တစ်ပူပေါ် တစ်ပူဆင့် ဒုက္ခပင်လယ်ဝေနေတဲ့ ကရင်နီစစ်ရှောင်များ၏ ဘဝ
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်။
ကရင်နီပြည်နယ်ထဲက စစ်ရှောင်တွေဟာ စစ်ရှောင်ကာလကြာလာတာနဲ့အမျှ စားနပ်ရိက္ခာအခက်အခဲ၊ ကျန်းမာ ရေး ဝန်ဆောင်မှု မရတာ၊ ကလေးတွေရဲ့ ပညာရေးပိုင်း ထိခိုက်နစ်နာတွေကို တစ်နေ့ထက်တစ်နေ့ ပိုပိုကြုံရပြီး ခက်ခဲမှုတွေ၊ မျှော်လင့်ချက်ကင်းမဲ့မှုတွေ ဖြစ်လာနေပါတယ်။ စိတ်ပိုင်း၊ ခန္ဓာပိုင်း ထိခိုက်လာနေပေမယ့် ရှိနေ တဲ့နေရာ၊ ရောက်နေတဲ့ နေရာမှာ အဆင်မပြေပြေအောင် နေထိုင်နေကြရပါတယ်။
ကရင်နီပြည်ထဲမှာ စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကို ၇ လအတွင်း အကြိမ် ၇၀၀ နီးပါး လုပ်ဆောင်ခဲ့တယ်လို့ ကရင်နီပြည် တပ်မတော် – KA က ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကောင်စီတပ်က ဘာကြောင့် ပိုပြီးလုပ်လာနေတာလဲ ဆိုတာကလည်း စစ်ရေးအရ လေ့လာစောင့်ကြည့်ဖို့ အရေးကြီးတဲ့ အချက်တစ်ချက် ဖြစ်ပါတယ်။
ဗိုလ်မှူးကြီး ဘုန်းနိုင် ကရင်နီပြည်တပ်မတော် – KA စစ်ရေးချုပ် “များသောအားဖြင့် ကျနော်တို့ ကြဲခံရတာက လွိုင်ကော်၊ ရှားတော၊ မယ်စဲ့ ပြီးတော့မှ ဖားဆောင်း။ အကြိမ် ပေါင်းကတော့ ၆၀၀၊ ၇၀၀ လောက်ရှိတယ်“ လို့ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုတွေဟာ ၂၀၂၄ ခုနှစ်၊ ဇန္နဝါရီလ ၁ ရက်နေ့ကနေ ဇူလိုင်လကုန်အထိဖြစ်တယ်လို့ ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။
စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု ပိုမိုပြုလုပ်လာရတဲ့ အကြောင်းနဲ့ပတ်သက်ပြီးတော့လည်း ဗိုလ်မှူးကြီး ဘုန်းနိုင်က အခုလို ဆက် ပြောပါတယ်။
“သူတို့ စစ်တိုက်တာက တိုက်ပွဲဖြစ်တဲ့အချိန်မှာ သူတို့က သူ့လူက အနာများပြီး တိုက်ပွဲမှာ အကျအဆုံးများရင် သူ့လေယာဉ်ခေါ် ပြီး လာကြဲပြီ အဲ့လိုပဲလုပ်ပါတယ်။ တပ်မအလိုက် ပြုတ်တာရှိတော့ သူတို့က စစ်ကူတောင်း တာပေါ့လေ။ ပြည်နယ်အတွင်းမှာရှိတဲ့ လူထုအိုးအိမ်တွေ ပျက်စီးအောင်လုပ်တာပေါ့။ လေယာဉ်ပစ်ကူအနေနဲ့ သူတို့ လာကြဲတာရှိတယ်။ အဲ့မျိုးလုပ်တာ ခပ်များများပဲ။”
