ဆိုင်းတောင် Lucky Men Hotel ကို KIA သိမ်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်။
ကချင်ပြည် ဖားကန့်မြို့၊ ဆိုင်းတောင်ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့များ တပ်စွဲထားသည့် Lucky Man ဟိုတယ် နေရာကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပူးပေါင်းအဖွဲ့တို့က သိမ်းပိုက်လိုက်သည်။
အဆိုပါ နေရာကို သိမ်းပိုက်ချိန်တွင် စစ်ကောင်စီတပ်သားများ နှင့် ရှမ်းနီတပ်သားများ အယောက် ၂၀ ကျော် လက်နက်ချခဲ့သည်ဟု မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။
KIA နှင့် နီးစပ်သူ တစ်ဦးက “ဟုတ်ပါတယ် သိမ်းလိုက်နိုင်ပါပြီ။ မနေ့ကလည်း သူတို့ အနီးကပ် Lucky Man မှာ သွားရောက် ပစ်ခတ်ခဲ့တယ်။ ဒီတိုင်း မျက်နှာချင်းဆိုင် သွားပစ်ခဲ့တာ။ ဒါပေမယ့် စစ်ကောင်စီရှိတဲ့ KTV အခန်း ကို မဖောက်နိုင်လို့ ပြန်ခေါက်ခဲ့တယ်။ ၈ ရက်နေ့ မနက်ပိုင်း သူတို့က နောက်ထပ်လည်း လာတိုက်မှာဆိုပြီး စဉ်း စားတဲ့ သဘောရှိတယ်။ ဒီ ၈ ရက်နေ့ မနက်ပဲ ထွက်လာတာ အဲ့ဒါကို ချောင်းကူးနေတဲ့ အချိန် ရေထဲမှာလည်း တော်တော်လေး ပစ်လိုက်တယ်လို့ ကြားရတယ်” ဟု ပြောသည်။
တစ်လနီးပါး အကြာ တိုက်ပွဲပြင်းထန်ခဲ့သည့် ဖားကန့်မြို့နယ် ဆိုင်းတောင် တိုက်ပွဲတွင် Lucky Man ဟိုတယ်ရှိ စစ်ကောင်စီတပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ် KIA နှင့် ပူးပေါင်းတပ်ဖွဲ့တို့က အောက်တိုဘာလ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။
ထိုသို့ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်သားနှင့် ရှမ်းနီ SNA တပ်သား ၂၂ ဦးလည်း လက်နက်ချခဲ့ ကြောင်း မြေပြင်သတင်းအရင်းအမြစ် တစ်ဦးက ပြောသည်။
“အရှင် ဖမ်းမိတာက ၂၂ ယောက် ဖမ်းမိတယ်လို့ ပြောတယ်။ ရှမ်းနီပြည်သူ့စစ်အဖွဲ့တွေလည်း ပါတာတွေ့ရ တယ်။ ရေကူးလာတဲ့ အချိန်မှာ တော်တော်လေး ပစ်တဲ့အချိန် ထိခိုက်ကျဆုံးမှုလည်း များတယ်လို့ ကြားရ တယ်။ စစ်ကောင်စီတွေက တပ်မဟာကုန်းဘက်ကို ပြန်ဆုတ်လာတာ။ လုံးဝ စစ်ဝတ်စုံမဝတ်ဘူး အရပ်ဝတ်နဲ့ပဲ တဲ့” ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် အထိအခိုက် လက်နက်ချ အဖမ်းခံခဲ့သူများအပြင် အကျအဆုံးလည်း များသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အခြေအနေအသေးစိတ်ကိုမူ မသိရသေးပေ။
စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ပြီးနောက် Lucky Man ဟိုတယ်နေရာအပြင် ဆိုင်းတောင်ကျေးရွာကို နယ်မြေရှင်းလင်းရေး လုပ်ငန်းစဉ်များ လုပ်နေပြီဟု ဒေသံများက ပြောသည်။
