လည်လှီးသတ်ခံထားရသည့် အလောင်း နှစ်လောင်းတွေ့
သတင်းနှင့်မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်။
လောင်းလုံးမြို့နယ်အတွင်း လည်လှီးအသတ်ခံထားရပြီး မြေနှင့် ဖုံးထားခဲ့သည့် အလောင်း နှစ်လောင်း တွေ့ရှိခဲ့ သည်ဟု ရွာသားများက ပြောသည်။
တစ်ပတ်အကြာ စစ်ကြောင်းထိုးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့က လောင်းလုံးမြို့နယ်အတွင်းက ညှင်းမော်ကျေးရွာမှ ပြန်ထွက်သွားချိန် ယခုကဲ့သို့ လည်လှီးသတ်ဖြတ်ခံခဲ့ရပြီး မြေနှင့်ဖုံးထားခဲ့သည့် အလောင်း နှစ်လောင်းကို မြင်တွေ့ခဲ့ရသည်ဟု ရွာသားများက ပြောသည်။
“ရိုက်နှက် နှိပ်စက်ပြီးမှ သတ်တာဖြစ်မယ် ခန္ဓာကိုယ်မှာ အညိုအမည်းတွေ စွဲနေတာတွေ့ရတယ်။ လည်ပင်းတွေ ဓါးနဲ့လှီးထားတယ်။ အလောင်းတွေကို မြေဖော်ပြီးပဲ ဖုံးထားတာ၊ တွေ့တဲ့အချိန်မှာ ခြေတွေလက်တွေ ပေါ်နေတယ်” ဟု အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ညင်းမော်ကျေးရွာ နာရေးကူညီမှုရုံး၏ အနောက်ဘက်တွင် သတ်ဖြတ်မြေမြုပ်ထားခဲ့သည့် အမျိုးသားနှစ်ဦး၏ ရုပ်အလောင်းတို့ကို စစ်ကောင်စီ စစ်ကြောင်း ပြန်ထွက်သွားသည့် အောက်တိုဘာလ ၂၀ ရက်နေ့၊ မွန်းတည့်ပိုင်း က တွေ့ရှိခဲ့ခြင်းဖြစ်သည်။
လောင်းလုံးမြို့နယ် အောက်ပိုင်းရှိ ညင်းမော်၊ ဂေါ့အင်းနှင့် အောက်ရေဖြူ ကျေးရွာအုပ်စုများကို အင်အား ၁၀၀ ကျော်ခန့်ပါသည့် စစ်ကောင်စီတပ် စစ်ကြောင်းက အောက်တိုဘာလ ၁၂ ရက်နေ့မှ စတင်၍ ၈ ရက်အကြာ စစ်ကြောင်း ထိုးခဲ့ပြီးနောက် ၁၉ ရက်နေ့တွင် လောင်းလုံးမြို့ပေါ်သို့ ပြန်ဆုတ်ခွာသွားခဲ့ကြောင်း ရွာသားတစ်ဦးက ဆိုသည်။
သတ်ဖြတ်ခံထားရသူ နှစ်ဦးအနက် တစ်ဦးမှာ အောက်ရေဖြူရွာသား အသက် ၂၅ နှစ်အရွယ် ကိုမင်းကို ဆိုသူ ဖြစ်ပြီး ကျန်သည့် တစ်ဦးမှာလည်း အသက် ၂၅ နှစ် ဝန်းကျင် အရွယ်ရှိပြီး မျက်နှာများ ပျက်စီးနေသောကြောင့် မည်သူမည်ဝါ ဖြစ်သည်ကို မသိရသေးဘူးဟု ဆိုသည်။
အောက်ရေဖြူကျေးရွာသို့ စစ်ကြောင်း ဝင်ရောက်လာချိန် အောက်တိုဘာလ ၁၆ ရက်နေ့တွင် ကိုမင်းကိုအား ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ၎င်းမှာ ဆန္ဒပြပွဲများတွင် ပါဝင်လေ့ရှိသူ တစ်ဦးဖြစ်ကာ အောက်တိုဘာလ ၁၉ ရက်နေ့ စစ်ကြောင်းပြန်မထွက်ခင်၌ သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ရွာသားများက ဆိုသည်။
အလောင်းများကို တွေ့ရှိခဲ့သည့် အောက်တိုဘာလ ၂၀ ရက်နေ့တွင်ပင် မီးရှို့သင်္ဂြိုဟ်လိုက်ကြသည်။
ကိုမင်းကို ဖမ်းဆီးခံရသည့် နေ့မှာပင် ကဒက်ငယ်ထိန်ကျေးရွာမှ အသက် ၃၀ နှစ်အရွယ်၊ ကိုကမ်းကမ်း ဆိုသူကို လည်း စစ်ကောင်စီတပ်က အောက်ရေဖြူကျေးရွာ ဘုရားတောင် ခြေရင်းတွင် ပစ်သတ်ခဲ့ကြောင်း ရွာသားများ က ပြောသည်။
ထို့အပြင် ကျန်းမာရေး မကောင်းသောကြောင့် ကဒက်ငယ်ထိန်ကျေးရွာရှိ အိမ်ပေါ်တွင် အိပ်နေသည့် အသက် ၇၀ နှစ်အရွယ် ဒေါ်မငယ် ဆိုသူလည်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် ကျည်ထိမှန်ပြီး နောက်တစ်ရက် အောက်တိုဘာလ ၁၇ ရက်နေ့တွင် သေဆုံးသွားခဲ့သည်။
အလားတူ အောက်ရေဖြူကျေးရွာမှ နှလုံးရောဂါ အခံရှိသူ အသက် ၅၀ အရွယ် ဒေါ်သက်သက် ဆိုသူလည်း စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲသံများနှင့် သေနတ်ပစ်ခတ်သံများ ကြောင့် နှလုံးဖောက်ပြီး သေဆုံးသွားခဲ့သေး သည်။
လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီ စစ်ကြောင်းထိုးခဲ့သည့် ရှစ်ရက်တာ ကာလအတွင်း သေဆုံးသူ ငါးဦးနှင့် ဒဏ်ရာရသူ အနည်းဆုံး ခုနစ်ဦး ရှိခဲ့ကြောင်း ရွာသားများက ပြောသည်။
စစ်ကောင်စီ စစ်ကြောင်းမှ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တစ်ဖွဲ့၏ စခန်းတစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် အမြောက်အများကိုလည်း ရိုက်ဖျက်ကာ အဖိုးတန်ပစ္စည်းများကိုပါ ယူသွားကြသည်။
ဓါတ်ပုံ – သေဆုံးသူ ကိုမင်းကို