။ ပြီးရင် ဒီလိုပဲသွားနေမယ်ဆိုရင် သေချာတယ်ပေါ့နော်၊ ပြစ်ဒဏ်ပေးခြင်းကနေ ကင်းလွတ်ခွင့်ပေးမယ်ဆိုရင်တော့ အမျိုးသမီးတွေရဲ့ဘဝတွေ က မလုံခြုံနေဘူးဆိုရင် ငြိမ်းချမ်းပြီး တရားမျှ တတဲ့ လူ့ဘောင်အဖွဲ့အစည်းတွေလည်း ပေါ်လာမှာ မဟုတ်ဘူးပေါ့” လို့ ပြောပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယ ကိုယ်စားလှယ်ရုံးရဲ့ ကိုယ်စားလှယ် က လက်အောက် ဝန်ထမ်းအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခဲ့တယ်လို့ အမျိုးသမီးအရေး တက် ကြွ လှုပ်ရှားသူတွေက ကျယ်ကျယ်ပြန့်ပြန့် ထောက်ပြပြောဆိုခဲ့ကြပါတယ်။
အဲ့ဒီနောက်မှာတော့ ဌာနတွင်း စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်မှုတွေ လုပ်နေတယ်လို့ အမျိုးသား ညီညွတ် ရေးအစိုးရ NUG၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၂၅ ရက်နေ့မှာ ပြန်လည်အသိပေးထုတ် ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက ကြိုဆိုလိုက်ပြီး NUG အနေနဲ့ အပြောနဲ့မဟုတ်ဘဲ လက်တွေ့ အရေးယူဆောင်ရွက်ဖို့ လိုအပ်တယ်လို့ အမျိုးသမီးအရေး တက်ကြွ လှုပ်ရှားသူ မမီးငယ်က ပြောပါတယ်။
မမီးငယ် အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ “လူပြလို့ကောင်းအောင်ပဲ ဘယ်မူရှိတယ်၊ ဘာမူရှိ တယ်၊ ဒီဟာက သိပ်ပြီးတော့ အကျိုးမရှိဘူးပေါ့နော်။ အဲ့ဒါထက် ရှိတဲ့မူတွေကို ကျမတို့ တကယ် လိုက်နာ ကျင့် သုံးဖို့လိုတယ်။ မဟုတ်ဘူးဆိုရင် ဒီဟာတွေက ကျမတို့ အချင်းချင်းကြားမှာ ယုံကြည်မှုတွေ လျှော့နည်းစေ တယ်။ အချင်းချင်းကြားမှာ အဆင်မပြေမှုတွေ ပိုမိုပြီးမှ ကျမတို့ကြားမှာ အအက်အကွဲကြောင်းတွေ ပိုမိုပြီး များစေတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် နစ်နာသူအတွက် အမှန်တရားရရှိဖို့ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေ အနေနဲ့ ပွင့်ပွင့်လင်းလင်း မှန်မှန် ကန်ကန် ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ မမီးငယ်က ဆက်ပြောပါတယ်။
“မီဒီယာသော်လည်းကောင်း၊ ဝန်ကြီးဌာနတွေ သော်လည်းကောင်း မှန်မှန်ကန်ကန် ရပ်ဖို့လိုတယ်။ ဒါမှ မဟုတ် ရင် ကျမတို့ရဲ့ တော်လှန်ရေးအတွက်ကို အင်မတန် နစ်နာစေတဲ့အရာ ဖြစ်သွားနိုင်တယ်။ အဲဒါကြောင့် အခု အမှု သော်လည်းကောင်း တခြားအမှုတွေကိုလည်း တကယ် ပွင့် လင်းမြင်သာစွာနဲ့ မှန်မှန်ကန်ကန် အမှန် တရား ဘက်ကို ရပ်ရဲဖို့လိုတယ်။” လို့ ပြောပါတယ်။
