တိုင်းပြည် ငြိမ်းချမ်းရေးကို အကောင်အထည် မဖော်နိုင်သည့် NCA စာချုပ် လမ်းဆုံးပြီ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်။
“နိုင်ငံရေး ဆွေးနွေးမှုအစား လက်နက်ကိုင်ပြီး တောင်းဆိုမှုတွေကို လိုက်လျော ဖြေရှင်းပေးသွားဖို့ မရှိဘူး” ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောသည်။
အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ၉ နှစ်မြောက် နှစ်ပတ်လည်နေ့ မွန့်ခွန်းတွင် ပြောဆိုလိုက်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောကြားခဲ့သည့် NCA နှစ်ပတ်လည် မိန့်ခွန်းဟာ ငြိမ်းချမ်းရေးဟန်ပြ ပြောဆို ခြင်းသာ ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူ အချို့က ပြောဆိုမှုများ ရှိနေသည်။
လက်နက်ကိုင် နည်းလမ်းနှင့် ဆွေးနွေးရန် တောင်းဆိုမှုများကို လိုက်လျောမှာ မဟုတ်သည့်အပြင် စစ်တပ် အနေဖြင့် အကြမ်းဖက် သောင်းကျန်းသူများကို ဆက်လက် နှိမ်နင်းသွားမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ထည့်သွင်းပြောဆိုထားသည်။
“လက်နက်ကိုင် အကြမ်းဖက်နည်းနဲ့ မိမိတို့ လိုလားချက်ကို တောင်းဆိုလို့မရဘဲ နိုင်ငံရေး စားပွဲဝိုင်းကို ရောက် လာပြီး ငြိမ်းချမ်းစွာဖြေရှင်းခြင်းနည်းနဲ့သာ ပဋိပက္ခတွေကို ပြေလည်စေမှာ ဖြစ်ပါတယ်။ ကျနော့အနေနဲ့ လက်နက်ကိုင် အကြမ်းဖက် တောင်းဆိုမှုတွေ အပေါ် လိုက်လျော ဖြေရှင်းပေးသွားမှာ မဟုတ်ဘူးဆိုတာ ပြောကြားလိုပါတယ်။”
နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ လိုအပ်သောကြောင့် ဆွေးနွေးရန် ဖိတ်ခေါ်နေရခြင်း ဖြစ်သည်ဟု ဆိုသည်။
ဆွေးနွေးမှုများနှင့်အတူ အကြမ်းဖက် သောင်းကျန်းသူများကိုလည်း နှိမ်နင်းမှုများ လုပ်သွားမည်ဟု ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားသည်။
လက်နက်ကိုင် အာဏာသိမ်းထားသော သူက ငြိမ်းချမ်ရေး ဆွေးနွေးရန် ပြောဆိုနေခြင်းမှာ ဟန်ပြသက်သက် သာ ဖြစ်သည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
NCA လမ်းကြောင်းမှာ တိုင်းပြည်ငြိမ်းချမ်းရေးကို အကောင်အထည် မဖော်နိုင်ဘူးဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) က ဆိုသည်။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ၁ ဦးအောင်ဆန်းမြင့်က “NCA ထိုးထားတဲ့ အဖွဲ့ တွေတောင် အားလုံးမတက်ကြတော့ဘူး သူတို့ရဲ့ နှစ်ပတ်လည်နေ့တွေမှာ ကြည့်ပါ။ ဒါက NCA ရဲ့ အကောင် အထည်ဖော်မှုနဲ့ အများကြီး သက်ဆိုင်သွားပြီ။ ဒီနေ့ ငြိမ်းချမ်းရေးလိုချင်ရင် နိုင်ငံရေး