ပန်ဝါ မြို့ နယ်ခြားစောင့်တပ်ရင်း ၁၀၀၂ စခန်းတွင် တိုက်ပွဲ ပြင်းထန်နေဆဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်။
တရုတ်-ကချင်နယ်စပ်၊ ကချင်ပြည်နယ်၊ ပန်ဝါမြို့တွင် ကချင်လွတ်လပ်ရေး တပ်မတော် KIA ပူးပေါင်းတပ် နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက် မှုများ ပြင်းပြင်းထန်ထန်လုပ်နေသည်ဟု KIO/KIA က ပြောသည်။
လက်ရှိ ပန်ဝါဒေသထဲ ဖြစ်ပွားနေသည့် တိုက်ပွဲ အခြေအနေများနှင့် ပတ်သက်၍ ကချင်လွတ်လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ယခုကဲ့သို့ ပြောသည်။
“တိုက်ပွဲ ပြင်းထန်နေတယ်လို့ ပြောလို့ရပါတယ်။ လေကြောင်း တိုက်ခိုက်တာလည်း ရှိတယ်။ လေကြောင်းဆို တဲ့ နေရာမှာမှာ ဒရုန်းတို့ ဘာတို့လည်း ပါတယ်ပေါ့နော်။ အကုန်လုံးရှိတယ်။ တိုက်ပွဲကတော့ ဆက်ဖြစ်နေပါ တယ်။ အဲဒီဖက်မှာတော့။”
တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး ပန်ဝါမြို့စောင့်တပ်ရင်း တစ်ခုဖြစ်သည့် နယ်ခြားစောင့်တပ် ၁၀၀၂ တပ်ရင်းကို KIA က အပြီးသတ် သိမ်းပိုက်လိုက်နိုင်ပြီဟု သတင်းများ ထွက်ပေါ်နေသော်လည်း KIO ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူ အနေနဲ့ အတည်မပြုနိုင်သေးဘူးဟု ပြောသည်။
“စခန်းသိမ်းတာကတော့ အတည်ပြုလို့ မရသေးဘူး။ ပန်ဝါနဲ့ ပတ်သက်ပြီးတော့ ဘာမှ စခန်းသိမ်းတာ မရှိသေး ဘူး။ တိုက်ပွဲတော့ ဆက်ဖြစ်နေပါတယ်။ စခန်းသိမ်းတာတော့ မရှိသေးဘူး။ တိုက်တာလောက်ပဲ ရှိပါတယ်။ သိမ်းတာ မရှိဘူးနော်။ မသိမ်းရသေးဘူး တိုက်တာ။ သိမ်းမှာပါ အခုလောလောဆယ်တော့ မသိမ်းရသေးဘူး နော်။”
ကချင်လွတ်လပ်ရေး တပ်မတော် KIA နှင့် ပူးပေါင်းတပ်တို့က စက်တင်ဘာလ နောက်ဆုံးအပတ်ထဲတွင် တရုတ်-မြန်မာ နယ်စပ်မြို့ ဖြစ်သည့် ပန်ဝါမြို့နှင့် မိုင် ၄၀ ခန့်ကွာဝေးတွင် ရှိသည့် ချီဖွေမြို့နှင့် ဆော့လော်မြို့ကို သိမ်း ပိုက်နိုင်ခဲ့သည့်အပြင် ပန်ဝါဒေသထဲက စစ်ကောင်စီတပ်၏ ကာကင်းစခန်းများကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ် သည်။
အောက်တိုဘာလ ၁၅ ရက်နေ့ (ယနေ့) အချိန်ထိ နှစ်ဖက်ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီ တပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများကို အသုံးပြုပြီး ပြင်းပြင်းထန် ထန် ခုခံ တိုက်ခိုက် နေသည်ဟု ဗိုလ်မှူးကြီး နော်ဘူ က ပြောသည်။
ဦးစခုန်တိန့်ယိန်း ခေါင်းဆောင်သော နယ်ခြားစောင့်တပ် အသွင်ပြောင်းထားသော ကချင်ပြည် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) သည် ပန်ဝါမြို့တွင် အခြေစိုက်သည်။