ရေဘေးနှင့် စစ်ဘေးရှောင် ပြည်သူများကို နယ်စပ်ဖြတ်ကျော် အကူအညီပေးရန် တောင်းဆို

သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်။

စစ်ဘေးအပြင် ရေဘေးနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေကို အကူညီပေးနိုင်ဖို့အတွက် နယ်စပ်ဖြတ်ကျော် အကူညီပေးရေးကပဲ အထိရောက်ဆုံးဖြစ်လိမ့်မယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။

စစ်ကောင်စီကနေ တစ်ဆင့်သွားနေတဲ့ နိုင်ငံတကာရဲ့ ထောက်ပံ့ကူညီပေးမှုတွေက အမှန်တစ်ကယ် အကူအညီ လိုအပ်နေတဲ့ ပြည်သူတွေဆီ ရောက်ရှိမှုအားနည်းနေတဲ့အတွက် နယ်စပ်ဖြတ်ကျော် အကူအညီပေးတာကပဲ အထိရောက်ဆုံးဖြစ်လိမ့်မယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေက ထောက်ပြပြောဆိုထားပါတယ်။

စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ပြည်သူတွေဟာ ယာဂီမုန်တိုင်းအဖျားခတ်မှုကြောင့် ရေဘေးနဲ့ ထပ်မံ ကြုံတွေ့ခဲ့ကြရပြီး လူပေါင်းသိန်းနှင့်ချီ အရေးပေါ် အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။

အထူးသဖြင့် လက်နက်ကိုင် ထိန်းချုပ်မှုအားကောင်းတဲ့ ဒေသတွေမှာ နိုင်ငံတကာ အလှူရှင်တွေကို အဓိကထား မှီခိုနေရတဲ့ အခြေအနေမျိုး ဖြစ်တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက ပြောပါတယ်။

“ဒီစစ်ဘေးစစ်ဒဏ် သင့်မှုအပေါ်မှာ ထပ်လောင်းပြီးတော့မှ သဘာဝ ဘေးအန္တရာယ်ကိုလည်းပဲ ရင်ဆိုင် ကြုံ တွေ့နေရတယ်၊ တစ်ဒုက္ခကနေ နှစ်ဒုက္ခပေါ့နော် ထပ်လောင်းဒုက္ခ အကြပ်အတည်းပေါင်း များစွာနဲ့ရင်ဆိုင် ကြုံ တွေ့နေရတဲ့ အရပ်သား ပြည်သူလူထုတွေဟာ ဆိုရင်တော့ သက်ဆိုင်ရာ ပါဝင်လုပ်ဆောင်သူ အသီးသီး ကူညီ ပံ့ပိုးပေးခြင်း မရှိဘဲနဲ့တော့ ဘယ်လိုမှ ရှင်သန်နေထိုင်လို့ မရဘူးပေါ့နော်။ သူတို့ကလည်း ဒီ လူသားချင်း စာနာ ထောက်ထားမှု အကူအညီတွေကိုပဲ အဓိကထားပြီးတော့ မှီခိုပြီးတော့မှ ရှင်သန်နေထိုင်နေရတဲ့ အခြေအနေမျိုး ရှိနေတယ်။

စစ်ကောင်စီ ထိန်းချုပ်မှု မရှိတော့တဲ့ ဒေသတွေမှာ လူသားချင်း စာနာထောက်ထားရေး အကူအညီတွေကို သက် ဆိုင်ရာ အာဏာပိုင်တွေက တစ်ဆင့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက တစ်ဆင့် ဆောင်ရွက်မယ်ဆိုရင် အမှန်တကယ် အကူအညီလိုအပ်နေတဲ့ ပြည်သူတွေဆီ ရောက် ရှိမှာ မဟုတ်ဘဲ ဒီအကူအညီတွေကို စစ်တပ်က လက်နက်သဖွယ်ပြန်လည် အသုံးချနေတယ်လို့ စောနန္ဒဆူးက ဆက်ပြောပါတယ်။

