လားရှိုးစစ်ရှောင် ၄၀၀ ကျော် အကူအညီများ လိုအပ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၇ ရက်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ကျေးသီးမြို့နယ်၊ ဝမ်စိမ်းကျေးရွာကို ရောက်ရှိနေသော လားရှိုးမှ စစ်ဘေးရှောင် အယောက် ၄၀၀ ကျော်အတွက် အကူအညီများ အရေးပေါ်လိုအပ်သည်ဟု အကူအညီပေးနေသူများက ပြော သည်။
၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ဖြစ်ပွားနေသည့် ရှမ်းမြောက်၊ လားရှိုးမြို့နယ်ထဲက တိုက်ပွဲများကြောင့် အရပ်သားပြည်သူများ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အများစုမှာ ယနေ့အချိန်ထိ နေရပ်ကို မပြန်နိုင်သေးဟု အကူအညီပေးနေသူများနှင့် ဒေသခံများက ပြောသည်။
အကူအညီပေးနေသူ ဝမ်စိမ်းကျေးရွာမှ အမျိုးသမီးတစ်ဦးက “လားရှိုးမြို့ထဲကနေ လာကြတဲ့ စစ်ရှောင်တွေပေါ့ နော်။ လားရှိုးက ခရစ်ယာန်တွေရော ပါတယ်ပေါ့နော်။ နောက်ပြီးတော့ မိဘမဲ့ဂေဟာကရော ပါတယ်ပေါ့။ ဆို တော့ လူမျိုးကတော့ ပေါင်းစုံဖြစ်နေတယ် အခုက။ အယောက် ၄၀၀ ကျော်ရှိတယ်။ ကြိုတင်ပြီးတော့ ပြင်ဆင် ထားတာ မရှိဘူး။ ရောက်လာတဲ့ ခါကြတော့ ကမန်းကတမ်းနဲ့ နေရာ ချပေးထားရတာ ဖြစ်တဲ့အတွက် တချို့ နေစရာ အဆင် ပြေတဲ့ အိမ်တွေမှာလည်း ထားပေးသလို မိဘမဲ့ဂေဟာကြတော့ အရမ်းများတယ်ပေါ့နော်” ဟုပြောသည်။
ကျေးသီးမြို့နယ်၊ဝမ်စိမ်းကျေးရွာကိုရောက်ရှိနေသည့်လားရှိုးမြို့ကစစ်ရှောင်များထဲတွင်မိဘမဲ့ဂေဟာနှစ်ခုမှကလေးအယောက်၂၀၀နီးပါးခန့်ပါဝင်ပြီးအခြားသောသူများမှာလည်းသက်ကြီးရွယ်အိုများ၊အမျိုးသမီးများပါဝင်သည်ဟုအကူအညီပေးနေသူများကပြောသည်။
သက်ကြီးရွယ်အိုများထဲတွင်နာတာရှည်ရောဂါသည်များ၊ပုံမှန်ဆေးဝါးမှီဝဲနေရသူများလည်းပါဝင်သောကြောင့်ဆေးဝါးအကူအညီများလည်းလိုအပ်နေကြသည်။
လိုအပ်ချက်များနှင့်ပတ်သက်၍“သူတို့က အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ လာတာဖြစ်တဲ့ အတွက်ကြောင့် ကျမ တို့က နေပြီးတော့ပေါ့နော် တစ်အိမ် နည်းနည်းစီ စောင်တွေ အခင်တွေပေါ့နော်။ လူဦးရေက အရမ်းများတဲ့ အတွက် ဆန်တွေကအစပေါ့နော် လိုအပ်ချက်တွေ အများကြီးဖြစ်နေတယ်။ ဒီနေရာက မြို့ မဟုတ်ဘူးဆို တော့ လေး လှူမယ့် သူကမနိုင်ဘူးဖြစ်နေတာပေါ့နော်။ ဒါပေမဲ့ ကျမတို့က လက်မခံလို့ကလည်း မရဘူး။ နေရာက အနီးဆုံးလို ဖြစ်နေတာပေါ့နော်” ဟုပြောသည်။
ထို့အပြင်“အသက်အရမ်း ကြီးတဲ့သူတွေ အသက် ၇၀ ကျော်တွေပါတယ်။ ဒီထဲမှာ ကင်ဆာသမားက လွန်ခဲ့တဲ့ ၄ ရက်လောက်တုန်းက ဆုံးသွားတာပေါ့နော်။ ကျမတို့ ဒီကနေပြီးတော့ ဝိုင်းပြီးသင်္ဂြိုလ်ပေး ရတာပေါ့။ ဆေးကု သနေရတဲ့ အနေထားမျိုး ရှိတယ်ပေါ့” ဟုဆက်ပြောသည်။
ဝမ်စိမ်းကျေးရွာသို့ဇူလိုင်လနောက်ဆုံးပတ်ထဲကရောက်ရှိလာကြသည့်အဆိုပါစစ်ရှောင်များသည်ယခုဩဂုတ်လ၇ရက်နေ့အထိနေရပ်ကိုမပြန်နိုင်သေးဟုဆိုကြသည်။လားရှိုးမြို့ကိုကိုးကန့်တပ်ဖွဲ့MNDAA ကထိန်းချုပ်ထားပြီဖြစ်သော်လည်းစစ်ကောင်စီတပ်၏လေကြောင်းဗုံးကြဲမှုများရှိနေသေးကြောင့်မပြန်ကြသေးဘဲအခြေအနေကိုစောင့်ကြည့်နေကြဆဲဖြစ်သည်။
လားရှိုးအပါအဝင် ရှမ်းမြောက်ဒေသအတွင်းရှိ အခြားသော မြို့နယ်များတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လူထုဘက်က စိုးရိမ်နေသည့် အခြေအနေများနှင့် ပတ်သက်၍လည်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင် SHRF က ပြော ရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က ယခုကဲ့သို့ ပြောသည်။
“လက်ရှိတော့ လားရှိုးမြို့ရယ် ကျောက်မဲရယ် သီပေါမြို့ရယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ပြည်သူ တွေ ကတော့ ကြောက်တာပေါ့နော် အရမ်းကြောက်ကြတယ်ပေါ့နော်။ အထူးသဖြင့်တော့ ဖုန်းလိုင်း၊ အင်တာနက် လိုင်း ဖြတ်ထားတယ်။ မီးလည်းမရှိဘူး။ ဆိုတော့ ဘယ်အချိန် ငါတို့နေရာမှာ လက်နက်ကြီးကျမလဲ၊ လေ ကြောင်း ဗုံးကြဲမလဲ ဒါမျိုးပဲ ကြောက်နေကြရတာ။”
လားရှိုးမြို့တွင်းဖြစ်ပွားခဲ့သည့်တိုက်ပွဲများထဲစစ်ကောင်စီ၏ အရပ်သားများနေထိုင်သည့်နေရာများကိုလေကြောင်းအပြင်လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား စုစုပေါင်း၁၃၃ဦး သေဆုံးပြီး၊၁၇၀ဦးထိခိုက်ဒဏ်ရာရခဲ့သည်ဟုတအာင်းတပ်ဖွဲ့PSLF/TNLAကဇူလိုင်လ၃၁ရက်နေ့တွင်ထုတ်ပြန်ထားသည်။
စစ်ကောင်စီတပ်၏လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့်လားရှိုးမြို့ရှိဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ် အလုံးရေ၁၀၅လုံးလည်း ထိမှန်ပျက်စီးသွားခဲ့သည်ဟုPSLF/TNLAကဆိုသည်။