စိုက်ခင်းတစ်ခု အတွင်း အသက် ၆၅ နှစ်အရွယ် အငြိမ်းစားကျောင်းဆရာမ တစ်ဦး အသတ်ခံရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်။
မြိတ်ခရိုင် တနင်္သာရီမြို့နယ် တကူကျေးရွာမှ စိုက်ခင်းတစ်ခုအတွင်း၌ အငြိမ်းစား ကျောင်းဆရာမတစ်ဦး အသတ်ခံခဲ့ရသည်ဟု ရွာသားများက ပြောသည်။
အသတ်ခံရသူမှာ တကူကျေးရွာ ကျောင်းထက်ပိုင်းတွင် နေထိုင်သည့် အသက် ၆၅ နှစ်အရွယ် အငြိမ်းစား ကျောင်းဆရာမ ဒေါ်စီစီနွယ် ဆိုသူဖြစ်သည်။
အသက် ၅၀ခန့်အရွယ် ရွာသားတစ်ဦးက “ဒေါ်စီစီနွယ်ရဲ့ ရုပ်အလောင်းကို သူ့စိုက်ခင်းအတွင်းမှာပဲ ခေါင်း၊ နဖူး၊ မျက်လုံးနဲ့ ဦးနှောက်တွေမှာ ပုဆိန်နဲ့ ခုတ်ခံထားရတာလို့ ယူဆရတဲ့ ဒဏ်ရာတွေ အများကြီးနဲ့ တွေ့ခဲ့ရတယ်” ဟု ပြောသည်။
ဒေါ်စီစီနွယ်၏ ရုပ်အလောင်းကို နေအိမ်နှင့် ကိုက် ၅၀ အကွာအဝေးရှိနေသည့် စိုက်ခင်းထဲတွင် အောက်တိုဘာ လ ၈ ရက်နေ့၊ ည ၈ နာရီခွဲ အချိန်ခန့်က တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ရွာသားတစ်ဦးက ဆိုသည်။
မွန်းလွဲပိုင်းအချိန်က သေဆုံးသူ ဒေါ်စီစီနွယ်မှာ အိမ်မှ ထွက်ခွာသွားသည်ကို အိမ်နီးနားချင်းများက နောက်ဆုံး တွေ့ခဲ့ရခြင်း ဖြစ်ပြီး ညနေ ၇ နာရီအချိန်ခန့်ထိ အိမ်ပြန်မလာသောကြောင့် အိမ်နီးချင်းများက လိုက်လံရှာဖွေကြ ရာ သေဆုံးလျှက် တွေ့ရှိခဲ့ကြခြင်း ဖြစ် သည်။
သေဆုံးသူ ဒေါ်စီစီနွယ်မှာ သားအမိနှစ်ဦးတည်း နေထိုင်ကြခြင်း ဖြစ်ပြီး သားဖြစ်သူ မရှိချိန်တွင် မိခင်ဖြစ်သူ အသတ်ခံရခြင်း ဖြစ်သည်။
ပင်စင် ယူပြီးကတည်းက ဒေါ်စီစီနွယ်မှာ သူ့မ၏ ကိုယ်ပိုင်စိုက်ခင်းအတွင်း ဟင်းသီးဟင်းရွက်များ စိုက်ပျိုးကာ နေထိုင်သူဖြစ်ပြီး မည်သူက သတ်ဖြတ်သွားသည်ကို ယခုထိတိုင် မသိရသေးဘူးဟု ရွာသားများက ဆိုသည်။
တကူကျေးရွာအုပ်စုမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နယ်မြေနေရာ ဖြစ်သောကြောင့် ဒေါ်စီစီနွယ်၏ မိသားစုဝင်များက တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို အမှုဖွင့်တိုင်ကြားထားသည်ဟု ရွာသားများက ပြောသည်။
ယခုနှစ် ဩဂုတ်လ အစပိုင်းကလည်း တနင်္သာရီမြို့နယ်၊ ဇဝဲကျေးရွာမှ ဇနီးမောင်နှံနှစ်ဦးကို ၎င်းတို့ပိုင်ဆိုင်သည့် ကွမ်းသီးခြံအတွင်း ဓါးခုတ်ဒဏ်ရာများနှင့် သေဆုံးနေသည့် ဖြစ်စဥ်လည်း ရှိခဲ့ဖူးသေးကြောင်း ရွာသားများ က ဆိုသည်။