စစ်ကောင်စီတပ်ဟာ တိုက်ပွဲအတွင်း အကျအဆုံးများလာတဲ့အချိန်တိုင်း စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ် မခွဲခြားဘဲ လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်မှုတွေကို ပိုပြီးလုပ်ဆောင်တယ်လို့ ဗိုလ်မှူးကြီး ဘုန်းနိုင် က ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပညာသင်ကြားနေတဲ့ကလေးတွေအတွက် စိုးရိမ်နေရတယ်လို့ ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စာသင်ကျောင်းတစ်ကျောင်းမှာ စာသင်ကြားပေး နေတဲ့ ကျောင်းတာဝန်ခံ CDM ဆရာမတစ်ယောက်က အခုလို ပြောပါတယ်။
“အဓိက စိုးရိမ်စရာက တိုက်ပွဲကြောင့်လာတဲ့ လေယာဉ်တွေပေါ့နော်။ သူတို့က တိုက်ပွဲမဟုတ်တဲ့နေရာတွေ အခုနောက်ပိုင်းဆို စာသင်ကျောင်းတွေကို ဦးတည်တဲ့ခါကြတော့ ကျမတို့ကတော့ အဲ့လိုမျိုး စိုးရိမ်ရပါတယ်။ ကလေးတွေ ပညာဆက်လက်သင်ယူဖို့အတွက် စိတ်မပါတော့မှာ ကျမတို့ စိုးရိမ်တယ်။ စာကောင်းကောင်း မသင်ရမှာကို ကျမတို့ စိုးရိမ်တယ်”
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ရဲ့စာရင်းအရ ဇန္နဝါရီလကနေ ဇွန်လအထိ ၆ လအတွင်း စစ်ကောင်စီရဲ့လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ကလေးငယ် ၉ ယောက်၊ အမျိုးသမီး ၂ ယောက်၊ အမျိုးသား ၄ ယောက်နဲ့ အချက်အလက်မရှိသူ ၁ ယောက် သေဆုံးခဲ့ပြီး ကလေး ၉ ယောက်၊ အမျိုး သမီး ၁၄ ယောက်နဲ့ အမျိုးသား ၁၂ ယောက်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
လွိုင်ကော်မြို့မှာလည်း စစ်ကောင်စီတပ်က အင်အားတိုးချဲ့မှုတွေနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို လုပ်ဆောင်ရင်း ပြည်သူတွေရဲ့နေအိမ်တွေကို နေ့တိုင်း မီးရှို့ဖျက်ဆီးနေတယ်လို့ ကရင်နီတပ်မတော် (KA ) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က ပြောပါတယ်။
“သူတို့ကတော့ လူထုကို ပြန်နေနိုင်အောင်လို့ ပြောသာပြောတာပဲ။ ဒါပေမဲ့ လူထုအိမ်မီးရှို့တာက ဆန့်ကျင်ဘက် ဖြစ်နေတယ်ပေါ့။ ပြည်သူလူထုလည်း ထင်ယောင်ထင်မှားဖြစ်အောင် နောက်ပြီးတော့ သူတို့ လွိုင်ကော် ထိန်း သိမ်းထားနိုင်ပါတယ်ဆိုတဲ့သဘောနဲ့ သူတို့က တခြားမသိတဲ့လူတွေ နားမလည်တဲ့သူတွေကို နားယောင်ချတဲ့ သဘောဖြစ်ပါတယ်”
စစ်ကောင်စီတပ်က လွိုင်ကော်မြို့ပေါ်ရှိ နေအိမ်တွေကို မီးရှို့ဖျက်ဆီးထားတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ဗိုလ်မှူးကြီး ဘုန်းနိုင် အခုလို ဆက်ပြောပါတယ်။
