ကရင်နီ ဒရုန်းတပ်ဖွဲ့ အကောင့်အတု ပေါ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၇ ရက်။
ကရင်နီပြည် အခြေစိုက် ဝရဇိန် ဒရုန်းတပ်ဖွဲ့အမည်နှင့် တစ်ထေရာတည်း တူညီနေသည့် အခြား ဒရုန်းတပ်ဖွဲ့မှာ လူမှုကွန်ရက် စာမျက်နှာ (Facebook) တွင် ပေါ်နေသည်ဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။
လက်ရှိ ဝရဇိန်တပ်ဖွဲ့မှာ ကရင်နီပြည်တွင် အမှန်တကယ်တည်ရှိပြီး ဒရုန်းတီထွင် ဆန်းသစ်ခြင်း၊ စစ်ရေးဖော် ဆောင်ခြင်းများ ပြုလုပ်နေသည့်အပြင် အခြားပေ့ချ်များနှင့် ကွဲလွဲသည့် အချက်မှာ Facebook တွင်လည်း တစ်ကြိမ်တစ်ခါမျှ အလှူငွေ ကောက်ခံခဲ့ဖူးခြင်း မရှိခဲ့ဖူးဘူးဟု ဆိုသည်။
ဝရဇိန် ပြန်ကြားရေး တာဝန်ခံက “ကျနော်တို့ တောက်လျှောက်ကြီး လူမသိ သူမသိ နေခဲ့တဲ့အခါကျတော့ အဲဒီ အပေါ်မှာ ပြည်သူတွေက သံသယဖြစ်ရင်လည်း ဖြစ်မှာပေါ့။ ဘာလို့ သံသယဖြစ်လဲဆိုတော့ ကျနော်တို့ တော် လှန်ရေးကို လိမ်လည်လှည့်ဖြားပြီးတော့ နှောင့်နှေးကြန့်ကြာအောင်၊ ခလုတ်ကန်သင်း ဖြစ်အောင် လုပ်နေတဲ့ အင်အားစုတွေလည်း ရှိတယ်လေ။ ဒါတွေကိုလည်း သူတို့အနေနဲ့က မဖြစ်စေလိုတဲ့ အခါကြတော့ တော်လှန်ရေး အောင်လိုစိတ်နဲ့ ပြောတယ်လို့ပဲ ခံယူပါတယ်” ဟု ပြောသည်။
ဝရဇိန်တပ်ဖွဲ့မှာ ၂၀၂၁ ခုနှစ်၊ မေလ ၂၇ ရက်နေ့ ကတည်းက မိုးဗြဲတိုက်ပွဲတွင် ပါဝင်ခဲ့သော်လည်း မြေပြန့်ဒေသ သို့ ပြန်ဆင်း၍ တော်လှန်ရေး အဆုံးသတ်မည့် အင်အားစု ဖြစ်သဖြင့် သိုသိုတိတ်တိတ် စစ်ရေး ပြင်ဆင်ခဲ့ခြင်း ဖြစ်သည်။
ထိုမှတဖန် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စစ်ကောင်စီ၏ ဂျမ်မာကို ကျော်ဖြတ် ပျံသန်းနိုင်သည့် ဒရုန်းအား တီထွင်နိုင်ခဲ့ပြီးနောက် လူလုံးထွက်ပြလာခြင်း ဖြစ်သည်။
ဝရဇိန်တပ်ဖွဲ့၏ ဒရုန်းနည်းပညာအား ပြီးခဲ့သည့် ရက်သတ္တတစ်ပတ်က သတင်းနှင့် မီဒီယာကွန်ရက် သတင်း ဌာနမှ တဆင့် လူထုကို မိတ်ဆက်ခဲ့သည်ဖြစ်ရာ နည်းပညာ ပေါက်ကြားမည်ကို စိုးရိမ်စရာ မလိုဘူးဟု ဝရဇိန် ပြန်ကြားရေး တာဝန်ခံက ဆက် ပြောသည်။
“ကျနော်တို့ဖက်က ဒရုန်းနည်းပညာနဲ့ ပတ်သက်လို့ ဘာပစ္စည်းတွေ သုံးတယ် ဘယ်လို မော်ကျူးတွေ သုံးတယ် ဆိုတာ တခုမှ ချပြထားတာ မရှိပါဘူး။ ကျနော်တို့ အောင်မြင်လိုက်တဲ့ နည်းပညာက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ကတည်းက အောင်မြင်ပြီးသားပါ။”
လာမည့် စက်တင်ဘာလအတွင်း ဝရဇိန်တပ်ဖွဲ့မှ သင်တန်းဆင်းပွဲ ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ ယုံကြည်မှု ရရှိစေရန် ရှေ့သို့ တစ်လှမ်းချင်း လူလုံးထွက်ပြသွားမည်ဟု တပ်ဖွဲ့ဝင်များက ပြောသည်။
သို့ဖြစ်၍ ဝရဇိန်အမည်ဖြင့် ဖွင့်လှစ်ထားသည့် ပေ့ချ်အား လိုဂို အမှတ်တံဆိပ် သေချာမှတ်သား၍ စောင့်ကြည့် ပေးကြရန်နှင့် ပြည်သူများ အနေဖြင့် အကြံပေးလိုပါကလည်း တိုက်ရိုက်ဖြစ်စေ၊ မီဒီယာမှ တစ်ဆင့်ခံ၍ ဖြစ်စေ အကြံပေးနိုင်သည်ဟု တာဝန်ရှိသူများက ပြောဆိုလိုက်သည်။