ပြန်လည်တည်ဆောက်ရေးကာလ စစ်အုပ်စု၏ ပိုင်ဆိုင်မှုများကို ဘယ်လိုအရေးယူဆောင်ရွက်မလဲ

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၈ ရက်။

MMTI ၏ အဆင့်မြင့် သတင်းစာ ပညာသင်တန်းတွင် အမီးလေး နှင့် ကိုညီ ရေးသည်….

ဩဂုတ်လ ၉ ရက်နေ့တွင် မြန်မာနောင်းက ထုတ်ပြန်သည့် အွန်လိုင်း သတင်းတစ်ပုဒ်၏ ခေါင်းစဉ်တွင် “ စစ်တပ်ခရိုနီသူဌေး ယခင် မန္တလေးတိုင်းဝန်ကြီးချုပ်၏ ဧက ၅,၀၀၀ ကျော် ရွှေတွင်းကြီး မန္တလေး PDF သိမ်းပိုက်” ဟူ၍ ဖော်ပြထားသည်။ 

ထိုသူမှာ လက်ရှိတွင် ရာထူးရှိနေသည့် စစ်တပ် အကြီးအကဲ တစ်ဦးပင်မဟုတ်သေး၊ ရွှေလုပ်ကွက်များတွင် ဧက ၅၀၀၀ ခန့်ရွှေလုပ်ကွက်ကို ပိုင်ဆိုင်ထားခဲ့သည်။ 

မကြာသေးခင်က ဧရာဝတီ သတင်းဌာန၏ အင်္ဂလိပ်ပိုင်း သတင်းတပုဒ်တွင် “ကန်ထရိုက်တာ” ဟူသော ခေါင်းစဉ်ဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မိသားစုဝင်များက နိုင်ငံရှိ စီးပွားရေး လုပ်ငန်းအများအပြားကို လက်ဝါးကြီးအုပ်ထားကြောင်း သုံးသပ်ချက်ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြထားသေးသည်။ 

ယင်းဆောင်းပါးတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားဖြစ်သူက စစ်သားများ၏ အသက်အာမခံငွေများမှသည် စစ်တပ်အတွက် ဆေးဝါးများ၊ လက်နက်များနှင့် ဆေးရုံကုတင်အထိ တင်သွင်းသူအဖြစ် စစ်တပ်မှ အမြတ်အစွန်းများစွာ ရရှိနေကြောင်း ဖော်ပြထားသည်။ ထိုမျှသာမက ကာကွယ်ရေး စက်မှုလုပ်ငန်း ညွှန်ကြားမှု ဦးစီးဌာန (DDI) ၏ စစ်လက်နက် ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများ၏ အဓိက တွဲဖက် ကုမ္ပဏီဖြစ်သည့်  Authentic ကုမ္ပဏီ လုပ်ငန်းစုကိုလည်း ချုပ်ကိုင်ထားကြောင်း ဖော်ပြထားသည်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မိသားစုမှာ အနုပညာလုပ်ငန်းမှသည် စစ်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းအထိ မြန်မာနိုင်ငံတွင် အမြတ်အစွန်းများစွာ ရရှိသော လုပ်ငန်းများကို ပိုင်ဆိုင်ထားကြသည်။ 

မြန်မာပြည်သူများက မူရင်းပိုင်ရှင် ဖြစ်ရမည့် အရင်းအမြစ်အများအပြားကို ပိုင်ဆိုင်ထားကြခြင်းဖြစ်သည်။ အခြားသော တပ်မတော်ခေါင်းဆောင်များ၊ အငြိမ်းစား ခေါင်းဆောင်ဟောင်းများ၏ မိသားစုများကလည်း သူ့လောက် ပိုင်ဆိုင်မှု မများလျှင်ပင် အရင်းအမြစ်အများအပြားကို ထိန်းချုပ် လုပ်ကိုင်နေကြသည်။ 

ထိုအရင်းအမြစ်များ၏ မူလ ပိုင်ရှင်မှာ သန်း ၅၀ ကျော် ပြည်သူများဖြစ်ကြသည် မဟုတ်ပါလော။ 

ထိုပိုင်ဆိုင်မှုများကို တချိန်ချိန်တွင် မူလပိုင်ရှင်များဖြစ်သော ပြည်သူများလက်သို့ ပြန်လည် လွှဲပြောင်းပေးရန် လိုအပ်သည်ဟု စဉ်းစားကြသော ပညာရှင်များလည်း အများအပြား ရှိကြသည်။ 