“အဲ့ဒီ မှိုင်းလုံးရပ်ကွက်မှာ တချို့ပါမယ်။ နောက်ပြီးတော့မှ မြကလပ်တောင်ဘက်မှာလည်း တချို့ပါမယ်။ နောက်ပြီးတော့မှ နန့်ဘော်ဝမ် ရပ်ကွက် ၄ တွေ အဲ့ဒါလည်းပါမယ်။ သူတို့ ထွက်ထွက်ပြီးတော့ မီးရှို့တယ်လို့တော့ ပြောတယ်။ သူတို့ကတော့ အကုန်လုံး ဖျက်ဆီးနိုင်အောင်တော့ သူတို့ဖျက်မှာပဲလေ”
စစ်ကောင်စီတပ်က လွိုင်ကော်မြို့ရှိ မိုင်းလုံးရပ်ကွက်မှာ ဇွန်လ နောက်ဆုံးပတ်ကစပြီး အင်အားတိုးချဲ့ စစ်ရေး လှုပ်ရှားမှုတွေလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဇူလိုင်တုန်းကဆိုရင် မြို့ပေါ်ရပ်ကွက်အတွင်းရှိ ပြည်သူတွေရဲ့အိမ် အလုံးရေ ၆၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံတွေ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို သိမ်းယူဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)က ထုတ်ပြန်ထားပါတယ်။
လွိုင်ကော်မြို့ခံအမျိုးသားတစ်ဦးက “လက်ရှိ စစ်ကောင်စီတွေ ကျနော်တို့ ပြည်သူနေအိမ်တွေကို သူတို့ရဲ့ မြင် ကွင်း နည်းနည်းရှင်းအောင် ရှင်းထုတ် လိုက်တဲ့ ကိစ္စကတော့ ဒါကတော့ အကြမ်းဖက်တပ်က အကြမ်းဖက် အလုပ်လုပ်တာက သူတို့ လုပ်နေကျ လုပ် နေမြဲပဲပေါ့နော။ ဒါပေမဲ့ ဒါစစ်ကောင်စီက လက်ရှိ အကြမ်းဖက် လုပ်ရပ်ကို သူတို့ တစ်စိုက်မတ်မတ် ဆက်သွား နေတာကိုပဲ အဓိကလို့ ကျနော်တော့ သုံးသပ်ချင်တယ်ပေါ့နော်။ ဘယ်တော့မှ ပြင်မှာ မဟုတ်သလို ပြင်သွားမယ့် အနေအထား အခြေအနေမျိုးလည်း ရှိမှာမဟုတ်ဘူးလို့ ကျနော် မြင်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က အခုလို အရပ်သားနေအိမ်တွေကို မီးရှို့နေတာဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တဲ့ အတွက် လုံးဝ ရှုတ်ချတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောပါတယ်။
ကျေးလက်မြေအဖွဲ့ ဒါရိုက်တာ မူစဲက “သူတို့ရဲ့လုပ်ရပ်က ဒါလုံးဝ လက်သင့်ခံလို့ မရဘူးပေါ့နော်။ ဘာလို့လဲဆို ပြည်သူက အနှစ်နှစ် အလလ သွေးနဲ့ ချွေးနဲ့ ရင်းပြီးတော့မှပေါ့နော် မစားရက် မသောက်ရက် စုထားပြီးတော့မှ ဆောက်ထားတဲ့အိမ် ဖြစ်တယ်ပေါ့ လေ။ ဒီတော့ သူတို့ အခုလုပ်ရပ်က တကယ်ကိုပဲပေါ့နော လက်သင့်မခံဘူး။ ဒါ လူ့အခွင့်အရေး ချိုးဖောက်မှု လည်း ဖြစ်တယ်ပေါ့နော်။ ဒါကို ရှုတ်ချပါတယ်လို့ ပြောချင်ပါတယ်” လို့ ပြောပါတယ်။
