မင်္ဂလာဒုံ လေဆိပ်တွင် နိုင်ငံကူးလက်မှတ် သိမ်းယူမှုများ ရှိနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၇ ရက်။
မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံများသို့ ထွက်ခွါမည့် သူများအား မင်္ဂလာဒုံနိုင်ငံတကာ လေဆိပ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လဝက) ဝန်ထမ်းများက နိုင်ငံကူးလက်မှတ်များကို လိုက်လံသိမ်းဆည်းနေသည်ဟု ကိုယ်တိုင်ကြုံခဲ့ရသူများက ပြောသည်။
ဩဂုတ်လ ပထမပတ်အတွင်း တစ်ဦးချင်း ခရီးသွားလာသူများ သာမက ခရီးသွား အေဂျင်စီများနှင့် ချိတ်ဆက် သွားလာကြသူများကိုပါ လေဆိပ်တွင် နိုင်ငံကူးလက်မှတ်များ သက်တမ်းလွန်သည်ဟု ဆိုကာ တားမြစ်နေခြင်း ဖြစ်သည်။
“သူတို့စစ်တော့ ပတ်စ်ပို့ သက်တမ်းလွန်နေတယ်တဲ့။ တကယ်လည်း Scan ဖတ်တော့ Invalid ဖြစ်နေတာကို တွေ့ရတယ်။ ဆိုတော့ ထိုင်းလေဆိပ်ရောက်ရင်လည်း အဲ့လိုပဲပြမှာ။ အဲ့ခါကျရင် အဖမ်းပါခံရမှာ ဆိုပြီး သိမ်း တာ။ ဒီနှစ်မှ လုပ်ထားတဲ့ ပတ်စ်ပိုစ့်ပါ” ဟု ဩဂုတ်လ ၁ ရက်နေ့တွင် ကိုယ်တိုင်ကြုံခဲ့သူ တစ်ဦးက ပြောသည်။
အလားတူ ပြည်ပရောက်ရှိနေသော မြန်မာနိုင်ငံသားများမှာလည်း ပြင်တွင်း ပြန်ဝင်ခြင်း၊ တတိယ နိုင်ငံသို့ ကူး ခြင်းများ ပြုလုပ်ရာတွင် သက်ဆိုင်ရာ လေဆိပ်များ၌ စစ်ဆေးခံရသည့် အချိန်တိုင်း နိုင်ငံကူးလက်မှတ်မှာ သက်တမ်းလွန်သည်ဟု ဆိုကြသည်။
စစ်ကောင်စီက စစ်မှုထမ်း ဥပဒေကြောင့် ပြည်ပထွက်ခွါမည့် သူများအား ၂၀၂၄ ခုနှစ် ဧပြီလ ကတည်းက စတင် ၍ အကြောင်းအမျိုးမျိုးပြ တားဆီးခဲ့ပြီးဖြစ်ရာ နောက်ပိုင်းတွင်လည်း နှစ်နိုင်ငံ သဘောတူညီချက် (MoU) စနစ် ဖြင့် လုပ်ကိုင်နေသူများကိုပါ မြန်မာနိုင်ငံရှိ မိသားစုအား တရားဝင် ငွေလွှဲကြောင်း အထောက်ထားပြနိုင်ရမည်ဟု တင်းကြပ်ထားသည်။
အမည်မဖော်လိုသည့် အေဂျင်စီတစ်ခုတွင် လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက “သူတို့(စစ်ကောင်စီ) ဖက်က တော့ ပိတ်မှာပဲ။ အကုန်လုံးလား ဆိုတော့လည်း မဟုတ်ပြန်ဘူး။ အကုန်လုံးကို ပိတ်မရလို့ တတ်နိုင်သလောက် ကို ထိန်းထားမယ်။ ထွက်တဲ့လူ နည်းလာအောင် လုပ်မယ်။ အဲ့ထဲက ကံစမ်းမဲပေါက်သူကနေခဲ့ အဲ့သဘောပေါ့။ ကျမတို့ အေဂျင်စီတွေကတော့ မရခဲ့ဘူးဆိုရင် ထပ်တင်ပေးတယ်။ ငွေတော့ ပြန်မအမ်းဘူး” ဟု ပြောသည်။
လတ်တလော စစ်ကောင်စီ အစိုးရက နိုင်ငံကူး လက်မှတ်လုပ်ရန် ယူရသည့် တိုကင်များကိုလည်း ထပ်မံပေးခြင်း မရှိတော့သည့်အပြင် ပွဲစားများဖြင့် ငွေကြေးမြောက်များစွာပေး၍ ဆောင်ရွက်နိုင်သည့် လမ်းကြောင်းကိုလည်း ရန်ကုန် – မန္တလေးမှအပ ပြည်နယ်နှင့်တိုင်း အချို့တွင် ပိတ်သိမ်းထားပြီး ဖြစ်သည်။
နိုင်ငံကူးလက်မှတ် လုပ်သည့် ပွဲစားတစ်ဦးက “အရင်ကတော့ ယောက်ကျားလေးဆို PV မပေးဘူး။ အခုက ကျား ရော၊ မရော၊ MOU ရော ပိတ်ပြီ။ တချို့ မိန်းကလေးတွေတော့ Tourist Visa မလျှောက်ဘဲ Vist ၁၄ ရက်နဲ့ ထွက် လာပြီးမှ ထိုင်းကနေတဆင့် ပြန်သွားကြတယ်။ တချိုလို့ပဲ ပြောတာနော် အာမခံချက်တော့ မရှိ ဘူး။ ဟိုဘက်ကိုတော့ အပြန် လေယာဉ်လက်မှတ်နဲ့ ဟိုတယ်ဘိုကင် ကြိုတင်ထားပေါ့” ဟု ပြောသည်။
ဩဂုတ်လ ၁ ရက်နေ့က မင်္ဂလာဒုံ လေဆိပ်တွင် နိုင်ငံကူးလက်မှတ် (ပတ်ပို့စ်) သက်တမ်းလွန်နေသော သူ အယောက် ၄၀ ကျော် ပြည်ပထွက်ခွါခွင့် ပိတ်သိမ်းခံခဲ့ရပြီး ၃ ရက်တာအတွင်း ပြည်ပ လေဆိပ်များတွင် ပြည်ဝင် ခွင့် မရခဲ့သူ ၁၀ ဦးကျော်ခန့် ရှိခဲ့သည်ဟု နီးစပ်သူများက ပြောသည်။
စစ်ကောင်စီသည် ထိုင်းနိုင်ငံမှ အာဏာပိုင်များကိုလည်း စစ်မှုထမ်းအတွက် ညှိနှိုင်းထားသည် ဖြစ်ရာ ထိုင်း ရောက် အထောက်ထားမဲ့ မြန်မာများအတွက် ဇူလိုင်လအတွင်း တရားဝင် အထောက်အထား အလုပ်သမားကတ် ပြုလုပ်ပေးမည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း လက်ရှိ ဩဂုတ်လ ပထမပတ်အထိ မသေချာသေး သည့် အခြေအနေမျိုး ဖြစ်နေသည်ဟု အလုပ်သမားကတ်များ လုပ်ပေးသည့် ပွဲစားများက ပြောသည်။