မင်းအောင်လှိုင်နှင့် စစ်အုပ်စု၏ ပိုင်ဆိုင်မှုတွေကို ဘယ်သူအတွေအတွက် သုံးသင့်လဲ။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်အုပ်စု၏ ပိုင်ဆိုင်မှုများအား သိမ်းယူပြီးနောက် ပြန်လည် ထူထောင်ရေး ကာလတွင် စစ်ကောင်စီတပ်ကြောင့် ထိခိုက်နစ်နာ သွားသူများနှင့် စစ်ရာဇဝတ်မှု ကျူးလွန်ခံရသူ များကို ကူညီ ထောက်ပံ့ပေးသင့်ကြောင်း နိုင်ငံရေးသုတေသီ အီဂေါ က ပြောသည်။

သတင်းစာ သင်တန်းတခုတွင် လာရောက်ဟောပြောစဥ် သတင်းထောက်များက မြန်မာနိုင်ငံအတွင်း တရားမျှတ မှုနှင့် စစ်ပွဲကြောင့် ထိခိုင်နစ်နာသွားသူများ၊ စစ်ရာဇဝတ်မှု ကျူးလွန်ခံရသူများ၏ ပြန်လည်ထူထောင်ရေး အတွက် နိုင်ငံတော်က ကူညီပံ့ပိုးပေးနိုင်မည့် နည်းလမ်းများကို မေးမြန်းရာတွင် မစ္စတာအီဂေါက ဖြေကြားသွားခဲ့ ခြင်း ဖြစ်သည်။

ချက်နိုင်ငံသား မြန်မာ့အရေးလေ့လာသူ  မစ္စတာအီဂေါက “သိမ်းဆည်းထားတဲ့ ဓနဥစ္စာတွေက ခံစားရတဲ့ သား ကောင်တွေ အတွက်ကို ပြန်လည် ထူထောင်ရေး လုပ်သင့်တယ်၊ နိုင်ငံတော် ထူထောင်ရေးက နိုင်ငံတကာက ရ တယ်။ ဟိုဟာမျိုးကျတော့ နိုင်ငံတကာက ရနိုင်တာ မဟုတ်တဲ့အတွက် အထူးရန်ပုံငွေကနေ သုံးရမှာ ဖြစ်ပါ တယ်” ဟု ပြောသည်။

အာဏာသိမ်းပြီးနောက် နှစ်နှစ်အတွင်း စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် လူနေအိမ် ၄၈,၀၀၀ ပျက်ဆီးခဲ့ သည် ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ထုတ်ပြန်ထားသည်။

ထို့အပြင် မတရားသဖြင့် ဖမ်းဆီးထောင်ချခံနေရသူ ၂၇,၁၀၉ ဦးရှိနေပြီး ထောင်အတွင်း သေဆုံးသွားသူ နိုင် ကျဉ်း ၄၄ ဦး ရှိကြောင်း ISP Myanmar ကလည်း ထုတ်ပြန် ထားသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုများ၏ ပိုင်ဆိုင်မှုများကို မည်သို့သိမ်းမလဲ။

တော်လှန်ရေး အပြီးကာလတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်အုပ်စုများအား အဂတိလိုက်စားမှု၊ အခွန် နှင့် နိုင်ငံတော် ပုန်ကန်မှု ဥပဒေတို့ဖြင့် စိစစ်ပြီး တရားစွဲဆိုသင့်ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က လည်း သဘောတူသည်။

တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က “စာရင်းစစ်လိုက်ပြီး အဂတိတိုက်ဖျက်ရေး ဥပဒေနဲ့ တခါတည်းတန်း ပြီး အရေးယူလို့ရပြီးပဲ၊ အကုန်သူခိုးတွေကြီးပဲ၊ သူခိုးတွေကြီးပဲ၊ အားလုံးကို ချိတ်ပိတ်ထားလိုက်ရမယ်၊ ပြီး တော့ ဒီဥပဒေနဲ့ တရားစွဲပြီးတော့ ဥပဒေနဲ့အညီ ထောင်ချရမယ် နောက်တခါ ပစ္စည်းတွေလည်း သိမ်းရမယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ အာဏာသိမ်း စစ်အုပ်စုကို အရေးယူရေးနှင့် ပိုင်ဆိုင်မှုများ သိမ်းယူရေး စဉ်းစားလာမှုမျိုးမှာ ယခင် အာဏာသိမ်းမှုများတွင် မဖြစ်ပေါ်ခဲ့သော လုပ်ငန်းစဉ်များဖြစ်သည်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် စစ်ခေါင်းဆောင်နှင့် စစ်တပ်၏ ပိုင်ဆိုင်မှုများအား တော်လှန် ရေး ကာလအတွင်းမှာပင် လေလံတင် ရောင်းချမှုများ ရှိနေခဲ့သည်။