လွိုင်ကော်မြို့ပေါ် မှာ တစ်လေးလုံး စစ်ဆင်ရေး စတင်ချိန်ကနေ ဒီနေ့အချိန်ထိ မိုင်းလုံး၊ ရွာတန်းရှည်၊ ထူဒူငံသ၊ လွိုင်ကော်နည်းပညာ တက္ကသိုလ်နဲ့ မြကလပ်တောင်နေရာတွေမှာ ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ နေ့တိုင်း ဖြစ်ပွားနေပါတယ်။
ပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့ခံရမှု၊ ရိက္ခာတွေ မရောက်လာတဲ့ အခြေအနေတွေကြောင့် စစ်ရှောင်တွေ နောက်ထပ် ကြုံရတဲ့အခက်အခဲကတော့ ကုန်စျေးနှုန်းကြီးမြင့်မှုတွေ ဖြစ်ပါတယ်။
ကုန်စျေးနှုန်းကြီးမြင့်မှုရဲ့ အကြောင်းအရင်းတခုကတော့ နိုင်ငံရေး မတည်ငြိမ်မှုတွေရဲ့ နောက်ဆက် တွဲဖြစ်တဲ့ မြန်မာငွေတန်ဖိုးကျဆင်းလာတဲ့ အခြေအနေပါ။ ဒီအခြေအနေကလည်း စစ်ရှောင်တွေ အပေါ် ရိုက်ခတ်မှု ရှိခဲ့ပါတယ်။
မြန်မာငွေတန်ဖိုးကျဆင်းလာတဲ့အတွက် ထိုင်း-မြန်မာနယ်စပ်၊ မြန်မာဘက်ခြမ်းရှိ ကရင်နီပြည်ထဲက စစ်ဘေး ရှောင်တွေနဲ့ ဒေသခံပြည်သူတွေ စားနပ်ရိက္ခာဝယ်ယူရရှိဖို့ ပိုမိုခက်ခဲလာပြီး ကုန်စျေးနှုန်း မြင့်တက်မှုဒဏ်ကို အလူးအလဲ ခံနေကြရတယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။
မြန်မာကျပ်ငွေ အဆမတန်ကျဆင်းပြီး နိုင်ငံခြားငွေမြင့်တက်မှုကြောင့် ထိုင်း – မြန်မာနယ်စပ်၊ ကရင်နီပြည် ဘက်ခြမ်းမှာ နေထိုင်တဲ့ စစ်ဘေးရှောင်ပြည်သူတွေ အခက်တွေ့နေကြပါတယ်။
စစ်ဘေးရှောင်အမျိုးသမီးတစ်ဦး “နယ်စပ်မှာနေတာ ဘယ်လိုအခက်အခဲနဲ့ ကြုံရလဲဆို အများကြီး ကြုံရတယ် ပေါ့နော။ ပစ္စည်းဝယ်တဲ့နေရာမှာ ရော ပြီးရင် အစားအသောက်တွေ ဝယ်တဲ့နေရာမှာရော အဘက်ဘက်ပေါ့နော်။ စီးပွားရေးပဲဖြစ်ဖြစ်၊ ကျန်းမာ ရေးပဲဖြစ်ဖြစ် အဘက်ဘက်နဲ့ကြည့်ရမယ်ဆို အရမ်းအခက်အခဲ ကြုံတွေ့နေရ တယ်ပေါ့နော်။ ဒုက္ခရောက်တယ်ပေါ့” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ဒုတိယပတ်ထဲမှာ(ပြင်ထားပါတယ်) မြန်မာငွေကျပ်တစ်သိန်းကို ထိုင်းဘတ်ငွေ ၆၀၀ အောက် အထိရောက်သွားခဲ့ပြီး ဒါက အခုနှစ်ထဲ ဘတ်နဲ့ ကျပ်လဲလှယ်မှုမှာ မြန်မာကျပ်ငွေတန်ဖိုး ဆိုးဆိုးရွားရွား ကျဆင်း မှု ဖြစ်တယ်လို့ နယ်စပ်မှာ ငွေလဲလှယ်တဲ့လုပ်ငန်းလုပ်နေသူတွေက ပြောပါတယ်။
