သံတို သံစ အဟောင်းပစ္စည်း ရောင်းသူ သုံးဦး သတ်ဖြတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။
ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ ကော်သူးလေ တပ်မတော် KTLA ဂိတ်အနီး သတ်ဖြတ်ခံထားရသည့် အမျိုးသား အလောင်းသုံးလောင်းကို တွေ့ရှိခဲ့ရသည်ဟု ရွာသားများက ပြောသည်။
ထားဝယ် – ထီးခီးသွား လမ်းမကြီးပေါ်ရှိ ပခပ်ကျေးရွာနှင့် ရမ္မဇူကျေးရွာ အကြားတွင် အောက်တိုဘာလ ၈ ရက် နေ့၊ နံနက်ပိုင်းက လက်နှစ်ဖက်ကို ကြိုးချည်ခံထားရပြီး ပုပ်ပွနေသည့် အလောင်းများကို တွေ့ခဲ့ရခြင်း ဖြစ်သည်။
သွားရောက် ကြည့်ရှု့ခဲ့သူ အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “ဆိုးဆိုးဝါးဝါး နှိပ်စက်ပြီး အသတ်ခံထားရ တဲ့ ပုံမျိုးတွေ့ရတယ်၊ ကိုယ်ခန္ဓာတွေမှာ တခြားနှိပ်စက်ထားတဲ့ ဒဏ်ရာတွေလည်းရှိတယ်” ဟု ပြောသည်။
အလောင်းများကို တွေ့ရှိရသည့် နေရာမှာ ကော်သူးလေတပ်မတော် ဆာကဆောတပ်မ – တပ်ရင်း (၃) မှ ဗိုလ်ဒါးကေ၏ စစ်ဆေးရေးဂိတ် အနီး မီတာ ၅၀၀ ဝန်းကျင်ခန့် အကွာဝေးတွင် ဖြစ်ကြောင်း ရွာသားတစ်ဦးက ဆိုသည်။
သတ်ဖြတ်ခံထားရသူများမှာ အသက်ကြီးပိုင်းနှင့် သက်လတ်ပိုင်း အရွယ်များ ဖြစ်ပြီး သံတိုသံစ အဟောင်း ပစ္စည်းများ လိုက်လံဝယ်ယူနေသူများ ဖြစ်သည်ဟု ဆိုကြသည်။
သတ်ဖြတ်ခံထားရသူများကို အောက်တိုဘာလ ၂ ရက်နေ့က ပကာရီကျေးရွာရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ထိုင်နေချိန် ကော်သူးလေတပ်မတော်မှ တပ်ဖွဲ့ဝင်များက လာရောက် ဖမ်းဆီးသွားခဲ့သူများဖြစ်သည်ဟု ဒေသခံ အချို့က ပြောသည်။
အမျိုးသားသုံးဦးကို ကော်သူးလေတပ်မတော်မှ ကားနှစ်စီးဖြင့် လာရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့ခဲ့ရသူ ရွာသားများက ပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ကော်သူးလေတပ်မတော် က တာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့သလို ၎င်းတို့ဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။
အလောင်းများကို အောက်တိုဘာလ ၈ ရက်နေ့၊ ညနေပိုင်းမှာပင် လုံခြုံရေးအရ အမည်မဖော်လိုသူ ရွာသားအချို့ က သွားရောက်ပြီး မီးရှို့သင်္ဂြိုလ်ပေးလိုက်ကြသည်ဟု မြေပြင် သတင်းအရင်းအမြစ်က ပြောသည်။