စားပွဲခုံပေါ် လာရမယ် ဆိုတာက ဒါက တကယ့်နိုင်ငံရေး အဆုံးအဖြတ်လည်း မဟုတ်ဘူး။ ဒီနေ့ အခင်းအကျင်းက အားလုံးပါဝင်နိုင်တဲ့ အခင်းအကျင်းလည်း မဖြစ်ဘူးဗျ” ဟု ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး ဆွေးနွေးရန် စစ်ကောင်စီက ဖိတ်ခေါ်နေသော် လည်း စစ်ကောင်စီက အကောင်ထည်ဖော်နေသည့် NCA လမ်းကြောင်းမှာ ငြိမ်းချမ်းရေးကို အကောင်အထည် မဖော်နိုင်ဘူးဟု ဆိုသည်။
ဦးအောင်ဆန်းမြင့်က “နိုင်ငံတကာကို တိုင်းပြည်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို အကြမ်းဖက် စစ်ကောင်စီက နေပြီးမှ အကောင်အထည်ဖော်နေပါပြီ ဆိုပြီးတော့မှ နိုင်ငံတကာကို လှည့်ဖြားဖို့ ပါပဲ။ နိုင်ငံတကာရဲ့ ဖိအားတွေကို လျော့ကျအောင်လုပ်တဲ့ သဘောပါပဲ။ အခုဖိတ်ခေါ်နေမှုတွေ ဘာမှ နိုင်ငံရေး သဘော တူညီချက်လည်း ရလာမှာ မဟုတ်ဘူးပေါ့နော်။ နိုင်ငံတကာ ဖိအားတွေ လျော့ကျရုံလောက်လုပ်တဲ့ ဟန်ဆောင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ကျနော်တို့ တက်သွားမှာမဟုတ်ဘူး” ဟု ဆက် ပြောသည်။
အလားတူ NCA အပစ်ရပ်စာချုပ် လမ်းဆုံးပြီဟုလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စောင့်ကြည့်ရေးအဖွဲ့က သုံးသပ်ထား သည်။
စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်ကြာလာချိန် ၂၀၂၄ ခုနှစ်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူ စာချုပ် (NCA) အတွက် လမ်းဆုံးတဲ့နှစ် ဖြစ်သွားပြီဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ် စောင့်ကြည့်ရေး အဖွဲ့ BNI- Myanmar Peace Monitor သုံးသပ်ထားသည်။
တိုင်းရင်းမီဒီယာ ၁၅ ဖွဲ့နှင့် စုဖွဲ့ထားသော နိုင်ငံတကာ မြန်မာ့သတင်း (BNI) ၏ လုပ်ငန်းစဉ်များထဲက တစ်ခု ဖြစ်သည့် ငြိမ်းချမ်းရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့ BNI-MPM က ဩဂုတ်လ ၁၆ ရက်နေ့တွင် ထုတ်ဝေလိုက် သည့် “မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပုံဖော်ခြင်း – ရည်ညွှန်း အကိုးအကား ( ၂၀၂၃-၂၀၂၄)” စာအုပ် မိတ်ဆက်ပွဲ၌ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
NCA စာချုပ်နှင့် ပတ်သက်ပြီး စစ်အာဏာသိမ်းကာလ ၃ နှစ်တာ ကာလအတွင်း တွေ့ရသော အခြေအနေနှင့် ပတ်သက်ပြီး BNI-MPM Team ၏ တာဝန်ခံ ကိုနှင်းကိုဦး က ယခုကဲ့သို့ ပြောသည်။