ဆလိုင်းအိုက်ဇက်ခင်ရဲ့ လိင်အမြတ်ထုတ်တဲ့အမှု အဖြစ်မှန်ပေါ်ပေါက်ရေးနဲ့ တရားမျှတမှုရရှိတဲ့အထိ ဆက်လက် တွန်းအားပေး လုပ်ဆောင်သွားမယ်လို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ကျူးလွန်ခံရသူ အမျိုးသမီးဟာ NUG ရဲ့ အိန္ဒိယနိုင်ငံ မြန်မာကိုယ်စားလှယ်ရုံးမှာ အတွင်းရေးမှူးအဖြစ် ၂၀၂၃ ဧပြီလက စတင်ခန့်အပ်ခံရပြီးနောက် ၁၀ လ တာဝန် ထမ်းဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
တာဝန်ထမ်းဆောင်နေချိန် ကာလအတွင်း အထက်လူကြီးဖြစ်သူ ဆလိုင်းအိုင်းဇက်ခင် က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် အမြတ်ထုတ်မှု လုပ်ခဲ့တဲ့အတွက် အရေးယူ ဆောင်ရွက်ပေးဖို့ NUG နိုင်ငံခြားရေး ဝန်ကြီးဌာနကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ ဆလိုင်းအိုက်ဇက်ခင်နဲ့ Mizzima သတင်းဌာနတို့ ဇွန်လ ၂၅ ရက်နေ့က အင်တာဗျူးမှာ ဆလိုင်းအိုက်ဇင်က သူရဲ့လက်အောက် ဝန်ထမ်းတွေကို မိသားစုလိုမျိုး ဆက်ဆံခဲ့တာဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် အမြတ်ထုတ်မှု လုပ်ဆောင်တာမရှိခဲ့ဘူးလို့ ဖြေကြားထားပါတယ်။
ဒီလိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေက အချိန်မရွေး၊ နေရာဒေသမရွေးမှာ ဖြစ်နေပါတယ်။ ကရင်နီပြည် အတွင်းက ပဋိပက္ခနယ်မြေတွေမှာလည်း လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု ဖြစ်စဉ်တွေ ပိုပြီးများလာနေတယ် လို့ ကရင်နီ အမျိုးသမီး အဖွဲ့အစည်း တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာ ပိုများလာတာဖြစ်ပြီး လက်ရှိမှာ တိုင်ကြားရမယ့် ယန္တရားလည်း မရှိတဲ့ အနေအထားမျိုး ဖြစ်နေတယ်လို့ ကရင်နီ အမျိုးသမီး အစည်းအရုံး (KNWO) နဲ့ ကယန်းအမျိုးသမီး အစည်းအရုံး (KYWO) ခေါင်းဆောင်တွေက ပြောပါတယ်။
ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO) ဒု-ဥက္ကဋ္ဌ မော်ဗျားမာဦး က “အထူးသဖြင့် စစ်အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာဆိုလို့ရှိရင် ဒီအမျိုးသမီးနဲ့မိန်းကလေးငယ်တွေက ဒီအကြမ်းဖက်မှုတွေ ပိုပြီးတော့မှ ခံစားလာရတယ်ပေါ့နော်။ အဲ့မှာဆိုလို့ရှိရင် ဒီလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကလည်း ခံစားလာရတာများတယ်။ ဆိုတော့ တစ်ဖက်မှာက တရားဥပဒေစိုးမိုးမှုနဲ့ပတ်သက်တဲ့အပိုင်းတွေ ပြီးတော့မှ ခံရတဲ့ဟာမျိုးဆို တိုင်ကြားရတဲ့အနေအထားက မရှိတဲ့ဟာမျိုးတွေ ဖြစ်တဲ့ခါမှာဆိုရင် ပိုပြီးတော့မှ သူတို့ခံရတယ်ပေါ့နော်” လို့ ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီပြည်ထဲမှာ ၃ နှစ်ကျော်ကာလအတွင်း ကယန်းအမျိုးသမီးအစည်းအရုံးရဲ့ စာရင်းအရ သက်ငယ်မုဒိမ်းမှု ၁၀ ခု၊ မုဒိမ်းပြုကျင့်ရန်ကြံစည်မှု ၁ ခု၊ မုဒိမ်းမှု ၂ ခု၊ လိမ်လည်ကာမရယူမှု ၃ ခု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု ၄ ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အိမ်တွင်းအကြမ်းဖက်မှု အမျိုးမျိုးလည်း တွေ့ရပြီး လာရောက်တိုင်းကြားတာ၊ စာရင်းကောက်ယူနိုင် တာ မရှိတဲ့ အကြမ်းဖက်မှု အမြောက်အများလည်း ရှိနေသေးတယ်လို့ အမျိုးသမီးအဖွဲ့အစည်းတွေက ဆိုကြ ပါတယ်။
လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုနဲ့ပတ်သက်ပြီး အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ နေရာဒေသ အနှံ့ အပြားမှာ ကြုံတွေ့နေကြရတယ်လို့ အမျိုးသမီး အဖွဲ့အစည်းတွေက ပြောပါတယ်။
ကရင်နီပြည်ထဲမှာဆိုရင် စစ်ပဋိပက္ခဖြစ်ပွားတဲ့နေရာတွေမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ လိင်ပိုင်း ဆိုင်ရာ အမြတ်ထုတ်မှုကို စစ်ဘေးရှောင်စခန်းတွေ၊ လူနေထူထပ်တဲ့နေရာ တွေ၊ လက်နက် ကိုင် အဖွဲ့အစည်းတွေ၊ ဆက်သွယ်ရခက်ခဲတဲ့နေရာတွေ၊တိုင်ကြားဖို့ လက်လှမ်းမမီတဲ့ ကျေးလက်ဒေသတွေ၊ တိုင်ကြားဖို့အဖွဲ့အစည်းတွေမရှိတဲ့ နေရာတွေမှာ တွေ့ရတယ်လို့ ဆိုပါတယ်။
ကယန်းအမျိုးသမီး အစည်းအရုံး( KYWO) တာဝန်ရှိသူတစ်ဦးက “လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနဲ့ ပတ်သက် ပြီးတော့ပေါ့နော် အာဏာရှိတဲ့သူတွေ ဥပမာဆို စစ်ရှောင်ကော်မတီ ဘယ်လိုပြောရမလဲအဲ့မှာတာဝန်ရှိသူတွေပေါ့နော်၊ အဲ့လိုလူက ကျူးလွန်တာတွေရှိတယ်။ အရပ်သားအချင်းချင်း ကျူးလွန်တာ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေကနေ ကျူးလွန်တာတွေလည်းရှိတယ်” လို့ ပြောပါတယ်။
ဖြစ်လာတဲ့ ကိစ္စရပ်တွေအပေါ် မူတည်ပြီး တိုင်ကြားလာတာတွေ ရှိရင် လိုက်လံစီမံဖြေရှင်းပေးတာ၊ ကွင်းဆင်း စစ်ဆေးတာ၊ ဆွေးနွေးပွဲတွေလုပ်ပြီး အမြင်ဖွင့်သင်တန်းတွေပေးတာတွေကိုလည်း လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်
မော်ဗျားမာဦး က “အခုလက်ရှိကတော့ ကျမတို့ တရားရေးဆိုပြီး ကရင်နီပြည်မှာရှိတဲ့ KSP ရဲ့ဌာနနဲ့ ချိတ်ဆက် တာမျိုးတွေ ရှိတယ်။ နောက်တစ်ခုကIEC ရဲ့ တရားရေးအဖွဲ့တွေ ချိတ်ဆက်ထားတာလည်း ရှိတယ်။ အဲ့လို မျိုး ချိတ်ဆက် လုပ်ဆောင်တာတွေရှိတယ်ပေါ့နော်” လို့ ပြောပါတယ်။