ဆိုင်းတောင်ဒေသခံတစ်ဦးက “တက်သိမ်းလိုက်ပြီး Lucky Man ဟိုတယ်လည်း သိမ်းလိုက်ပြီ။ အကုန်လုံး လည်း မီးရှို့ပြီးသွားပြီ။ နယ်မြေရှင်းလင်းရေး ပြန်လုပ်နေတယ်။ သူတို့က နောက်မဆုတ်ဘူး ခေါင်းမာတယ်။ အခုက စစ်ကောင်စီဘက်က လေကြောင်းရန်က ကြောက်ရမှာ အများဆုံး သူတို့က သုံးတာလေ” ဟု ပြောသည်။
ဆိုင်းတောင်ဒေသအတွင်း စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့အကြား စက်တင်ဘာ ၇ ရက်နေ့မှ စတင်ကာ တိုက်ပွဲ ပြင်းထန်ခဲ့ခြင်းပြီး စစ်ကောင်စီတပ်က Lucky Man ဟိုတယ်တွင် တပ်စွဲထားပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ် သည်။
တစ်လကျော်တိုက်ပွဲ အတွင်း စစ်ကောင်စီတပ်သား အများအပြား သေဆုံးပြီး KIA ပူးပေါင်း တပ်ဖွဲ့ဘက်က လည်း အယောက် ၂၀ နီးပါးခန့် သေဆုံးကြောင်း KIA နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“တိုက်ပွဲ စဖြစ်ကတည်းက ထိခိုက်ကျဆုံးတာကျတော့ လေယာဉ်နဲ့ ဗုံးလာကြဲတဲ့အခါ သုံးယောက်ကျဆုံးတယ်။ ထိခိုက်ဒဏ်ရာ လေးယောက်လို့ ကြားရတယ်။ လက်နက်ကြီး လက်နက်ငယ်တဲ့ ပစ်ခတ်တဲ့အခါမှာ အကုန်လုံး ပေါင်းရင် ၁၇ ယောက် ရှိတယ်လို့ကြားရတယ်။ အတိအကျတော့ မသိရဘူးပေါ့” ဟု ပြောသည်။
တစ်လကျော် ကြာမြင့်ခဲ့တဲ့ ဆိုင်းတောင် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေကြောင်း မှ တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ခဲ့သည့် အတွက် အရပ်သား အယောက် ၅၀ ခန့် သေဆုံးခဲ့ပြီး ဒဏ်ရသူလည်း အများအပြားရှိခဲ့သည်။
နေအိမ်အလုံးရေ ၄၀၀ နီးပါးခန့် မီးလောင်ပျက်စီးခဲ့ပြီး ဆိုင်းတောင် ဒေသခံပြည်သူ သောင်းချီက ဘေးလွှတ်ရာ ဖားကန့်မြို့ပေါ်ကို စစ်ရှောင်နေကြရသည်။
ထို့ကြောင့် လက်ရှိတွင် ဆိုင်းတောင်ကျေးရွာအား KIA နှင့် ပူးပေါင်းအဖွဲ့တို့က သိမ်းပိုက်ကာ နယ်မြေရှင်းလင်း ရေး လုပ်ဆောင်ပြီးပြီဟု ဆိုသော်လည်း စစ်တပ်မှ လေကြောင်းသုံး တိုက်ခိုက်မှု အချိန်မရွေးလုပ်လာနိုင်သော ကြောင့် နေရပ်မပြန်ရဲကြသေးဘူးဟု ဆိုင်းတောင်ဒေသခံများက ဆိုသည်။
ဖားကန့်မြို့နယ်တွင် KIA နှင့် ပူးပေါင်းအဖွဲ့က ဆိုင်းတောင် အပါအဝင် နန့်ယားတပ်စခန်း၊ နန်တိန်း၊ တောမှော်၊ လှမောင်သိန်း၊ ကသိုဏ်းတောင်၊ တန် ၃၀၀၀ ခေါ် နမ့်မှော်တပ်စခန်း၊ တာမခန်၊ ဆယ်ဇင်းတပ်စခန်း၊ ဝှေခါ ကျေး ရွာရှိ တပ်စခန်းနှင့် ရဲစခန်း၊ ညောင်ပင်တပ်စခန်း နှင့် ချောင်းဝ တပ်စခန်းတို့ကို သိမ်းပိုက်ထားပြီး ဖြစ်သည်။