ပွဲတော် မကျင်းပမီ ထားဝယ်တွင် ဗုံးပေါက်ကွဲ

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။ 

ထားဝယ်မြို့တွင် ရိုးရာ ပွဲတော်ကျင်းပရန် လေးရက်အလို၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု မြို့ခံများက ပြောသည်။ 

တနင်္သာရီတိုင်း ထားဝယ်မြို့တွင် ထားဝယ်ရိုးရာ သပိတ်မျှောပွဲတော် ကျင်းပရန် လေးရက်အလို၌ ကမ်းနားစျေးနှင့် သဲကွင်းနေရာအနီး  ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ 

ကမ်းနားစျေး၏ အနောက်ဘက်ခြမ်းရှိ ဆိုင်ကယ်၊ ကားများ ရပ်နားထားသည့်နေရာနှင့် သဲကွင်းပန်းခြံတို့ အကြား တွင် အောက်တိုဘာလ ၁၄ ရက်နေ့၊ နံနက် ၁၁ နာရီ‌ အချိန်ခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ကမ်းနားစျေးတွင် စျေးရောင်းနေသူ အသက် ၄၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးက “ဂျိမ်း ဆိုပြီး အသံတစ်ချက် အကျယ်ကြီး ကြားရတယ်၊ မီးခိုးတွေ အူထွက်လာတာလည်း မြင်လိုက်ရတယ်၊ ကမ်းနားစျေး အနောက်ဖက်က ပေါက်ကွဲတဲ့ နေရာအနားမှာ လူတွေ ရုတ်ရုတ်သဲသဲဖြစ်သွားတယ်” ဟု ပြောသည်။

ဗုံးပေါက်ကွဲမှုဖြစ်သည့် ကမ်းနားစျေးနှင့် လမ်းတစ်ဆက်တည်း ဖြစ်သည့် သဲကွင်းနေရာတွင် ထားဝယ်ရိုးရာ သပိတ်မျှောပွဲ အတွက် စစ်ကောင်စီမှ အခမ်းအနား ပြင်ဆင်မှုများ ပြုလုပ်နေကြသည်။

ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှုရှိကြောင်းနှင့် ကမ်းနားစျေးမှ စျေးသည်‌များ စိုးရိမ်ကြောက်လန့်ပြီး ဆိုင်များ သိမ်းဆည်းပြီး အိမ်ပြန်ကုန်ကြသည်ဟု မြို့ခံများက ပြောသည်။

ပေါက်ကွဲမှုဖြစ်ပြီး နာရီဝက်ခန့်အကြာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ‌ရောက်လာပြီး ဗုံးပေါက်သည့်နေရာ အနီးတစ်ဝိုက်၌ ရှာဖွေစစ်ဆေးခဲ့ကြသည်။

ဗုံးပေါက်ကွဲပြီးနောက် ကမ်းနားလမ်းတစ်လျှောက်လုံးတွင် စစ်ကောင်စီတပ်မှ အင်အား အများအပြားဖြင့် လုံခြုံ‌ရေး ယူထားသည်ဟု မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့ကလည်း သပိတ်မျှောပွဲတော် ကျင်းပရန် ၅ ရက် အလိုတွင် မဏ္ဍပ်ဆောက်လုပ်နေသည့် ကမ်းနားလမ်း သဲကွင်းပန်းခြံအနီးရှိ တံတားနေရာတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ဖူး သေးသည်။