“စစ်ကောင်စီဟာ NCA အရ တွေ့ဆုံဆွေးနွေးမှု ပုံစံမျိုးသူလုပ်ဖို့ ကြိုးစားတယ်ပေါ့။ UPDJC ရဲ့ အခန်းကဏ္ဍကို သူတို့တွေက သတင်း မီဒီယာတွေမှာ စပြီးတော့ သူတို့ ဒီပုံရိပ် ထုတ်တယ်ပေါ့။ ဒါပေမယ့် အားမကောင်းဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီ NCA က ပါဝင်ရမယ့် အစုအဖွဲ့တွေဟာ မပါနေဘူးပေါ့နော်။ ဒီအတွက် ကျနော်တို့က NCA က တွေ့ဆုံဆွေးနွေးမှုက ဒီလမ်းဆုံးနေတယ်လို့ ပြောလို့ရတယ်။”
ယခုနောက်ပိုင်းတွင် ပြည်တွင်းပြည်ပက အင်အားစုများ၏ တရားဝင် အသိအမှတ်ပြုမှုကို ရရှိရေး ရည်ရွယ်ပြီး NCA လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့များကို စစ်ကောင်စီ၏ တွေ့ဆုံမှုများက လုံးဝရပ်တန့်သွားခဲ့ပြီဟု ရည်ညွန်းအကိုးအကား စာအုပ်ထဲတွင် ရေးသားထားသည်။
BNI ၏ မန်နေးဂျင်း ဒါရိုက်တာ ဒေါ်တင်တင်ညိုက “ဒီနွေဦးတော်လှန်ရေး ကာလ ၃ နှစ်ပြီးသွားတဲ့ ကာလမှာ ငြိမ်းချမ်းရေးက NCA လမ်းကြောင်း အတိုင်းသွားဖို့ဆို ဒါလမ်းပျောက်သွားတယ်လို့ သုံးသပ်လို့ ရတယ်ပေါ့ နော။ လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေကတော့ မဟာမိတ်အဖွဲ့တွေအနေနဲ့ ဖွဲ့စည်းလာတယ်။ ငြိမ်းချမ်းရေး ဖော် ဆောင်ဖို့ ဒီ NCA ကို ဆက်လက်ပြီးတော့ ဆုပ်ကိုင်ထားပြီးတော့မှ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအဖွဲ့နဲ့ ဆက် တွေ့ ပြီး ပြောတာတွေရှိတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့တော့ ကျဲလာတယ်။ ဒီတစ်ဖွဲ့ချင်းနဲ့ တွေ့တာတွေ ရှိနိုင်တယ်။ ဒီ Sing ထိုးထားတဲ့ အဖွဲ့ထဲမှာမှ တစ်ချို့ကလည်း နွေဦးတော်လှန်ရေး အစုအဖွဲ့တွေနဲ့ ပူးပေါင်း လိုက်တာမျိုးပေါ့နော်” ဟု ပြောသည်။
ထို့နောက် သုံးနှစ်ကျော် ကြာလာချိန်၌ NCA အစုအဖွဲ့များ၏ တွေ့ဆုံဆွေးနွေးမှုများမှာ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးမှုပဲ ဖြစ်ကြောင်း ERO ၁၀ ဖွဲ့နှင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ၏ ပြောရေးဆိုခွင့်ရှိသူများက သတင်းမီဒီယာများတွင် ရှင်းလင်းပြောဆိုထားသည်။
လက်ရှိတွင်မူ NCA မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ရှေ့ဆက်သွားနိုင်ရေး အထောက်အကူ ပြုနိုင်မည့် အခြေအနေကို မတွေ့ရတော့ဘူးလို့ BNI-MPM အဖွဲ့က သုံးသပ်ထားသည်။
ကိုနှင်းကိုဦးက “ဘာကြောင့်လဲ ဆိုလို့ရှိရင် သူ့ထဲမှာ ပါဝင်နေတဲ့ actor တွေ မစုံနေဘူး။ အစိုးရဆိုတဲ့ အခန်း ကဏ္ဍဟာ ပျောက်နေ တယ်ပေါ့နော်။ ဥပမာ ဒီလိုမျိုး ပျောက်နေတယ် ပြောလို့ ဘယ်သူ့ဘယ်သူမှ အစိုးရလို့ မသတ်မှတ် ဘူးလားဆို တော့ အဓိက NCA ရဲ့ လမ်းကြောင်းမှာ ရှိတဲ့ အစုအဖွဲ့တွေက ပျက်ယွင်းနေတာ ဖြစ်တဲ့ အတွက်ကြောင့် ရှေ့ဆက်သွားဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့နော်။ ဒါကို ကျနော်တို့ သုံးသပ်မိတာ ဖြစ်ပါတယ်” ဟု ပြောသည်။
