လားရှိုးစစ်ရှောင်များ နေရပ် ပြန်ရန် အခက်ကြုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်။
ရှမ်းမြောက်ဒေသရှိ လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ (MNDAA) သိမ်းပိုက်ထားပြီးနောက် ၃ လ နီးပါးအကြာထိ ဒေသခံများ နေရပ်ပြန်လည် ဝင်ရောက်နေထိုင်ရေး အခက်အခဲ ဖြစ်နေကြသည်။
စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများ၊ စစ်ရေးပဋိပက္ခ နောက်ဆက်တွဲ အခြေအနေကြောင့် အလုပ် အကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ မြို့တွင်း လုံခြုံမှုမရှိသေးခြင်း တို့ကြောင့် ဒေသခံများ ပြန်လည် ဝင်ရောက် နေထိုင်ရေး ခက်ခဲနေကြခြင်း ဖြစ်သည်ဟု လားရှိုးမြို့ခံများက ပြောသည်။
အသက် ၄၆ နှစ်အရွယ် လားရှိုးမြို့ခံ အမျိုးသားတစ်ဦးက“သတင်းလုံခြုံရေးကို ထိန်းချုပ်ထားတဲ့ နေရာမှာ ချပြသင့်သလောက် မချပြတဲ့အတွက် လူထုတွေဟာ ကိုယ့်အိမ်ကိုယ် ပြန်နေရ မလား၊ စကစ ထိန်းချုပ်မှု အောက်မှာပဲ သည်းခံနေရမလားဆိုတာ တွေဝေနေရတယ်” ဟု ပြောသည်။
ထို့အပြင် မြို့တွင်း ပြန်လည်နေထိုင်သူများကလည်း အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ ငွေကြေး အဆင်မပြေသေးခြင်းနှင့် စားဝတ်နေရေး ကြပ်တည်းမှုများကို ရင်ဆိုင်နေရသည်ဟု ပြောသည်။
လားရှိုးမြို့တွင် နေထိုင်နေသူ အမျိုးသမီးတစ်ဦးက “အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတာကြောင့်ရော။ လေကြောင်း ဗုံးကြဲမှာ ကြောက်ပြီးနေ့ဆို မြို့ထဲပြန်ဝင် ညဆို တစ်ခြားနေရာတွေမှာ သွားရှောင်နေရ ပါတယ်။ စားသောက်ကုန် ဈေးနှုန်းကလည်း မြင့်တက်နေတုန်းပဲ။ ကန်စွန်းရွက် တစ်စည်း ၅၀၀၊ ဓာတ်ဆီ တစ်လီတာ ၇၅၀၀ ရှိတယ်။ ဆန်တစ်ပြည် ၆၅၀၀၊ ဗမာကြက်က ၃၅,၀၀၀၊ CP ကြက်က ဈေးပိုကြီးတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ လေကြောင်းရန်အပြင် မြို့တွင်း စစ်ကောင်စီ သတင်းပေးများ၊ စစ်သုံ့ပန်းများ ထောင်ဖောက် ထွက်ပြေးမှုများကြောင့် ပြည်သူ့လုံခြုံရေးကိစ္စရပ်ပိုင်းတွင် အားနည်းမှုများ ရှိနေသည်ဟု လားရှိုးမြို့ခံများက ဆိုသည်။
“လက်ရှိ မြေပြင် အခြေအနေတွေကို အားမရဘူး။ အားမရဘူး ဆိုတာက MNDAA ကို မကြိုက်တာ မဟုတ် ဘူး။ စကစ သတင်းပေးတွေ၊ စစ်သုံ့ပန်း ထွက်ပြေး သွားတဲ့ ကိစ္စတွေမှာ အရေးယူ အပြစ်ပေးတာတွေက ပျော့ လွန်းတယ်လို့ ယူဆတယ်” ဟု အသက် ၄၆ နှစ်အရွယ် လားရှိုးမြို့ခံ အမျိုးသားက ဆက် ပြောသည်။
လားရှိုးတွင် အောက်တိုဘာလ ၉ ရက်နေ့က အကျဉ်းသား ၉၀ ကျော် ထောင်ဖောက်ထွက်ပြေးသွားခဲ့သည်။
