အမျိုးသမီးတစ်ဦး ဖမ်းခံရပြီး ပျောက်ဆုံးနေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်။
ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် မောင်းမကန်ရွာမှ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံရပြီးနောက် သတင်းအစအန မရဘဲ ပျောက်ဆုံးနေသည်မှာ ၂ပတ်ကျော် ကြာလာပြီဟု ရွာသားများက ပြောသည်။
မောင်းမကန်ကျေးရွာတွင် နေထိုင်သူ အသက် ၅၂ နှစ်အရွယ် ဒေါ်ခင်နှောင်းကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အောက်တိုဘာလ ၁၀ ရက်နေ့၌ လမ်းတွင် သွားလာနေသည့် အချိန်တွင် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။
မိသားစုနှင့် နီးစပ်သူ အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦးက “ဖမ်းတာကို အပြစ်မပြောပါဘူး။ ဘာကြောင့် ဖမ်းတယ်၊ ဘယ်လို အရေးယူ လိုက်တယ်ဆိုတာ ပွင့်ပွင့်လင်းလင်း သိချင်တယ်။ သေသွားပြီဆိုရင်လည်း အမျှ အတမ်းပေး ဝေဖို့ မိသားစုကို အကြောင်းကြားသင့်တယ်” ဟု ပြောသည်။
ဖမ်းဆီးခံထားရသူ ဒေါ်ခင်နှောင်းသည် ရဲစခန်းအနီးတွင် နေထိုင်ခြင်းကြောင့် ရဲတပ်ဖွဲ့ဝင်များနှင့် ရင်းနှီးပြီး ထောက်ခံစာများကို တစ်ဆင့်ခံ လုပ်ဆောင်ပေးနေသူ တစ်ဦးသူ ဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောသည်။
ဖမ်းဆီးသွားပြီးသည့်နောက် လက်ရှိ နှစ်ပတ်ကျော်ကြာလာသည်အထိ သတင်းအစအနမရသလို ယနေ့ အချိန်ထိ ပြန်မလွတ်လာသေးဘူးဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။
လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)၊ ဗထူးတပ်မတော် နှင့် ထားဝယ် အမျိုးသား လွတ်မြောက်ရေး တပ်တော် (DNLA) တို့ ကလည်း ဒေါ်ခင်နှောင်းကို ၎င်းတို့အဖွဲ့များက ဖမ်းဆီးခဲ့ခြင်း မရှိကြောင်း ငြင်းဆိုထားသည်။
ဒေါ်ခင်နှောင်း ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ လက်နက်ကိုင်တပ်ဖွဲ့များ ဖြစ်ကြသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ အသီးသီးမှ အမှန်တရား ပေါ်ပေါက်အောင် စုံစမ်းဖော်ထုတ်ပေးရေး ထားဝယ်ခရိုင်၊ ဒီမိုကရေစီ အရေး လှုပ်ရှားမှု သပိတ်ကော်မတီမှ အောက်တိုဘာလ ၂၃ ရက်နေ့က တိုက်တွန်းထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အတွင်း မိသားစုဝင်များနှင့်အတူ ဒေါ်ခင်နှောင်း၏ အသက်အန္တရာယ်ကို အထူးစိုးရိမ်လျက်ရှိနေပြီး ပြစ်မှု တစ်စုံတစ်ရာ ကျူးလွန်ထားကြောင်း ခိုင်လုံသည့် သက်သေ အထောက်အထား မရှိဘဲ မတရား ဖမ်းဆီး ထားခြင်းနှင့် သတ်ဖြတ်ခြင်းမျိုး လုံးဝမပြုလုပ်ဘဲ ချက်ချင်း ပြန်လွှတ်ပေးရန်ကိုလည်း တောင်းဆိုထားသည်။
ဓါတ်ပုံ – ဖမ်းဆီးခံရသူ ဒေါ်ခင်နှောင်း