NCA အရ စုဖွဲ့ထားသော ERO ၁၀ ဖွဲ့ပါဝင်သည့် PPST ကလည်း ဖွဲ့စည်းပုံပျက်သွားသည့်အပြင် 7 EAO Alliance ဟု ပြောင်းလဲသွားခဲ့သည်။
ထို့အပြင် စစ်ကောင်စီ၏ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC ၌လည်း အပြင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး NCA ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အသက်သွင်းရန် အခက် ကြုံနေကြရသည်။
ထို့ကြောင့် ၂၀၂၃-၂၀၂၄ ခုနှစ်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် အပြောင်းအလဲ၊ အရွေ့အပြောင်းများကို လေ့လာ ရမည်ဆိုပါက NCA ငြိမ်းချမ်းရေး လမ်းဆုံးနှစ်အဖြစ် ကောက်ချက်ချရခြင်း ဖြစ်သည်ဟု BNI-MPM team က ဆိုသည်။
ပြီးခဲ့သည့် လပိုင်းကလည်း နေပြည်တော်တွင် စစ်ကောင်စီတပ်၊ နိုင်ငံရေးပါတီများနှင့် NCA လက်မှတ်ထိုးထား သော တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တို့ ၃ ပွင့်ဆိုင် တွေ့ဆုံပြီး လက်ရှိနိုင်ငံရေး စစ်ရေး အခြေအနေများကို ကျော်လွှားနိုင်မည့် ကိစ္စများကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု တက်ရောက်ခဲ့သူများက ဆိုသည်။
ဝေဖန်မှုများကြားမှ စစ်ကောင်စီနှင့် ဆက်ဆွေးနွေးနေခြင်း ဖြစ်ပြီး လက်ရှိနိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားနိုင်ရေး အတွက် ဖြစ်သည်ဟု အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွှန့်က ပြောသည်။
“NCA မှာပါတဲ့ သဘောတူညီချက်တွေ ကျနော်တို့ ဘာမှမလုပ်နိုင်ပါဘူး။ မလုပ်နိုင်ခဲ့တာလည်း ကြာပါပြီ။ သုံးနှစ်ရှိပါပြီ။ ကျနော်တို့နိုင်ငံမှာ ကြုံတွေ့နေရတဲ့ နိုင်ငံရေး အခက်အခဲတွေ၊ အကျပ်အတည်းတွေ၊ ပစ်ခတ် တိုက်ခိုက်မှု မီးရှို့သတ်ဖြတ်မှုတွေ၊ အဲ့ဒီဟာတွေကို ကျော်လွှားချင်တယ်၊ လျှော့ချချင်တယ်ဆိုတာ ကျနော်တို့ရဲ့ အဓိက အာသီသဖြစ်ပါတယ်။ ကျနော်ဒါကို ခနခနလည်း ပြောဖြစ်ပါတယ် မီဒီယာတွေမှာ။ တွေ့ဆုံမှုတွေကနေပဲ ဆက်သွားနိုင်မှာ ဖြစ်ပါတယ်။”
NCA ၉ နှစ်ပြည့် နှစ်ပတ်လည်ပွဲအပြီး လက်ရှိ နိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ရှေ့ဆက် မည်သို့ ဆက်လုပ်သွားရမည့် အကြောင်းအရင်းတွေကို ဆွေးနွေးနိုင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲ ပုံစံ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်သည်ဟု ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
