တနင်္သာရီ မြို့နယ်အတွင်း စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲ သက်ကြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။ 

တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ် အနောက် ဘန်လောကျေးရွာတွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက် မှုကြောင့် အဘွားအိုတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃ ဆောင် ပျက်စီးခဲ့သည်ဟု ရွာသားများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့မှ ဒရုန်း ၂ စင်းကို အသုံးပြုပြီး ဗုံးသီး ၈ လုံးနှင့် ရွာထဲသို့ ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ရွာသားများက ဆိုသည်။

ဒရုန်းများဖြင့် တိုက်ခိုက်ခံရမှုကြောင့် အသက် ၆၀ အရွယ် ဒေါ်နွဲ့ဆိုသူ ဗုံးသီးစထိမှန် ဒဏ်ရာ ရရှိခဲ့သည့်အပြင် ကျေးရွာထဲက လူနေအိမ် ၃ ဆောင်လည်း ပျက်စီးသွားခဲ့သည်။

ကျောက်ပုံတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့မှ အနောက် ဘန်လောကျေးရွာဘက်ကို အောက်တို ဘာလ ၈ ရက်နေ့၊ မွန်းလွဲ ၁ နာရီအချိန်က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အသက် ၃၅ နှစ်အရွယ် ရွာသားတစ်ဦးက ဒရုန်းနဲ့ လေးကြိမ်တိတိ ဗုံးလာကြဲလာချတာ၊ ပထမဆုံးအကြိမ်မှာပဲ ဒေါ်နွဲ့ရဲ့ ပါးပြင်ကို ဗုံးစထိသွားတာ၊ သုံးချက် ချုပ်လိုက်ရတယ် ဟု ပြောသည်။

ဒရုန်းဗုံးသီး ကျရောက်ပေါက်ကွဲခဲ့သည့် အတွက် အနောက်ဘန်လော ရွာသားများ ရွာလုံးကျွတ်နီးပါး ဘေးလွတ် ရာကို ထွက်ပြေး ပုန်းရှောင်နေကြရသည်။

ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရသည့် နေ့၊ ညနေ ၅ နာရီအချိန်ခန့်တွင်လည်း ဘန်လောလမ်းဆုံကို စစ်ကောင်စီ ဘက်က ထပ်မံပြီး ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းရှိခဲ့သေးသည်။ သို့သော် အဆိုပါ တိုက်ခိုက်မှုထဲ ထိခိုက်ပျက်စီးမှု မရှိခဲ့ကြောင်း ရွာသားများက ပြောသည်။

စက်တင်ဘာလအတွင်းမှ စတင်ပြီး  တနင်္သာရီမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က မကြာခဏ ဒရုန်းဖြင့် တိုက်ခိုက်မှုများ ပြုလုပ်လေ့ရှိနေကာ ထိုတိုက်ခိုက်မှုထဲ တနင်္သာရီမြို့နယ်တွင် ရွာသား ၄ ဦး သေဆုံးခဲ့ပြီး ၈ ဦးထက် မနည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။