“နိုင်ငံတကာရဲ့လုပ်ထုံးလုပ်နည်း အရတော့ ဒီပုံမှန်အားဖြင့်လည်း G to G ပဲ သွားနေတဲ့ အခန်းကဏ္ဍမှာ များ တယ် ဒါပေမယ့် လက်ရှိ ကျနော်တို့ နိုင်ငံရေး အခြေအနေအရ ဆိုရင်တော့ အဲ့လိုမျိုးသွားရင်တော့ အကူအညီ လိုအပ်တဲ့ ပြည်သူတွေဆီကိုတော့ ဒီအကူအညီတွေက ရောက်ရှိမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုရင် အမြဲတမ်း ကျနော်တို့ ထောက်ပြလေ့ရှိတဲ့ အရာတစ်ခုက ဒီလူသားချင်း စာနာထောက်ထားမှု အကြပ်အတည်းနဲ့ လူ့အခွင့်အရေး အကြပ်အတည်း ဖြစ်စေတဲ့ အခြေခံ အကြောင်းတရားက စစ်ကောင်စီ ဖြစ်တယ်ပေါ့နော်။ ပြီးရင် ဒီအကြပ်အတည်းတွေကို သူတို့က လက်နက်သဖွယ် အသုံးပြုတယ်။ ဒီအကြပ်အတည်းတွေ ပိုဖြစ် ပေါ်လာလေလေ သူတို့အတွက် အခွင့်ရေးတွေ ပိုရလာလေလေ ဒီအကြပ်အတည်းတွေကို အသုံးချဖို့ အတွက် ပေါ့။”

ဒါ့အပြင် ကရင်နီပြည်မှာလည်း စစ်ကောင်စီက တစ်ဆင့် ပေးအပ်ခဲ့တဲ့ နိုင်ငံတကာရဲ့ အကူအညီတွေက အမှန် တစ်ကယ် အကူအညီ လိုအပ်သူတွေဆီ ရောက်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့ကြောင့် ဒေသတွင်းရှိ ကူညီ ဆောင်ရွက်ပေးနေသူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်မှပဲ ထိရောက်မှုရှိလိမ့်မယ်လို့ ကရင်နီနဲ့ ရှမ်း-ကရင်နီ အစပ်က ရေဘေးသင့် ပြည်သူတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကျေးလက်မြေအဖွဲ့ ဒါရိုက်တာ မူစဲက ပြောပါတယ်။

“သူတို့တွေလှူမယ့်ဟာက ကျနော်တို့ဘက်ဆီကို ဘယ်နှစ်ရာခိုင်နှုန်း ရောက်မှာလဲ၊ ဘယ်လိုရောက်မှာလဲ၊ ရောက်ကော ရောက်မှာလားပေါ့ ဒါတွေက မေးခွန်းဖြစ်တယ်ပေါ့နော်။ သေချာတဲ့တစ်ခုက တစ်ကယ်လို့သာ WFP ကနေပြီးတော့မှ ဒီနယ်စပ်ဖြတ်ကျော်တဲ့ အကူအညီတွေကို ပေးမယ်ဆိုရင် ဒေသထဲမှာရှိတဲ့ ကူညီတဲ့ သူတွေ ကိုယ်တိုင်ဆီကို သူတို့ပေးမယ်ဆိုရင်တော့ ဒါကသေချာတယ် သူတို့ လှူသလောက် ရောက်မယ်ပေါ့ လေ၊ တစ်ကယ်လို့သာ မဟုတ်ဘဲနဲ့ စစ်ကောင်စီ စစ်အုပ်စုဘက်ကနေပဲ ဖြတ်မယ်ဆိုရင် ရောက်တာနည်းမယ် နောက်တစ်ခုက ရောက်ရော ရောက်ပါ့မလားပေါ့။”

ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကရင်နီကို ဝင်ရောက်လာတဲ့ ကုန်စည်တွေအပြင် လူသားချင်း စာနာထောက်ထား မှု အကူအညီတွေကို ရှမ်း-ကရင်နီ နယ်စပ်ရှိ စစ်ကောင်စီနဲ့ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ PNO ဂိတ်တို့မှာ ဟန့်တား ပိတ်ပင်မှုတွေ ခြိမ်းခြောက်မှုတွေရှိနေတဲ့ အတွက် အခက်အခဲတွေ ပိုမိုဖြစ်ပေါ်နေတယ်လို့ ဆိပါတယ်။

ဒါ့အပြင် စစ်ကောင်စီကို ပေးအပ်ထားတဲ့ နိုင်ငံတကာက အကူအညီတွေဟာ ကရင်နီပြည်အတွက် မရရှိတဲ့အပြင် ရေကြီးမှုကို အခွင့်ကောင်းယူပြီး စစ်တပ်က စစ်ကြောင်းထိုးတွေ လုပ်လာလို့ ကူညီကယ်ဆယ်ရေး လုပ်ချိန် အခက်အခဲ ဖြစ်စေတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောပါတယ်။

