ပအိုဝ်းပြည်သူ့စစ် စစ်သားသစ်စု

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်။ 

အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ်အဖွဲ့က တပ်သားသစ်များ စုဆောင်းနေသည်ဟု ဒေသခံများက ပြောသည်။ 

ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ သစ်ပင်ကောက်ကျေးရွာတွင် ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) မှ တပ်သားသစ်လာရောက် စုဆောင်းနေသည်ဟု ဒေသတွင်း တက်ကြွလှုပ်ရှားသူများက ပြောသည်။

PNA ဗိုလ်ကြီးဟောင်း ကန်အောင် (ခ) ဗိုလ်သိုက်၏ ညီတော်စပ်သူက ဦးထွက်အုံးက ဦးဆောင်၍ အစည်းအဝေး ခေါ်ယူခဲ့ပြီး အိမ်ထောင်စု တစ်စုတွင် အမျိုးသားတစ်ဦး စစ်မှုထမ်းရမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

သစ်ပင်ကောက်ကျေးရွာတွင် နေထိုင်သူတစ်ဦးက စစ်မှုထမ်း မပါဘူးဆိုရင်တော့ သူတို့က ရွာမှာ ပေးမနေဘူး။ နှင်ထုတ်မယ်။ အိမ်ကို မီးရှို့မယ် အဲလို ပြောတာပေါ့။ ပိုက်ဆံထည့်လည်း မရဘူး ပြောတယ်။ သူတို့က လူပဲ လိုနေတာ ဟု ပြောသည်။

ဦးထွက်အုံး ဦးဆောင်သည့် PNA အဖွဲ့က လူအင်အား ၂၀ နီးပါးဖြင့် အောက်တိုဘာ ၂၁ ရက်နေ့၊ နံနက်ပိုင်းတွင် လာရောက်စည်းဝေး ပြောဆိုခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလဆန်းမှစ၍ ခေါ်ယူသွားမည်ဟု ဆိုကြသည်။

စစ်မှုထမ်း ခေါ်ယူခြင်း ခံရသူများအား ရွာနှင့်နီးစပ်သည့် သဲတောင်ဂိတ်တွင် တစ်ပတ်လျှင် တပ်သား ၅ ဦးစီဖြင့် အလှည့်ကျကင်းစောင့် တာဝန်ချမည်ဖြစ်ပြီး ရှေ့တန်းထွက်စရာ မလိုဘူးဟု PNA က မက်လုံးပေး ပြောဆိုထား သည်။

ထို့ပြင် လစာအနေဖြင့် တပ်သားသစ် တစ်ဦးကို ငွေကျပ်တစ်သောင်းနှင့် ဆန် ၂ ပြည် ပေးအပ်မည်ဖြစ်ပြီး နေ့စဉ် ရိက္ခာအတွက် သစ်ပင်ကောက်ကျေးရွာမှ ထမင်းထုပ် ပို့ရမည်ဟု ဆိုသည်။

ဒေသတွင်း တက်ကြွလှုပ်ရှားသူ တစ်ဦးက သူတို့တော့ ရှေ့တန်းမသွားရဘူး ပြောတာပေါ့။ ပင်လောင်းမှာ ဒီလောက်ကြမ်းတာ မပို့ဘူးဆိုတာ ဘယ်လို ဖြစ်နိုင်မလဲ။ ပင်လောင်းမှာက PNO တွေ တောက်လျှောက် သေနေတယ်။ ဒါကြောင့် နေဝင်းထွန်း ကိုယ်တိုင် ဆင်းလာပြီး ဦးစီးနေတာ ဟု ပြောသည်။

ညောင်ရွှေမြို့နယ်၊ အင်းတန်းကျေးရွာအုပ်စု၊ အောင်ဆုဗွေဂိတ်တွင် PNA ခေါင်းဆောင် ဦးဇော ဆိုသူနှင့် အဖွဲ့က စောင့်ကြပ်လျက်ရှိရာ တောင်သူများထံ စိုက်ပျိုးရေးသုံး စက်သုံးဆီများ သိမ်းဆည်းနေပြီး ထီးကာကျေးရွာတွင် ပြန်လည်ရောင်းချနေကြသည်။

အောက်တိုဘာလ စစ်ပွဲများအတွင်း အရေးနိမ့်နေသော PNA တပ်သည် ညောင်ရွှေမြို့နယ် အတွင်းကိုပင် ဝင်ရောက်လာ၍ လူသစ်စုဆောင်းနေပြီး ဒေသခံများ အနေဖြင့် စစ်ကောင်စီ၏ စစ်မှုထမ်းသာမက PNA ၏ လူသစ် စုဆောင်းရေးကိုလည်း စိုးရိမ်ကြောက်လန့်နေရသည်ဟု ဆိုသည်။