ဖလမ်းပြည်သူများ တိုက်ပွဲ ဖြစ်မည့် သတင်းကြောင့် စစ်ဘေးတိမ်းရှောင်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂ ရက်။ 

ချင်းပြည်နယ်၊ ဖလမ်းမြို့က ပြည်သူများသည် တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး စစ်ဘေးတိမ်းရှောင် နေကြသည်။ 

ချင်းညီနောင် နှင့် မဟာမိတ်တပ်များက ဖလမ်းမြို့သိမ်း တိုက်ပွဲ ဖော်ဆောင်သွားမည်ဆိုသည့် ပြောဆိုသံများ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပြီးနောက် ပြည်သူများသည် မြို့ကို စွန့်ကာ ထွက်ပြေး တိမ်း ရှောင်သွားကြခြင်း ဖြစ်သည်ဟု ချင်းအမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ CNDF ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းတင်မီ က ပြောသည်။

ဆလိုင်းတင်မီ က ကျနော်တို့ ဒီဖလမ်းမြို့ ရဲ့ ပြည်သူတွေ စစ်ရှောင်တာက အခုဆိုရင်တော့ တစ်လနီးပါး လောက် ရှိတော့မယ်ပေါ့နော်။ အဓိကတော့ ကျနော်တို့ ဖလမ်း အနီးအနားမှာရှိတဲ့ ကျေးရွာတွေမှာ တချို့ တချို့ ဖလမ်းပြည်သူတွေတော့ ဒီကျေးရွာကနေ တစ်ဆင့် မြို့ထဲကို အဲ့လိုမျိုး နေထိုင်တဲ့သူတွေ၊ ကိုယ့်ရဲ့ ကျေးရွာကို ပြန်တဲ့သူတွေ၊ တချို့ကြတော့ ဟားခါးမြို့တို့ ဟားခါးဘက်မှာ ဆွေမျိုးသားချင်းတွေမှာ စစ်ရှောင်တဲ့ သူတွေ ရှိတယ်။ တချို့ကြတော့ ကလေးဘက်၊ တချို့ကြ ရန်ကုန်တို့ ဘာတို့မှာလည်း အဲ့လိုစစ်ရှောင်ကြတဲ့သူတွေ တချို့ ကြတော့ ဒီကျနော်တို့က နယ်စပ်နဲ့ နီးတာကိုး ဒီမီဇိုရမ်ဘက်မှာ စစ်ရှောင်တဲ့သူတွေလည်း ရှိပါတယ် ဟု ပြောသည်။

တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်သောကြောင့် ဇူလိုင်လ ၃၀ ရက်နေ့ (အင်္ဂါနေ့) က ဖလမ်းမြို့မှ ကလေးမြို့ သို့ စစ်ဘေးရှောင်တိမ်းရှောင်လာသည့် ကားတစ်စီးတိမ်းမှောက်ပြီး အသက် ၆၀ အရွယ် အမျိူးသမီးတစ်ဦး သေ ဆုံးခဲ့ရသည့်အပြင် ပြည်သူ ငါးဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။

လက်ရှိတွင် ဖလမ်းမြို့က ပြည်သူများသည် တစ်မြို့လုံး အတိုင်းအတာအနေဖြင့် လူဦးရေ သုံးပုံတွင် နှစ်ပုံနီးပါး ခန့်မှာ စစ်ဘေးရှောင်သွားကြသည်ဟု ဆိုသည်။ 

ဖလမ်းမြို့ကို ချင်းညီနောင်နှင့် မဟာမိတ်တပ်များက တိုက်ခိုက် သိမ်းပိုက်သွားမည်ဟု ပြည်သူ အချင်းချင်းကြား တွင် ကျယ်ကျယ်လောင်လောင် ပြောဆိုမှုများရှိနေသော် လည်း မြို့သိမ်းတိုက်ပွဲနှင့် ပတ်သက်၍ ချင်းညီနောင်နှင့် မဟာမိတ်တပ်များက တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဆလိုင်းတင်မီက အထူးသဖြင့်တော့ အွန်လိုင်းပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် အဲ့လို သတင်းတုတွေ သတင်း ခန့်မှန်းတာတွေ အဲ့ဒါတွေ နောက်ပြီးတော့ ကျနော်တို့ ပြင်ဆင်မှုတွေလည်း နည်းနည်းပါးပါး ရှိကြတော့ သူတို့ ဘက်က အဲ့လိုခန့်မှန်းပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် ကြောက်ကြရင်းနဲ့ အဲ့လို ဖြစ်တာ ပိုများပါတယ် ဟု ပြောသည်။ 

ထို့အတူ ဖလမ်းမြို့ တွင်လည်း စစ်ကောင်စီတပ်နှင့် ချင်းတော်လှန်ရေး ပူးပေါင်းတပ်တို့အကြား လက်ရှိအချိန် အထိ တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသေးဟု CNDF က ပြောသည်။

ဖလမ်းမြို့တွင်း၌ တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီတပ်ဘက်မှ ဇူလိုင်လ ၂၉ ရက်နေ့က  လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သောကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများထဲသို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် အရပ်သားထိခိုက်မှုနှင့် လူနေအိမ်အချို့ ပျက်စီးမှုများ ရှိခဲ့သည်။ 

ဓါတ်ပုံ – Khonumthung Burmese