“ကျနော်တို့ NCA ခေတ်မှာ ပူးပေါင်းမှုအရ သော်လည်းကောင်း ကျနော်တို့ နားလည်တာက ဒီနိုင်ငံရေး ဆွေးနွေး ပွဲများမှ ထွက်ပေါ်လာတဲ့ ရလဒ်များနဲ့အညီ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပါအဝင် ဥပဒေများကို လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွတ်ခြင်း ပြု လုပ်ရန်ဆိုတဲ့ နိုင်ငံရေး လမ်းပြမြေပုံပေါ်မှာပဲ ကျနော်တို့က ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်။ ဆိုတာကတော့ သက် ဆိုင်ရာ အင်အားစုတွေနဲ့ ကျနော်တို့တွေ တစိုက်မတ်မတ် တိုင်ပင်ညှိနှိုင်းတဲ့ အခင်းအကျင်းလို့ပဲ ကျနော် အနေနဲ့ အဲ့လိုပဲ နားလည်မှု ရှိပါတယ်ခင်ဗျာ။” ဟု ပြောသည်။
ကရင် အမျိုးသား အစည်းအရုံး (KNU) အနေဖြင့်မူ စစ်ကောင်စီနှင့် ငြိမ်းချမ်းရေး ဆွေးနွေးစရာ မရှိဘူးဟု ဆိုသည်။
စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အဆုံးထိ ဆက်တိုက်သွားမည်ဟု KNU ပြောခွင့်ရသူ ပဒိုစောတောနီးက ၂၀၂၃ ခုနှစ် ကတည်းက NMG ၏ ဆက်သွယ်မေးမြန်းမှုတွင် ပြောဆိုခဲ့သည်။
“ငြိမ်းချမ်းရေးပွဲတွေကို ဟန်ပြလုပ်ရင်းနဲ့ နောက်ဆုံးကျတော့ သူတို့က မဖြစ်ဖြစ်တဲ့နည်းနဲ့ ရွေးကောက်ပွဲကို လုပ်တော့မှာ။ အဲဒီရွေးကောက်ပွဲသာလျှင် သူတို့အသက်ပဲ။ သူတို့က ထွက်ပေါက် ဒီတစ်ခုပဲရှိတော့တယ်။ အဲ့ဒါ ကြောင့် ငြိမ်းချမ်းရေးကို ဟန်ပြလုပ်ပြီး နောက်ဆုံးကျတော့ ရွေးကောက်ပွဲကိုပဲ မရမက လုပ်မယ်။ ကျနော်တို့ KNU ကလည်း ဒီအတိုင်း ထိုင်ကြည့်နေမှာမဟုတ်ဘူး။ ဆန့်ကျင်သွားမယ်ဆိုတာ ပြောလည်း ပြောထားပြီးသား ဖြစ်တယ်။”
စစ်မှန်သည့် နိုင်ငံရေး တွေ့ဆုံးဆွေးနွေးမှုများ ဖြစ်လာရေး စစ်တပ်က နိုင်ငံရေးမှ အပြီး ထွက်ခွာပြီး အရပ်သား အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် နေမည်ဟု ကတိပေးရမှာ ဖြစ်သည်ဟု ပဒိုစောတောနီးက ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးချိန်က စ၍ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှား မှုများနှင့် လက်နက်ကိုင် တော်လှန်မှုများ ကျယ်ပြန့်လာခဲ့ပြီးနောက် စစ်ကောင်စီဘက်က ငြိမ်းချမ်းရေး ဆွေးနွေး ရန် ဖိတ်ခေါ်မှုများ ရှိလာနေသည်။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကမူ စစ်ကောင်စီ၏ ကမ်းလှမ်းချက် ကို ယုံကြည်မှု မရှိကြောင်း တုံ့ပြန် ပြောဆိုထားကြသည်။
NCA ၉ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကိုမူ ယခင်နှစ်များကဲ့သို့ ခမ်းခမ်းနားနား ကျင်းပခြင်း မရှိသည့်အပြင်လူထောင်ချီ တက်ရောက်ခဲ့သည့် NCA ပွဲမှာ ယခုနှစ်တွင် တက်ရောက်သူ ရာဂဏန်းပင် မရှိဘူးဟု ဆိုကြသည်။