“စစ်ကောင်စီ မထိန်းချုပ်ထားတဲ့နယ်မြေတွေမှာဆိုရင် ကျွန်တော်တို့ရဲ့IEC ကြားကာလ အုပ်ချုပ်ရေး ကောင် စီတွေရဲ့ အုပ်ချုပ်ရေးတွေ ဒီမိုကရက်တစ် အင်အားစုတွေရဲ့ ပံ့ပိုးမှုတွေနဲ့ ရရှိနေကြတယ်။ အဲဒီနေရာတွေထဲ ကို စစ်ကောင်စီတွေက မဝင်လာနိုင်တဲ့အတွက် စစ်ကောင်စီတွေက အခုချိန်ထိ စားနပ်ရိက္ခာတွေ ဆေးဝါးတွေ ကို ပံ့ပိုးပေးထားတာတွေ လုံးဝ လုံးဝမရှိပါဘူး၊ ဒီလိုပံ့ပိုးမှု မရှိတဲ့အပြင် စစ်ကောင်စီဘက်က ဒီရေလွမ်းမိုးတဲ့ ဒေသတွေဘက်ကို စစ်ကြောင်းတွေ ရေပိုလွမ်းမိုးနေတဲ့အတွက် ကုန်းဘက်ကနေသွားလို့ရတဲ့ နေရာ နည်း နည်းလေးကနေမှ စစ်ကောင်စီက ကုန်းလမ်းကနေ စစ်ကြောင်းထိုးနေတာတွေ လက်နက်ကြီးတွေ ပစ်နေတာ တွေ ဖြစ်နေပါတယ်။ ဒါကြောင့်မလို့ လက်ရှိအခြေနေမျိုးမှာ ကရင်နီပြည်ထဲကို အကူအညီတွေ ရောက်ဖို့ အတွက်က အင်မတန်မှ ခက်ခဲနေတဲ့ အခြေနေမျိုးဖြစ်တယ်။”

အောက်တိုဘာလ ၂ ရက်နေ့က ဂျပန်လွှတ်တော်အမတ်တွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံချိန် ခွန်းဘီထူးက ပြောဆိုခဲ့ တာ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံက ကရင်နီရေဘေးအတွက် ကုလသမဂ္ဂ UN က တစ်ဆင့် အလှူငွေတွေ ထည့်ဝင် ကူညီဆောင်ရွက် ပေးနေသလို ဂျပန်နိုင်ငံရှိ NGO အဖွဲ့အစည်းတွေကနေလည်း တိုက်ရိုက် ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်ပြီး ထိရောက်တဲ့ အကူအညီပေးရေး နည်းလမ်းတွေကို ရှာဖွေဆောင်ရွက်သွားမယ်လို့ ဂျပန်လွှတ်တော်အမတ် တွေ က အွန်လိုင်း တွေ့ဆုံဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။

အရေးပေါ် အကူအညီတွေ ထိရောက်စွာ ရရှိနိုင်ရေးအတွက် ထိုင်းနိုင်ငံက တစ်ဆင့် နယ်စပ်ဖြတ်ကျော် အကူ အညီတွေ ပေးနိုင်ရေး ကူညီပေးကြဖို့ ခွန်းဘီထူးက တိုက်တွန်းပြောဆိုထားပါတယ်။

ထိုင်းနဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ကရင်ပြည်ထဲက အကူအညီလိုအပ်နေတဲ့ ပြည်သူတွေအတွက်လည်း နယ်စပ် ဖြတ်ကျော် အကူအညီပေးရေး လုပ်ငန်းတွေအတွက် တင်းကြပ်မှုတွေ ဖြေလျှော့ပေးဖို့ ထိုင်းအာဏာပိုင်တွေကို အစဉ်တစ်စိုက်တောင်းဆိုနေတယ်လို့ စောနန္ဒဆူးက ပြောပါတယ်။

“တစ်ချိန်တည်းမှာပဲ ကျနော်တို့အနေနဲ့ ဒီဘက်အခြမ်းပေါ့နော ထိုင်းအာဏာပိုင် အစိုးရတွေကိုလည်း အမြဲ တမ်း တောင်းဆိုလေ့ရှိတယ်။ ဒီနယ်စပ်ဖြတ်ကျော်ရေး လုပ်ငန်းစဉ်တွေကိုပေါ့နော်။ အတင်းအကြပ် အများ ကြီး မချထားဖို့ အဟန့်အတားတွေ အများကြီး မလုပ်ပေးဖို့။ နောက်ဖြစ်နိုင်တဲ့ အခြေအနေ အတိုင်းအတာ အလျောက် ခွင့်ပြုချက်တွေကို ပေးဖို့ပေါ့နော် ဒါတွေက အစဉ်အမြဲ ထိုင်းအာဏာပိုင် အစိုးရတွေကို အမြဲ ကျနော်တို့ တောင်းဆိုနေရတဲ့ အရာတွေပဲ ဖြစ်တယ်။”

