ဦးတေဇပိုင် ဟိုတယ်တွင် ပြုလုပ်သော ရှိုးပွဲအား အင်းလေး အမျိုးသမီးများ ကန့်ကွက်

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၇ ရက်။ 

ဦးတေဇပိုင် ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ရှိုးပွဲအား အင်းလေးအမျိုးသမီး သမဂ္ဂအဖွဲ့က ကန့်ကွက်ရှုတ်ချ လိုက်သည်။

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့၊ အင်းလေးဒေသတွင် ဩဂုတ် ၃ ရက်နေ့၊ ညနေ ၅ နာရီ အချိန်၌ ကျင်းပပြု လုပ်သည့် EDM Show ပွဲအား အင်းလေးအမျိုးသမီးသမဂ္ဂအဖွဲ့ (IWU)က ကန့်ကွက်ရှုတ်ချသည်ဟု ထုတ်ပြန် ထားသည်။

အင်းလေးဒေသ၊ စစ်ကောင်စီ ထောက်တိုင် ခရိုနီ ဦးတေဇပိုင်ဆိုင်သည့် Aureum Palace ဟိုတယ်တွင် ကျင်းပ သဖြင့် ကန့်ကွက်ရခြင်း ဖြစ်သည်ဟု IWU အတွင်းရေးမှူး မကြိုးကြာက ပြောသည်။

အခုချိန်မှာက အားလုံးသိတဲ့အတိုင်း တစ်နိုင်ငံလုံး ဒုက္ခရောက်နေကြတာပါ။ သူတို့စစ်တပ် အသိုင်းအဝိုင်း ကသာ ဒုက္ခမရောက်တာပါ။ ဒီဟိုတယ်မှာ ရှိုးပွဲလာလုပ်တာကို ကျမတို့ အနေနဲ့ရော ပြည်သူတွေအနေနဲ့ရော လက်မခံပါဘူး။” 

အင်းလေးဒေသတွင် ကရင်နီပြည်နှင့် ရှမ်းပြည် မြောက်ပိုင်းတို့မှ တိမ်းရှောင်လာကြသည့် စစ်ဘေးရှောင်များစွာ လာရောက်ခိုလှုံနေကြပြီး နေထိုင်စားသောက်ရေးအပြင် အစစအရာရာ၌ ခက်ခဲနေကြသဖြင့် ယခုကဲ့သို့ ပျော်ပါးရန် မသင့်ဘူးဟုဟုလည်း IWU က ဆိုသည်။

အဆိုပါ ပွဲတော်မှာ ဒေသခံများ ပူးပေါင်းပါဝင်မှု မရှိသော အထက်တန်းစားလွှာ လူနည်းစုများကသာ ဈေးကြီး ပေး တက်ရောက်ရသည့် ပါတီပွဲတစ်ခု ဖြစ်သည်ဟု နီးစပ်သည့် ကျေးရွာနေပြည်သူများက ပြောသည်။

မကြိုးကြာက ဒီပွဲက သူတို့ စစ်တပ်အသိုင်းအဝိုင်း သားသမီးတွေကပဲ ပျော်ပါးခွင့် ရှိပါတယ်။ ဆင်းရဲသား ပြည် သူတွေ အတွက် မဟုတ်ပါဘူး။ အခုလို ပြည်သူတွေ ကြောက်လန့်ပြေးလွှားနေရတဲ့ အချိန်မှာ မျက်ကန်း တွေလို မမြင်နိုင်ဘဲ တမင် လုပ်ကြံဖန်တီးပြီးတော့ ပျော်ပါးနေတာ ဖြစ်တဲ့အတွက် ကျမတို့ အနေနဲ့ ဒီပွဲ လုပ် တာကို ကန့်ကွက်ပါတယ် ဟု ဆက်ပြောသည်။

အင်းလေးတွင် ကျင်းပမည့် ရှိုးပွဲနှင့် စပ်လျဉ်း၍ Justice Movement for Community – Innlay (JMC) အဖွဲ့ အစည်း တည်ထောင်သူ ဒေါ် ယုလှိုင်သင်းအား ဆက်သွယ် မေးမြန်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလကလည်း စစ်ကောင်စီက ဦးစီးကျင်းပသည့် ဖောင်တော်ဦးဘုရားပွဲကို လာရောက်ကြမည့် ခရီးသွားဧည့်သည်များအား Aureum Palace ဟိုတယ် အပါအဝင် ခရိုနီများ ပိုင်ဆိုင်သည့် ဟိုတယ်များတွင် လာရောက်တည်းခိုခြင်း မပြုကြရန် IWU နှင့် JMC က အွန်လှိုင်းလှုပ်ရှားမှု ပြုလုပ်ခဲ့ဖူးသည်။