NUG ပြောဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “သေချာတာ တစ်ခုက‌တော့ စစ်ကောင်စီဆီမှာ ပါဝင်ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်တွေ၊ ပြည်သူလူထုကို သတ်ဖြတ် ညှင်းပန်းနှိပ်စက်တဲ့ နေရာမှာ ကိုယ်ထိလက်ရောက် ပါဝင်ခဲ့ကြတဲ့ သူတွေပေါ့၊ တချိန်ကျမှ အထက်ကခိုင်းလို့ လုပ်ရပါတယ် ဆိုတာမျိုးလည်း မရပါဘူး” ဟု ပြောသည်။

ကိုးကန့်၊ တအာင်းနှင့် အာရက္ခတပ်တော်တို့၏ ၁၀၂၇ စစ်ဆင်ရေးအား အောက်တိုဘာ ၂၇ ရက်၊ ၂၀၂၃ ခုနှစ်တွင် စတင် ဆင်နွှဲကာ ငါးလကြာကာလအတွင်း မြို့ပေါင်း ၇၂ မြို့နှင့် စစ်စခန်းကြီးငယ်ပေါင်း ၁၆၈ ခု တို့ကို သိမ်းယူ နိုင်ခဲ့သည်။ 

ထို့နောက် ယခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ဒုတိယအကျော့ စစ်ဆင်ရေး ၁၀၂၇ ကို ပြန်လည်စတင်ကာ လက်ရှိ သတင်း ပေးပို့ချိန်အထိ လာရှိုးမြို့၊ စဉ့်ကူးမြို၊ မိုးကုတ်မြို့၊ နောင်ချို၊ မိုးမိတ်၊ ကျောက်မဲ၊ မတ္တရာနှင့် သီပေါ စစ်စခန်း ၇၀ ကျော်တို့ ထပ်မံသိမ်း ယူနိုင်ခဲ့ပြန်ရာ နေပြည်တော်ကိုအနိုင်ရ လိမ့်မည်ဆိုသော မျှော်လင့်ချက်များ လည်း မြင့်တက်လာသည်။

တော်လှန်ရေးအပြီး စစ်အုပ်စု၏ ပိုင်ဆိုင်မှုများအား သိမ်းယူခြင်းကို ငါးနှစ်အတွင်း လုပ်ဆောင်သင့်ပြီး ပြစ်ဒဏ် ပေးခြင်းနှင့် လက်စားချေခြင်းတို့ကို ဦးစားပေး မလုပ်ဆောင်သင့်ဟု မစ္စတာအီဂေါက ပြောသည်။

“စစ်တပ်လို့ စဉ်စားတဲ့ အခါမှာ သုံးခုကို ခွဲကြည့်ရပါတယ်။ တစ်ခုကတော့ စစ်တပ်ဆိုတာ တိုင်းပြည်အတွက် ကာကွယ်ရေးအတွက် နိုင်ငံရေးအရ ဖြစ်လာတဲ့ စစ်တပ်လိုအပ်တယ်၊ စီးပွားရေးအရ ဖြစ်လာတဲ့တဲ့ စစ်ဗိုလ်ချုပ် တွေ စစ်အစိုးရ စစ်အုပ်စုဆိုတဲ့ဟာကို ဖယ်ရှားပစ်ရမှာဖြစ်တယ်၊ သူတို့ရဲ့ စီးပွားရေးကိုလည်း ဖယ်ရှားရမှာ ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (နစက)ကို စုစုပေါင်း ၁၁ ဦးဖြင့် ၂၀၂၂ ခုနှစ် ဖေဖောဝါရီလ ၂ ရက်နေ့တွင် စတင်ဖွဲ့စည်းလိုက်ပြီး ယခုတွင် အဖွဲ့ ဝင် ၁၈ ဦးထိ တိုးလာရာ ဥက္ကဋ္ဌမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖြစ် သည်။

မြန်မာ့စစ်တပ် ပိုင်ဆိုင်မှုများထဲတွင် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက် (MEHL) နှင့် မြန်မာ့စီးပွားရေး ကော်ပိုရေး ရှင်း (MEC) နှစ်ခုမှာ အကြီးဆုံး ဖြစ်ပြီး ၎င်းတို့အောက်တွင် စီးပွားရေး လုပ်ငန်းပေါင်း ၁၀၅ ခု ရှိသည်ဟု ကုလသမဂ္ဂ အချက်အလက် ရှာဖွေရေးမစ်ရှင်၏ အစီရင်ခံစာအရ သိရသည်။ 