ဒီလိုငွေလဲနှုန်းစျေးတွေ မငြိမ်သက်မှု၊ မြန်မာငွေကျပ်စျေး ကျဆင်းမှုတွေကြောင့် စစ်ဘေးရှောင်တွေအတွက် အလှူရှင်တွေက အလှူငွေပေးလာချိန်မှာ အစားအသောက်တွေ ရိက္ခာတွေဝယ်တဲ့အခါ ကုန်စျေးနှုန်းမြင့်တက်မှု ဒဏ်တွေနဲ့ ကြုံနေရတယ်လို့ ကျေးလက်မြေအဖွဲ့က ဦးဇော်မင်းထိုက်က ပြောပါတယ်။
“ဒီလို ကုန်ဈေးနှုန်းတွေက တအားကြီးမြင့်လာတဲ့ အခါမှာ အရင်တုန်းက ဥပမာ ငရုတ်သီးစိမ်းတစ်ပိဿာ လေး ထောင်လောက် ဈေးဆိုတာ အခုဟာကျတော့ တစ်သောင်းလောက်ဖြစ်သွားတယ်။ ဥပမာ နှစ်ပိဿာ လှူရမယ့် အခါမျိုးမှာ တစ်ပိဿာလောက်ပဲ လှူရတဲ့အခါတွေလည်း ရှိတယ်ပေါ့နော။ ဒီလိုပဲ စားဆီဆိုရင်လည်း တစ်ပိဿာ ကို နှစ်သောင်းကျော်လောက်ထိ အခြေအနေဖြစ်သွားတော့ ဥပမာ လူနှစ် ယောက်စာကို ၅၀ သား လှူရမယ့်ဟာ က ဈေးနှုန်းတွေက ဒီလိုမျိုး မြင့်သွားတော့ တစ်ယောက်စာပဲ လှူနိုင်တဲ့အခြေအနေ အချိန်အခါတွေလည်း ရှိတယ် ပေါ့နော။ အဲ့တော့ အခက်အခဲ စိန်ခေါ်မှုကတော့ နေ့စဉ်နေ့ရက်တိုင်းလိုပဲ ခက်ခဲကြမ်းတမ်းတဲ့ အခက်အခဲ မြောက်များစွာကို စိန်ခေါ်ပြီးတော့ အလုပ်လုပ်နေရတာပေါ့နော။”
မြန်မာငွေကျပ်စျေးနှုန်းဖောင်းပွမှု၊ တန်းဖိုးကျဆင်းမှုတွေကြောင့် ကုန်စျေးနှုန်းတွေက အဆမတန်တက်နေတဲ့ အပြင် စက်သုံးဆီစျေးနှုန်းတွေကလည်း တရိပ်ရိပ် တက်လာလို့ ကုန်သည်တွေရော ကားသမားတွေပါ အခက် အခဲ ဖြစ်နေကြပါတယ်။
ထိုင်း – မြန်မာနယ်စပ်မှာ ငွေဈေးနှုန်းက ဖေဖော်ဝါရီလကစပြီး ငွေတန်ဖိုး ကျပ် ၁ သိန်းကို ထိုင်းဘတ် ၉၉၅ ဘတ်အထိကျဆင်းခဲ့ပြီး အခု စက်တင်ဘာလပထမပတ်ထဲမှာတော့ ကျပ် ၁ သိန်းကို ဘတ် ၆၀၀ ကျော်အထိ ကျဆင်းခဲ့ပါတယ်။
စစ်ရှောင်တွေရဲ့ အခက်အခဲတွေကို ပြောရမယ်ဆိုရင် မကုန်နိုင်ပါဘူး။ နေရပ်အိုးအိမ်ကို စွန့်ခွာပြီး ဘေးလွှတ် နိုင်မယ်လို့ ထင်တဲ့ နေရာတွေမှာ နေနေရင်းနဲ့ကို အသက်ဘေးအန္တရာယ်က နေ့တိုင်းရှိနေတာ ဖြစ်ပါတယ်။
တိုက်ပွဲတွေ ဖြစ်တာမျိုး မရှိဘဲနဲ့ စစ်ရှောင်တွေနေတဲ့ နေရာတွေကို စစ်ကောင်စီက ထင်မထားတဲ့အချိန်တွေမှာ လေကြောင်း ကနေ ဗုံးကြဲတာ၊ ဒရုန်းနဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို လုပ်လေ့ရှိပါတယ်။ အသက်အန္တရာယ်၊ မိသားစုစားဝတ်နေရေး၊ ကလေးတွေရဲ့ ပညာရေး၊ အနာဂတ်ရေး မသေချာ မရေရာမှုတွေထဲ ရှင်သန်နေရတဲ့ စစ်ရှောင်တွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ဖြစ်လာနေကြပါတယ်။
