ဆန်သယ်ယူခွင့်ပိတ်သဖြင့် ဆန်ဈေးတက်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်။
တနင်္သာရီမြို့နယ်ထဲရှိ ကျေးရွာများကို စစ်ကောင်စီဖက်က ဆန်သယ်ယူခွင့် ပိတ်ပင်ထားသည့်အတွက် ဆန် တစ်အိတ်ကို ကျပ်တစ်သိန်းခွဲအထိ စျေးတက်နေပြီး ကာလပေါက်စျေးအတိုင်း ဝယ်ယူရန်လည်း ခက်ခဲနေ သည်ဟု ရွာသားများက ပြောသည်။
တနင်္သာရီမြို့ပေါ် အထိသာ ဆန်အိတ် တင်ဆောင်ခွင့် ပြုပြီး တကူကျေးရွာအုပ်စု၊ ညောင်ပင်ကွင်း ကျေးရွာအုပ်စုနှင့် မော်တုန်းကျေးရွာတို့ကိုပါ ဆန်အိတ် တင်ဆောင်ခွင့်မပြုသဖြင့် ဝယ်ယူရခက်ခဲနေကြခြင်း ဖြစ်သည်။ ထိုသို့ ပိတ်ပင်ထားသည်မှာ ၂ လခန့်ရှိပြီဖြစ်သည်။
အသက် ၄၀ ခန့်အရွယ် ညောင်ပင်ကွင်း ရွာသားတစ်ဦးက “တနင်္သာရီမြို့အထွက် ဗောဓိကမ်းတံတားမှာ ဆိုင် ကယ်၊ ကား ဘာမှ ပေးမဖြတ်တော့ဘူး။ လူနာတင်ကားတောင် ပေးမသွားတော့တာကြောင့် တစ်ခြား တော လမ်းတွေကနေ ပင်ပင်ပန်းပန်း သွားလာပြီး ဝယ်ခြမ်းနေရတယ်” ဟု ပြောသည်။
ဆန်အိတ်များကို တနင်္သာရီမြို့ပေါ်တွင် ဆိုင်ကယ်ဖြင့် သွားရောက် ဝယ်ယူနေကြရပြီး ခရီးစရိတ်လည်း ပိုကုန်ကျသလို တစ်ခေါက်သယ်ပါက နှစ်အိတ်နှုန်းထိသာ ခိုးကြောင်ခိုးဝှက် တင်ဆောင်နေရသည်ဟု ရွာသားတစ်ဦးက ဆိုသည်။
တနင်္သာရီမြို့နယ်အတွင်း၌ ရှိနေသည့် စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက ကျေးရွာများဆီသို့ ဆန်နှင့်စားသောက်ကုန် ပစ္စည်းများ မရောက်ရှိအောင် နည်းအမျိုးမျိုးဖြင့် ကန့်သတ်နေခြင်း ဖြစ်သည်။
ဗောဓိကမ်း တံတားဂိတ်ကို ပိတ်ချလိုက်သည့် အချိန်မှစတင်ပြီး ဒေသတွင်း စားသုံးမှု အများဆုံးဆန်ဖြစ်သည့် OK နီတံဆိပ် ဇီယာဆန်တစ်အိတ် ကျပ် ၉၀,၀၀၀ ခန့် ပေးဝယ်နေရာမှ ယခု အောက်တိုဘာလထဲတွင် ကျပ် ၁၅၀,၀၀၀ ဝန်းကျင်ထိ ပေးဝယ်နေကြရသည်ဟု ရွာသားများက ပြောသည်။
ထို့အပြင် ဗောဓိကမ်း တံတားဂိတ်၌ ပိတ်ထားသောကြောင့် တနင်္သာရီမြို့နယ်ဘက်တွင် ဆန်အပြင် ကုန်စိမ်း စျေးနှုန်းများမှာလည်း အဆမတန် မြင့်တက်နေပြီး တကူကျေးရွာအုပ်စုတွင် ခရမ်းချဥ်သီး တစ်ပိဿာကိုကျပ် ၁၂,၀၀၀ အထိ ပေးဝယ်နေရပြီး ငရုတ်သီးစိမ်း နို့ဆီဗူးတစ်ဗူးကို ကျပ် ၃,၀၀၀ ထိ ဖြစ်နေသည်။
တကူကျေးရွာအုပ်စုတွင်လည်း စစ်ကောင်စီက ကားလမ်းအပြင် ရေလမ်းကိုပါ ဆန်သယ်ယူခွင့်ကို ပိတ်ပင်ထား သဖြင့် ပြည်လိုက်ဝယ်ယူရန် အခက်အခဲဖြစ်နေပြီး အိတ်လိုက်ကို လူစု၍ ဆိုင်ကယ်ဖြင့် တနင်္သာရီဘက်တွင် သွားရောက် ဝယ်ယူနေကြရသည်ဟု ရွာသားများက ပြောသည်။
တနင်္သာရီတိုင်း မြိတ်မြို့တွင်လည်း မြိတ် – ပုလော ကားလမ်း ပိတ်လိုက်သည့်နောက် ကုန်စိမ်းစျေးနှုန်းများက နှစ်ဆနီးပါး တက်လာပြီး အချို့ ကုန်စိမ်းများပါ ဝယ်ယူ၍ မရသည့် အခြေအနေထိ ဖြစ်နေကာ ယခု ကားလမ်း ပိုင်း အလိုက် ပြန်ဖွင့်ပေးခဲ့သော်လည်း ကုန်စျေးနှုန်းများ မကျသေးကြောင်း မြိတ်မြို့ခံများက ဆိုသည်။