လားရှိုး ဗုံးကြဲမှု နောက်ထပ် အရပ်သား ၃ ဦး သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်။
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ လားရှိုးမြို့ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၃ ဦးသေဆုံးခဲ့ပြီး ကလေးငယ် တစ်ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
လားရှိုးမြို့နယ်ထဲက အီနိုင်းကျေးရွာကို စစ်ကောင်စီတပ်က အောက်တိုဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
လားရှိုးဒေသခံ အမျိုးသား တစ်ဦးက “သေသွားတာက ၃ ယောက်ရှိတယ်။ ဒဏ်ရာ ရတာ သုံးယောက်ပါ၊ ဒဏ် ရာရတဲ့သူတွေထဲမှာက ကလေးတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်လည်းပါတယ်။ သေသွားတဲ့ သူတွေက အမျိုးသားတွေကြီးပါပဲ။ အိမ်ပေါ် ဗုံးကျပေါက်ကွဲပြီး အခုလို သေဆုံးမှုတွေ ဖြစ်ကုန်တာဗျ။ ဖြစ်တာကတော့ ၁၄ ရက်နေ့ပဲ ပြောရမှာပေါ့နော်။ မနက် အစောကြီး ၁၂ နာရီကျော် တစ်နာရီကြားမှာ ဖြစ်တာဗျ” ဟု ပြော သည်။
စစ်ကောင်စီတပ်က အီနိုင်းကျေးရွာထဲကို လေကြောင်းမှ ပေါင် ၅၀၀ ဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည် ဟု ဒေသခံများက ပြောသည်။
အဆိုပါ လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်မှုထဲ၌ အရပ်သားပြည်သူ ထိမှန်သေဆုံးမှုများအပြင် နေအိမ် ၅ ဆောင် ထက် မနည်းလည်း ထိမှန်ပျက်စီးခဲ့သည်။
အလားတူ အီနိုင်းကျေးရွာထဲက ခရစ်ယာန် ဘုရားကျောင်း၊ ဘုရားကျောင်းဝန်းထဲက ခန်းမဆောင်နှင့် မူကြို ကျောင်းနေရာတို့၌ပါ ဗုံးကျရောက် ပေါက်ကွဲမှုကြောင့် ပျက်စီးကုန်ပြီဟု ဒေသခံများက ပြောသည်။
လားရှိုးမြို့ ရပ်မိရပ်ဖ တစ်ဦးက “အခုဆို အများကြီးပျက်စီးတဲ့အိမ်တွေ ရှိသလို နည်းနည်းပါးပါး ပျက်စီးတဲ့ အိမ်တွေလည်း အများကြီး အများကြီး ရှိတယ်။ ပြောဖို့တောင် မရှိတော့လောက်အောင်ကို ပျက်စီးတယ်။ စိတ်လည်းမကောင်းဘူး။ ခံစားရတယ်။ ဝမ်းလည်း ဝမ်းနည်းမိတယ်။ အခုလေယာဉ်သံကြားရင်တောင်မှာ အိပ်မဖြောင့်ဘူး။ စားမဝင်ဘူး။ ပြည်သူလူထုတွေက အကုန်လုံးက စိတ်မကောင်း ဖြစ်ရတယ်” ဟု ပြောသည်။
အီနိုင်းကျေးရွာ အနီးတွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည့်အပြင် ကျေးရွာထဲသို့လည်း လက်နက်ကြီး များ၊ လေကြောင်း ဗုံးကြဲမှုများ မကြာခဏ ပစ်ခတ်ခံနေရသောကြောင့် ရွာသားအများစုမှ ဘေးလွှတ်ရာတွင် ထွက်ပြေးနေကြသည်။
သို့သော် စစ်ရေး အခြေအနေပေါ် မူတည်၍ ကျေးရွာထဲသို့ ပြန်လာလိုက်၊ တင်းမာမှုများရှိလာပါက ဘေးလွှတ် ရာသို့ ပြောင်းရွှေ့လိုက်ဖြင့် နေနေကြသည်မှာ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကတည်းက ဖြစ်သည်ဟု ရွာသားများ က ပြောသည်။
လားရှိုးမြို့ခံများအနေဖြင့် အရပ်သားနေထိုင်ရာ ရပ်ရွာများနှင့် အများပြည်သူဆိုင်ရာ အဆောက်အအုံများကို စစ်တပ်က လေကြောင်းသုံး တိုက်ခိုက်နေသည့်အပေါ် ရှုတ်ချသည်ဟု ဆိုသည်။
လားရှိုးမြို့ ရပ်မိရပ်ဖ တစ်ဦးက “လူနေအိမ်တွေကို ဘာမှ အပြစ်မရှိတဲ့ ပြည်သူလူထုရဲ့ အိမ်တွေကို ဒီလိုမျိုး ဗုံးလိုက်ကြဲတာတော့ လုံးဝမကြိုက်ဘူး၊ သဘောလည်း မတူဘူး။ ဒီလိုမျိုး မဖျက်ဆီးသင့်ဘူး။ သူတို့ရဲ့ လုပ်ရပ် တွေကို လုံးဝရှုတ်ချတယ်” ဟု ပြောသည်။
စစ်တပ်က ပေါင်ချိန်များသော ဗုံး ၃ လုံး နှင့် ဗုံးအသေးစား ၄ လုံးကို အီနိုင်းကျေးရွာထဲ ဆက်တိုက် ကြဲချခဲ့သော ကြောင့် အနီးနားရှိ နေအိမ် ၂၀ ကျော်၊ ဆေးခန်း၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းနှင့် အများ ပြည်သူဆိုင်ရာ အဆောက်အအုံများ အတိုင်းအတာတစ်ခုအထိ ထိခိုက်ပျက်စီးခဲ့ရသည့် အပြင် ဒေသခံ အရပ်သား ၃ ဦး ပွဲချင်း ပြီး သေဆုံး၍ အရပ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရခဲ့သည်ဟု ကိုးကန့်တပ်ဖွဲ့ MNDAA က ထုတ်ပြန်ထား သည်။