လာရောက် တိုင်ကြားသူတွေကို အမျိုးသမီး အစည်းအဖွဲ့တွေက တရားရေးနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုကိစ္စ တွေ ကူညီပေးတာ၊ နှစ်ဦးနှစ်ဖက်ကြား သဘောတူညှိနှိုင်းပေးတာ၊ ကူညီဆောင်ရွက်ပေးတာ၊ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့နဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ ဆောင်ရွက်ပေးတာတွေကို လုပ်ဆောင်ပေးတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လိုအပ်ချက်အပေါ်မူတည်ပြီး အခြေခံအသုံးအဆောင် ပစ္စည်းတွေကို ထောက်ပံ့ပေးတာ၊ ကျန်းမားရေးဝန်ဆောင်မှုနဲ့ လုံခြုံရေးအတွက် save house တွေထားရှိပေးတာ စတာတွေကို ကူညီလုပ်ဆောင်ပေးတယ် လို့ ကရင်နီအမျိုးသမီး အဖွဲ့အစည်းတွေက ပြောပါတယ်။
ဒီလို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေနဲ့ ပတ်သက်ပြီး လက်ရှိမှာ တိုင်ကြားရမယ့် ယန္တရားလည်း မရှိလို့ မဖြေ ရှင်းနိုင်သေးတဲ့ အခြေအနေတွေ အောက်ကနေ ကရင်နီပြည်မှာဆိုရင် လိင်အကြမ်းဖက်သူတွေကို အပြစ်ပေး အရေးယူမှုတွေ စတင်နေပါပြီ။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခံရသူတွေ နစ်နာမှုမရှိအောင် ကျူးလွန်သူတွေကို အပြစ်ပေးအရေး ယူနေတယ် လို့ ကရင်နီ ပြည်ရဲတပ်ဖွဲ့ KSP က ပြောပါတယ်။
စစ်အာဏာ သိမ်းပြီးနောက် ကရင်နီပြည်အတွင်းက စစ်ရေးပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဒေသတွင်းရှိ အမျိုးသမီး တွေအပေါ် ကျူးလွန်နေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ကရင်နီပြည်ထဲက အမျိုးသမီး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်ဆောင်နေတယ်လို့ ကရင်နီပြည်ရဲတပ်ဖွဲ့ တာဝန်ရှိသူ က ပြောပါ တယ်။
ကရင်နီပြည်ရဲတပ်ဖွဲ့ KSP ဒု – ရဲချုပ် (၂) ကိုဘိုဘို ကလည်း “အဓိကကတော့ ကျူးလွန်ခံရတဲ့အမျိုးသမီးကို မနစ်နာစေဖို့ပေါ့နော်။ အမျိုးသမီးအဖွဲ့အစည်း နဲ့ ပူးပေါင်း ပြီးတော့မှ ကျနော်တို့ မျှတတဲ့ ပြစ်ဒဏ်ရအောင် ပေါ့နော် တရားစွဲတင်ပို့တာတွေ ဘာတွေရှိတယ်။ ပြီးတော့မှ ကျနော်တို့ ဒီအမျိုးသမီး အခွင့်အရေးနဲ့ ပတ် သက်ပြီးတော့မှလည်း အမျိုးသမီး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး တော့မှ ကျနော်တို့ ဒီရပ်ရွာထဲမှာ အသိပညာ ပေးလုပ်တာမျိုးတွေလည်း ရှိပါတယ်ဗျ” လို့ ပြောပါတယ်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရသူတွေဟာ အမျိုးသမီးအဖွဲ့အစည်းတွေက တစ်ဆင့် တိုင်တန်းလာတာ ဖြစ်ပြီး အမှုကိစ္စတွေကို ကူညီဖြေရှင်းပေးရာမှာ KSP နဲ့ ပူးပေါင်း လုပ်ဆောင်တယ်လို့ မော်ဗျားမာဦးက ပြောပါတယ်။
“အခုလက်ရှိကတော့ ကျမတို့ တရားရေးဆိုပြီး ကရင်နီပြည်မှာရှိတဲ့ KSP ရဲ့ဌာနနဲ့ ချိတ်ဆက်တာမျိုးတွေရှိ တယ်။ နောက်တစ်ခုက IEC ရဲ့ တရားရေး အဖွဲ့တွေ ချိတ်ဆက်ထားလည်းရှိတယ်။ အဲ့လိုမျိုး ချိတ်ဆက်လုပ် ဆောင် တာတွေရှိတယ်ပေါ့နော်။”
