ကွတ်ခိုင်မြို့ လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သား ၇ ဦးသေဆုံး
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၆ ရက်။
ရှမ်းပြည်မြောက်ပိုင်း၊ ကွက်ခိုင်မြို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အရပ်သား ၇ ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။
စစ်ကောင်စီတပ်၏ ကင်းထောက် လေယာဉ် ၂ ကြိမ်ပျံဝဲပြီးနောက် ကွတ်ခိုင်ဈေး လူစည်ကားနေသည့် အချိန်တွင် အရပ်သား ရှိရာသို့ ဩဂုတ်လ ၅ ရက်နေ့၊ ညနေ ၃ နာရီအချိန်ခန့်တွင် ရည်ရွက်ချက်ရှိရှိ ဦးတည်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ဈေးသည် တစ်ဦးက “တစ်ဈေးလုံး ပစ်ချသွားတာ။ အချက်ပေါင်း မနည်းဘူး လူက နားတွေလည်း အူနေပြီ။ ဈေး နားမှာတော့ ၃ ယောက်က မြေကြီးပေါ်မှာ ရုပ်ပျက်ဆင်းပျက် ပွဲချင်းပြီးပဲ။ ဒဏ်ရာရတာက ၁၀ ယောက် ကျော်” ဟု ပြောသည်။
ကွက်ခိုင် မြို့မဈေးတွင် ၂ လုံး၊ မြို့လယ်ခေါင် လမ်းဆုံတွင် တစ်လုံးနှင့် မြို့တွင်း လူနေအိမ်များ ရှိသည့်နေရာတွင် တစ်လုံး စုစုပေါင်း ၄ လုံးတိတိ ကြဲချတိုက်ခိုက်ခဲ့ရာ ဆိုင်ခန်းပေါင်း ၁၀ ခန်းကျော်နှင့် လူနေအိမ် အများစုမှာ လည်း မီးလောင်ပြာကျ ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
လားရှိုးမြို့ခံ အသက် ၄၀ အရွယ် အမျိုးသား တစ်ဦးက “လေယာဉ်က ဝုန်းဒိုင်းလည်း ကြဲတာမဟုတ်ဘူး။ တချို့ ရက်တွေဆို ကင်းထောက် လေယာဉ်တွေ ခဏခဏ လာဝဲတယ်လေ။ လူတွေကလည်း ရှေ့ရက်တွေက မကြဲဘူး ဆိုတော့ အေးဆေးဖြစ်နေတာပေါ့။ လူတွေ မေ့လောက်ပြီ သတိမထားမိဘူးဆိုမှ အသားကုန်ကြဲချတာ” ဟု ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၅ ရက်နေ့တွင်လည်း ကွက်ခိုင်မြို့၊ ရင်ခွဲတောင် အတက်ရှိ နွားခြံကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နွားခြံ တစ်ခုလုံး မီးလောင် ပြာကျပျက်စီးခဲ့ပြီး ကျွဲ၊ နွား အကောင်ရေ ၃၀ ထက်မနည်း ထိခိုက်သေဆုံးမှု ရှိခဲ့ သည်။
ကွတ်ခိုင်မြို့ကို ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်း၌ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က သိမ်းယူထားသော်လည်း အချို့နေရာများတွင်မူ ကချင်လွတ်လပ်ရေး တပ်မတော် (KIA)က အထိုင်ချထားပြီး ၂ ဖက်တပ်တို့ အကြားတွင်လည်း မကြာခဏ ပွတ်တိုက်မှု ဖြစ်ပွားလျက်ရှိသည်။