စစ်မှုထမ်းလိုကြောင်း လက်မှတ်ထိုးမှသာ စစ်ရှောင်များ နေရပ်ပြန်ခွင့်ရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်။
ပင်လောင်းမြို့နယ်တွင် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) က စစ်မှုထမ်းအတွက် လူစာရင်းပေးနိုင်မှသာ နေရပ်တွင် ပြန်လည်နေထိုင်ခွင့်ပေးမည်ဟု ပြောဆိုနေကြောင်း ဒေသတွင်း စစ်ရေး သတင်း အရင်းအမြစ်များက ပြောသည်။
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာတွင် တိုက်ပွဲများ ငြိမ်သက်နေသည်မှာ တစ်လခွဲခန့် ကြာပြီဖြစ်သော် လည်း စစ်မှုထမ်းအတွက် ပါဝင်လိုကြောင်း စစ်ဘေးရှောင်များက လက်မှတ်ထိုးပေးမှသာ ကျေးရွာအတွင်း နေထိုင်ခွင့်ပြုမည်ဟု ဆိုသည်။
စစ်ဘေးရှောင်နေသည့် ဆောင်းပြောင်းရွာခံ တစ်ဦးက “တစ်ခါတည်း စစ်မှုထမ်း ခေါ်မယ်လို့တော့ မပြောဘူး။ အရင်ဆုံး ကိုယ့်ဆန္ဒပါတယ်ဆိုတာ လက်မှတ်ထိုးပေးပေါ့။ ကိုယ့်ဆန္ဒမှ မပါကြတာ ဘယ်သူက ထိုးချင်မလဲ” ဟု ပြောသည်။
လက်မှတ်ထိုးထားသည့် လူစာရင်း စာရွက်အား ဩဂုတ်လ မကုန်မီ ရွာလူကြီးထံမှ တဆင့် PNA တာဝန်ရှိသူများ ထံ ပေးအပ်ရမည်ဖြစ်ပြီး အားလုံး ခေါ်ယူမည်မဟုတ်ဘဲ တစ်သုတ်ချင်း စစ်သင်တန်းပေးသွားမည်ဟု ဆိုသည်။
ဆောင်းပြောင်းကျေးရွာရှိ အသက် ၁၈ နှစ်အရွယ် မှ အသက် ၄၀ အရွယ်အတွင်း အမျိုးသားများသာ စစ်မှုထမ်း အကျုံးဝင်သော်လည်း အသက် ၁၈ နှစ်အောက် ကိုယ်ခန္ဓာထွားကျိုင်းသည့် ကလေးများကိုလည်း PNA က စစ်မှု ထမ်း ခေါ်ယူဖူးသည်ဟု အဝေးရောက် ဆောင်းပြောင်းရွာခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ကျမကလေးတွေတော့ အားလုံး ပြေးခိုင်းထားလို့ စိတ်အေးရပြီ။ ကျမတို့ရွာရော တခြားရွာရော အသက်မ ပြည့်လည်း သူတို့က လူကောင်ကြည့်ပြီး ခေါ်တာတွေ ရှိခဲ့ဖူးတယ်။ သူတို့က အသက်ပြည့်ရင် လူကောင် မကြည့်ဘူး။ လူကောင်မီရင်တော့ အသက် ဘယ်လောက်နေနေ ခေါ်တယ်။”
လက်ရှိ စိုက်ပျိုးရာသီ၌ ကျေးရွာတွင်း တောင်သူများ အနေဖြင့် စိုက်ပျိုးထားသည့် ကောက်ပဲသီးနှံများအား ပြုစု ပျိုးထောင်ရန်အတွက် နေရပ်ပြန်ချင်ကြသော်လည်း စစ်မှုထမ်းကြောင့် ထွက်ပြေးတိမ်းရှောင် နေရသည်ဟု ကျေးရွာနေ ပြည်သူများက ပြောသည်။
အလားတူ စစ်ကောင်စီတပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့တို့က ဟိုပုံးမြို့နယ်ထဲတွင်လည်း ပြည်သူပိုင် ကားများကို ချောဆွဲခြင်း၊ အခွန်ကောက်ခြင်းများအပြင် စစ်မှုထမ်းအတွက် လူသစ်စုဆောင်းခြင်း၊ ဖမ်းဆီးခြင်း များ လုပ်ကာ ရှေ့တန်းသို့ အတင်းအဓမ္မစေလွှတ်ခြင်းများ ရှိခဲ့သည့် အတွက် ပင်လောင်းက ဒေသခံများမှာ စိုးရိမ်နေကြသည်။
ထို့အပြင် ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်းကျေးရွာတွင် ဆက်ကြေး အခွန် မပေးဆောင်သည့် ကုမ္ပဏီက ကားတစ်စီးကိုလည်း PDF ကားဟု စွပ်စွဲကာ ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က သေနတ်ဖြင့် လိုက်လံ ပစ် ခတ်ခဲ့သည်ဖြစ်စဉ်တခုကလည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သေးသည်။