ကိုးကန့်တပ်က ဖမ်းဆီးထားသည့် စစ်ကောင်စီ သတင်းပေးဟု ယူဆရသူများ၊ စစ်သုံ့ပန်းများ၊ ခိုးမှု၊ လုယက်မှု၊ မူးယစ်ဆေးဝါးနှင့် အကျဉ်းကျနေသူများ ထွက်ပြေးခဲ့သည်ဟု ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် နီးစပ်သူတစ်ဦးက အတည်ပြု ပြောဆိုသည်။
ထောင်ဖောက် ထွက်ပြေးသွားသည့် အကျဉ်းသား အယောက် ၉၀ အနက် အကျဉ်းသား အယောက် ၄၀ ကျော် သာ ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း အဆိုပါ ကိုးကန့်တပ်ဖွဲ့နှင့် နီးစပ်သူက ဆက်ပြောသည်။
ညဘက်အချိန် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် လားရှိုးတွင် အရပ်သား သေဆုံးသူ ၁၂ ဦး ထိရှိလာခဲ့ပြီး၊ ၅၂ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့ (Lashio Reconstruction) က ကောက်ယူထားသည့် စာရင်းများအရ သိရသည်။
စစ်ကောင်စီက လားရှိုးမြို့ကို လေကြောင်းမှ မကြာခဏ တိုက်ခိုက်နေမှုများကြောင့် လားရှိုးမြို့ ပြန်လည် ထူထောင်ရေးသည် လိုသလောက် ခရီးမပေါက်ဘဲ ဖြစ်နေသည်ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့ တာဝန်ရှိသူက ပြောသည်။
“အကြီးမားဆုံးကတော့ လက်ရှိ ကြုံနေရတဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုပါပဲ။ စစ်ကောင်စီရဲ့ လေကြောင်း ဗုံးကြဲတိုက်ခိုက်တဲ့ ရန်ကလည်း ရှိသေးတော့ လုပ်သလောက် ခရီးမရောက် သလိုဖြစ်နေတာပေါ့နော်။ လေကြောင်းရန်ကို ကာကွယ်ဖို့အတွက် တပ်ဖွဲ့ဝင်တွေဘက်က ကြိုးစားနေကြပါတယ်။ ပြန်လည် ခုခံတားဆီး မှုတွေလည်း လုပ်ဆောင်နေပါတယ်” ဟု ပြောသည်။
ကိုးကန့်တပ်ဖွဲ့ MNDAA က လားရှိုးမြို့ကို ဇူလိုင်လ ၃ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး တစ်လအကြာ ဩဂုတ် လ ၃ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့သည်။ သိမ်းပိုက်ပြီးနောက် မြို့အုပ်ချုပ်ရေး ယန္တရားကို အသက်သွင်းကာ မြို့ကို ပြန်လည်ပတ်စေခဲ့ပြီး လားရှိုးမြို့ခံများကို ပြန်လည် ဝင်ရောက်နေထိုင်ရန် ဖိတ်ခေါ်ခဲ့သည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ် အဆောက်အအုံများ၊ ဈေးဆိုင်ခန်းပေါင်း ၅၀ ကျော် ထက်မနည်းနှင့် ပညာရေး၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ ပျက်စီးဆုံးရှုံးခဲ့သည်ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေး၏ စာရင်းများတွင် ဖော်ပြထားသည်။
ပုံစာ – ကိုးကန့်တပ်များ သိမ်းပြီးနောက် လားရှိုးတက္ကသိုလ်ကို ဩဂုတ်လ နှောင်းပိုင်းက တွေ့ရစဉ်