စစ်တပ်ပိုင် ကျောက်စိမ်းနှင့် ပတ္တမြားလုပ်ငန်းပေါင်း ၂၃ ခုနှင့် စစ်တပ် စီးပွားရေး လုပ်ငန်းများနှင့် ဖက်စပ်လုပ် ထားသည့် နိုင်ငံခြားကုမ္ပဏီ ၁၄ ခုရှိသည်ဟု ၎င်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

MEHL နှင့် MEC တို့ ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းများတွင် ဆောက်လုပ်ရေး၊ ကျောက်မျက်ထုတ်ယူရေး၊ အ ရက်ဘီယာ ကုန်ထုတ်လုပ်ငန်း၊ အာမခံလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းတို့လည်း ပါဝင်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် (MEHL) ၏ ဥက္ကဋ္ဌဖြစ်ပြီး အစုရှယ်ယာအများစု ပိုင်ဆိုင်သူ ဖြစ်သည်။ နှစ်စဉ် အမြတ်ဝေစု ဒေါ်လာ ၂ သိန်းခွဲ ရရှိနေကြောင်း  AMNESTY INTERNATIONAL ဝက်ဆိုက်မှ သိရသည်။

ထို့အပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားနှင့် သမီးများ ပိုင်ဆိုင်သည့် မိုင်တဲလ်မြန်မာ၊ ဆောက်လုပ် ရေး၊ အာမခံကုမ္ပဏီများ၊ စားသောက်ဆိုင်၊ ဆေးဝါးကွပ်ကဲရေး၊ အနုပညာပြခန်းများနှင့် ဖျော်ဖြေရေး အစ ရှိ သည်များလည်း ပိုင်ဆိုင်ကြသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလတွင်လည်း ထိုင်းရဲတပ်ဖွဲ့က မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် စွပ်စွဲ ဖမ်းဆီးခဲ့သည့် လက်နက်ပွဲစား ဦးထွန်းမင်းလတ်ထံမှ သိမ်းဆည်းရမိသည့် စာရင်းများထဲတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ၏ သားသမီးများ ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ တသန်းနီးပါး တန်ဖိုးရှိ အဆင့်မြင့်ဇိမ်ခံ ကွန်ဒိုတစ်ခန်း နှင့် ဘဏ်စာရင်း စာအုပ်များ တွေ့ရှိခဲ့ကြသည်။

စစ်ခေါင်းဆောင်၏ ပိုင်ဆိုင်မှု အချို့ဖြစ်သည့် ရန်ကုန်ရှိ မင်းအောင်လှိုင်၏ ခြံနှင့် အိမ်အပြင် တပ်ပိုင်မြေတွင် တည်ဆောက်ထားသည့် ကွန်ဒိုအိမ်ယာ ရှစ်ခုအား NUG အနေဖြင့် ရောင်းချနေခဲ့ကြောင်း NUG ၏ ပြောရေးဆို ခွင့် ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

ဦးနေဘုန်းလတ်က “ကျနော်တို့ ရှယ်ယာတွေ အနေနဲ့ပဲဖြစ်ဖြစ် အိမ်ယာတွေ တိုက်ခန်းတွေအနေနဲ့ ဖြစ်ဖြစ် ရောင်းနေတာတွေရှိ တ ယ်၊ အများပြည်သူကို ကျနော်တို့ ရှယ်ယာတွေခွဲပြီး ရောင်းချထားတာရှိတယ်” ဟု ပြောသည်။

မည်သို့သော လူပုဂ္ဂိုလ်များကို အရေးယူဆောင်ရွက်သင့်သည် ဆိုခြင်းအပေါ် တိတိကျကျ သဘောတူညီမှုကို မ တွေ့ရသော်လည်း  အသွင်ကူးပြောင်းရေး ကာလတရားမျှတမှုတွင် သီးခြားလွတ်လပ်သော ကော်မတီ ဖွဲ့စည်း ကာ အမှုများကို ကြားနာစိစစ်ပြီး ကျူးလွန်သူများကို အရေးယူမှု လုပ်သင့်သည် အချက်ကိုမူ ယေဘုယျအားဖြင့် နိုင်ငံရေးသုတေသီများက သဘောတူကြသည်။