စစ်အာဏာသိမ်းကာလကြာလာတာနဲ့အမျှ စစ်ရေးပဋိပက္ခတွေကြားက ကရင်နီစစ်ဘေးရှောင်ပြည်သူတွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုတွေကို ပိုပြီးခံစားလာနေရတယ်လို့ စစ်ဘေးရှောင်တွေနဲ့ အကူအညီပေးနေသူ တွေက ပြောပါတယ်။
စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ် အရပ်သားပစ်မှတ် မခွဲခြားဘဲ ရပ်ရွာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို လေကြောင်းကနေ တိုက်ခိုက်တာတွေ လုပ်လာတဲ့နောက်ပိုင်းမှာ စစ်ဘေးရှောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ အပြု အမူတွေဟာ သိသိသာသာ ပြောင်းလဲလာတယ်လို့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေသူတွေက ပြောပါ တယ်။
အကူအညီပေးနေသူတစ်ဦး က“စစ်ဘေးရှောင်တွေ တော်တော်များများက ဘာကိုစိုးရိမ်သလဲဆိုရင် ပစ်ချတော့ မှာဆိုတဲ့ စိတ်ကလေး၊ ပြီးတော့ ကြောက်ရွံ့တဲ့ စိုးရိမ်တဲ့စိတ် ပြီးတော့နောက်တစ်ခု ဒီစိတ်ပိုင်းဆိုင်ရာပေါ့နော်၊ ဝမ်းနည်းတဲ့စိတ်တွေ ငိုကြွေးချင် တဲ့စိတ်တွေ ဒီစိတ်ထိခိုက်မှုတွေကို ခံစားရတယ်ပေါ့နော်” လို့ ပြောပါတယ်။
လေကြောင်းကနေ မကြာခဏ ဗုံးကြဲတိုက်ခိုက်ခံနေရတဲ့အတွက် စစ်ဘေးရှောင်တွေဟာ လေယာဉ်သံကြားတာနဲ့ သူတို့ရဲ့အပြုအမူတွေ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ပြောင်းလဲသွားတဲ့အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း စစ်ဘေးရှောင်လူငယ်တစ်ဦးက အခုလို ပြောပါတယ်။
ဒီးမော့ဆို အနောက်ဘက်ခြမ်းရှိ စိမ့်စမ်းရေစစ်ရှောင်စခန်းက စစ်ဘေးရှောင်လူငယ်တစ်ဦး “စစ်ဘေးရှောင်တွေ က လေယာဉ်ပျံလာပြီဆို သူတို့က အသံကြားတာနဲ့ သူတို့စိတ်တွေက မခိုင်မာတော့ဘူး။ အရင်ကထက် စိတ်တွေ ပျော့ညံ့လာတယ်။ ဒီလေယာဉ်သံကြားပြီဆိုတော့ ပြေးရမလိုလိုနဲ့ ထိုင်ရမလိုလို၊ အိပ်ရ မလိုလိုနဲ့ ငိုရမလိုလို သူ တို့ အဲ့မျိုးဖြစ်တယ်ပေါ့နော်။ နောက်တချို့ဆို ဒီတိုင်းပဲ ထိုင်ချလိုက်တယ်။ ပြီးတော့ သူတို့ ပြေးဖို့အတွက် နေရ ာရှာကြတယ်။ တချို့ဆိုရင် သူတို့ ခလုတ်ထိပြီးမှ ဒူးတွေ ပြဲသွားကြတယ်။ လေယာဉ်မကြဲ ဘဲနဲ့ သူတို့ ဒဏ်ရာရကြတယ်။” လို့ ပြောပါတယ်။