နိုင်ငံတကာက ပေးတဲ့ အကူအညီတွေက စစ်ကောင်စီကနေ တစ်ဆင့်ပေးအပ်မယ် ဆိုရင် ထိရောက်မှု မရှိနိုင်တဲ့ အတွက် ထိုင်းနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ကရင်နဲ့ ကရင်နီပြည်ထဲက စစ်ဘေးနဲ့ ရေဘေးပါ ကြုံနေရတဲ့ ပြည်သူတွေအတွက် ထိုင်းကနေ တစ်ဆင့် နယ်စပ်ဖြတ်ကျော် အကူအညီတွေ ပေးဖို့ ဒေသတွင်းရှိ သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ကူညီဆောင်ရွက်နေသူတွေက အရေးတကြီး တောင်းဆိုထားကြပါတယ်။

လက်ရှိ စစ်ကောင်စီက ရေဘေးကြောင့် ဒုက္ခရောက်နေသူတွေကို ကူညီဆောင်ရွက်မှုတွေထက် လက်လွတ် လိုက်ရတဲ့ နယ်မြေတွေထဲက ပြည်သူတွေ နေထိုင်တဲ့ ရပ်ရွာတွေထဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ အပြင် ရွေးကောက်ပွဲကျင်းပနိုင်ရေး သန်းခေါင်စာရင်း ကောက်တဲ့ လုပ်ငန်းတွေကိုပဲ အာရုံစိုက်နေကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။

ကရင်အမျိုးသား အစည်းအရုံး (KNU) နယ်မြေ၊ ခရိုင် ၇ ခုအတွင်းရှိ မြို့နယ်ပေါင်း ၂၀ လောက်မှာ ရေ‌ဘေး ကြုံခဲ့ရပြီး ပြည်သူ ၃၈၀,၀၀၀ ကျော် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ အရေးတကြီး လိုအပ် နေတယ်လို့ KNU က စက်တင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကရင်နီပြည်ထဲမှာလည်း လူဦးရေ ၃၀,၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး လယ်ဧကပေါင်း ၇,၀၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ရတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC တာဝန်ရှိသူတွေနဲ့ အကူအညီ ပေးနေသူတွေက ပြောပါတယ်။

United Nations Myanmar က ရေဘေးနဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာခဲ့ရတဲ့ မြန်မာနိုင်ငံ အနှံ့အပြားရှိ ပြည်သူလူထုရဲ့ လိုအပ်ချက်တွေကို လူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေက ထိရောက်စွာ တုံ့ပြန် ဆောင် ရွက်ပေးနိုင်ရေး ထပ်တိုး ရန်ပုံငွေရရှိရေးနဲ့ ဘေးဒဏ်သင့်ဒေသတွေထဲ အကန့်အသတ်မရှိ ဝင်ရောက် အကူအညီ ပေးနိုင်ရေး အရေးကြီးနေတယ်လို့ စက်တင်ဘာလ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကလည်း ကရင်နီပြည်၊ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးတို့မှာ အရေး ပေါ် အစားအစာနဲ့ အာဟာရ အစီအစဉ်တွေကို ဆောင်ရွက်နေပြီး လုံခြုံရေးကန့်သတ်ချက်တွေ၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လက်လှမ်းမမှီမှုနဲ့ ရန်ပုံငွေဆိုင်ရာ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ အနည်းဆုံးလူ နှစ်သန်းကို ကူညီနိုင်ရေး အစွမ်းကုန် လုပ်ဆောင်နေပြီး ဒေသခံ မိတ်ဖက်အဖွဲပတွေနဲ့ ပိုမိုလုပ်ဆောင်နေတယ်လို့ WFP က ဆိုပါတယ်။

ယာဂီမုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း ၇၀ လောက်မှာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ပြီး စက်တင်ဘာ ၂၈ ရက်နေ့အထိ ရေဘေးသင့် ပြည်သူ တစ်သန်းလောက် ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်း ရေးရုံး (UNOCHA) က ထုတ်ပြန်ထားပါတယ်။