ကရင်နီပြည် ရဲတပ်ဖွဲ့ KSP ကို တိုင်ကြားလာတဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကို KSP အနေနဲ့ အမျိုးသမီး အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီး ပြစ်မှုကျူးလွန်သူ တရားခံ ကို IEC တရားရုံးမှာ အမှုဖွင့်ပြီး တရားစွဲတာတွေ လုပ်နေတယ်လို့ KSP က ဆိုပါတယ်။အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်တဲ့ အရပ်သားပြည်သူတွေကို အပြစ် ပေး အရေးယူသလို တော်လှန်ရေး အဖွဲ့အစည်းတွေက တပ်ဖွဲ့ဝင်တွေရဲ့ ကျူးလွန်မှုတွေကိုလည်း အပြစ်ပေး အရေးယူတယ်လို့ ဒု-ရဲချုပ် (၂) ကိုဘိုဘို က ပြောပါတယ်။
“တော်လှန်ရေးတပ်ဖွဲ့တွေထဲက ကျူးလွန်တဲ့ဟာမျိုးဆိုရင်တော့ ကျနော်တို့က သူတို့ လက်နက်ကိုင်အဖွဲ့ တွေပေါ့နော် အဲ့မျိုးနဲ့ ကျူးလွန်တယ်ဆိုရင်တော့ သူတို့အဖွဲ့ရဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေနဲ့ ပြန်အရေးယူဖို့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့မှ သူတို့ဆီ ပြန်အပ်တာရှိသလို တချို့ကိစ္စတွေမှာ ကျနော်တို့ကိုယ်တိုင် အရေးယူတာတွေလည်းရှိတယ် အဲ့လိုပေါ့နော်။ ဒီလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပတ်သက်လာရင်တော့။”
အကြမ်းဖက်မှု ကျူးလွန်သူတွေကို အရေးယူရာမှာ ကျောသားရင်သား မခွဲခြားဘဲ တရားမျှတ ရေးကိုသာ အဓိက ထားပြီး ကူညီဆောင်ရွက် ပေးနေတယ်လို့ KSP က ပြောပါတယ်။
အာဏာသိမ်းကာလထဲ အမျိုးသမီး နိုင်ငံရေးသမားတွေရော စစ်ရှောင် အမျိုးသမီးတွေပါ စိတ်မတည်ငြိမ်မှု တွေ၊ စိတ်ဖိစီးမှုတွေနဲ့ တခြားစိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေသာမက မိသားစုဖိအားတွေ၊ ငွေကြေးအရ တစ်ပါးသူ ကို မှီခိုရတာတွေနဲ့ ကျန်းမာရေး ထိခိုက်ချို့တဲ့မှု ဒဏ်တွေကိုလည်း ကြုံတွေ့ခံစားခဲ့ရတယ်လို့ ပြောပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာအမျိုးသမီး နိုင်ငံရေးသမားတွေ ဟာ အမျိုးသားတွေထက် အခက်အခဲ ဒုက္ခတွေကို ပိုပြီးရင်ဆိုင်ရတဲ့အတွက် သူတို့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲ ဒုက္ခတွေ ကို အထူးအလေး ထား ကူညီဖြေရှင်းပေးဖို့ လိုတယ်လို့ မြန်မာ့အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်များ ကွန်ရက် MWPN က ဆို ပါတယ်။
အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်တဲ့ ဖြစ်စဉ်တွေကို အပြစ်ပေး အရေးယူမှု မလုပ်ဆောင်ဘဲ ကင်းလွတ်ခွင့်ပေးနေမယ် ဆိုရင် ကောင်းမွန်တဲ့ လူ့အသိုင်းအဝိုင်း တစ်ရပ်ကို တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။