ဒီးမော့ဆိုမြို့နယ် ရောင်ခြည်ဦးစစ်ရှောင်စခန်းက ကျောင်သား မိခင်တစ်ယောက်ကလည်း လေယာဉ်သံကြား တာနဲ့ ဖြစ်ပေါ်လာတဲ့ သူမရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေကို အခုလို ပြောပါတယ်။
“စိတ်ပိုင်းဆိုင်ရာ တအားထိခိုက်တယ်။ တုန်လှုပ်မှုရှိတယ်။ နောက် လေယာဉ်လာပြီ ပြောသံကြားတာနဲ့ ကိုယ်က ထိတ်လန့်နဲ့ပေါ့နော်။”
တစ်ဖက်မှာတော့ စစ်ကောင်စီတပ်ဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သား ပစ်မှတ်တွေအပေါ် လေကြောင်း အသုံးပြုတိုက်ခိုက်မှုတွေကို အရင်ကထက် အခုအချိန်မှာ ပိုပြီးလုပ်ဆောင်နေတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) က ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ အရပ်သားပစ်မှတ်တွေအပေါ် အခုလို လေကြောင်း တိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ် နေတဲ့အတွက် စစ်ဘေးရှောင်တွေဟာ အချိန်ပြည့် စိုးရိမ်ပူပန်နေတာ၊ ကြောက်နေတာ၊ ထိတ်လန့်နေတာ စတဲ့ စိတ်ဒဏ်ရာတွေနဲ့ နေထိုင်နေရတယ်လို့ (IEC) အတွင်းရေးမှူး-၂ ဦးဗညားက ပြောပါတယ်။
“တချို့နေရာတွေမှာဆိုရင် လေယာဉ်သံကြားတာနဲ့ ဒီဗုံးခိုကျင်းထဲ ဝင်အိပ်တာတွေအထိပေါ့နော်။ တချို့ကလည်း စိတ်ဒဏ်ရာ ပုံစံမျိုးတောင်မှ ဖြစ်နေတယ်ပေါ့နော်။ လေယာဉ်သံကြားရင် နေမထိ ထိုင်မထိအထိ ဖြစ်နေတာရှိ တယ်ပေါ့နော်။ အဲ့တော့ သေချာတာတစ်ခုက လူထုတွေက စိုးရိမ်မှုကတော့ အကြီးဆုံးကတော့ လေယာဉ်နဲ့ ဗုံး ကြဲတာရှိတယ်။ နောက် စစ်တပ်နဲ့နီးတဲ့ နည်းနည်းလေး လက်လှမ်းမီတဲ့ ဆယ်မိုင်ပတ်လည်မှာရှိတဲ့ စခန်းတွေ ဆိုရင် လက်နက်ကြီးရန်ကိုလည်း ကြောက်ရတာရှိတယ်ပေါ့နော်။ ဒီရန်နှစ်ခုကတော့ လောလောဆယ်ကတော့ ဒီလူထုတွေရဲ့ ရုပ်ပိုင်းရော စိတ်ပိုင်းရောပေါ့နော်၊ ထိခိုက်ခံစားမှုဖြစ်စေတာတော့ အမှန်ပဲပေါ့နော်။”
ကရင်နီစစ်ဘေးရှာင်ပြည်သူတွေဟာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေ ကို ၃ နှစ်ကျော်ကာလအတွင်း ဆိုးရွားစွာ ခံစားခဲ့ရတဲ့အတွက် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုတွေကို အမြန်ဆုံး ကုစားပေးဖို့ လိုအပ်တယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူ တွေက ပြောပါတယ်။