အနန်းကွင်းတိုက်ပွဲ စစ်ရှောင်များ စားဝတ်နေရေး အခက်ကြုံ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ အနန်းကွင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေး တိမ်းရှောင် နေကြသည့် ထောင်နှင့်ချီသော ဒေသခံ ပြည်သူများ စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြသည် ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) က ပြောသည်။
အနန်းကွင်း ကျေးရွာတွင် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာများ ဖြစ်သည့် တညင်၊ ဖာယာ၊ ပန်းအောင်၊ ပုတော၊ ရက်ဖော၊ ကကသစ်နှင့် ခွန်နဝါ စသည့်ကျေးရွာများအပါအဝင် ရွာပေါင်း ၁၀ ရွာက ဒေသခံများ ထွက်ပြေး တိမ်းရှောင် နေကြရသည်ဟု (HURFOM) က ဆိုသည်။
လုံခြုံသည့် နေရာများသို့ အိုးအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်သွားကြသည့် ဒေသခံ ဦးရေ (၄,၀၀၀) ကျော် ရှိနေ သည်ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) မှ ပြောရေးဆိုခွင့်ရှိသူ နိုင်အဲမွန် က ဆိုသည်။
“ကျနော်တို့ မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်းရဲ့ ပစ်မှတ်ဧရိယာ တစ်ခွင်လုံး ဖြစ်တာ ရှိတယ်။ ဒီလို ထွက်ပြေး တိမ်းရှောင်လာရတဲ့ အချိန်ကာလလည်း ကြာပြီ။ ကြာပြီဆိုတာ ပြီးခဲ့တဲ့ ၄ – ၅ လလောက် ကတည်း က ဆက်တိုက် ဆိုသလိုပဲ နေရာစွန့်ခွာ ထွက်ပြေးမှုတွေ ဖြစ်လာတယ်။ အဲ့ဒီ ၃ – ၄ ထောင်က ပေါ့နော်။ တစ်ရွာ တည်း တစ်နေရာတည်း မဟုတ်ဘူး။ အဲ့ဒီဒေသမှာ ရှိနေတဲ့ နေလို့ကို မရတော့တဲ့ အိမ်ထောင်စုတွေ ဒေသခံ ပြည်သူတွေကနေ ပြီးတော့မှ ထွက်ပြေးလာရတဲ့ အရေအတွက် ဖြစ်တယ်နော်။ တစ်ချိန်တည်းမှာ ၃ – ၄ ထောင် မရှိဘူး။ နည်းနည်းချင်း၊ နည်းနည်းချင်း ထွက်ပြေးလာတာနဲ့ အခုက သုံးလေးထောင် ဖြစ်သွားတာပေါ့လေ။”
လက်ရှိတွင် နေရပ်စွန့်ခွာ ထွက်ပြေးသွားကြရသည့် ဒေသခံအများစုမှာ မော်လမြိုင်၊ သံဖြူဇရပ်၊ မုဒုံမြို့နယ်၊ အနီးနားကျေးရွာများရှိ ဆွေမျိုးအိမ်များနှင့် ပိုမို ဘေးကင်းလုံခြုံသည့် နေရာဒေသများသို့ သွားရောက် ခိုလှုံနေကြ ပြီး နေထိုင်စားသောက်ရေးသာမက အဖက်ဖက်တွင် အကူအညီများ အရေးပေါ်လိုအပ်နေသည်ဟု နိုင်အဲမွန်က ဆက်ပြောသည်။
“အဓိက စားနပ်ရိက္ခာလို့ ပြောတဲ့အခါမှာ ဆန်ပေါ့။ ထမင်းဖြစ်ဖို့ ဆန် အထူး လိုအပ်တယ်။ နောက်တစ်ခါ ကုန်ခြောက်တွေဖြစ်တဲ့ ပဲတို့၊ ပြောင်း တို့နော။ နောက်တစ်ခုက အာလူးလိုမျိုး အရံသင့် ခူးခပ် စားသောက် နိုင်တဲ့ ကုန်ခြောက်တွေလိုတယ်။ နောက်တစ်ခါ သောက်သုံးရေ။ သောက်သုံးရေကလည်း တကယ်တမ်းဆိုသူက ဒီတိုင်းပဲ သောက်လာ ကြတယ်။ ဘာဖြစ်လာကြလဲဆို ဝမ်းရောဂါကဲ့သို့ သော တစ်ခြားကူစက်ရောဂါ နောက် အရေပြား ရောဂါကဲ့သို့သော ကိစ္စရပ်တွေ ဖြစ်တဲ့ ဟာမျိုး ဖြစ်လာတယ်။ နောက်ပိုင်းကြ အဲ့ဒီသောက်သုံးရေ သန့်မရသည့်တိုင် သန့်ရှင်းအောင် လုပ်နိုင်မယ့် ဆေးတို့ဘာတို့ လိုတာပေါ့။”
စစ်ဘေးရှောင်များအား အကူအညီပေးနေသည့် နယ်မြေခံ အဖွဲ့အစည်းများနှင့် ပြင်ပမှ လာရောက် ကူညီ ပေးသည့် အလှူရှင် အဖွဲ့အစည်းများ အနေဖြင့်လည်း လုံးခြုံရေးဆိုင်ရာ ခက်ခဲမှု အမျိုးမျိုးကြောင့် လာရောက် ကူညီနိုင်ရန် အခက်အခဲဖြစ်နေကြသည် ဟု မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း (HURFOM) က ပြောသည်။
နိုင်အဲမွန်က “အခုဆိုလို့ရှိရင် ၄နှစ် နီးပါးလောက် ဖြစ်တော့မယ်နော။ ပြည်သူကနေ ပြည်သူကို ကူညီတဲ့ အစီအစဉ်တွေကလည်း အရှိန်အဟုန်တွေ ကျလာတယ်။ ဘာလို့ဆိုတော့ resource တွေကလည်း တစ်နေရာနဲ့ တစ်နေရာ မရောက်နိုင်ဘူး။ မျှဝေတဲ့ ဟာလည်း ကုန်ခမ်း နေပြီ။ ဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက် အလုံး အရင်း ကြီးကြီးမားမား လိုအပ်မှု အရေအတွက် မြင့်မြင့်မားမားနဲ့ ဒီလိုမျိုး နှစ်ကြာရှည်လာတဲ့ ပဋိပက္ခ ဖြစ်လို့ ရှိလို့ရှိရင် ဒီ union Materia ကိစ္စက ခက်ခဲလာတာ အမှန်ပဲ။ အခုနှစ်ဆို တာ ၄ နှစ်မြောက် တော်တော် ခက်ခဲလာ တယ်။ ကျနော်မြင်တာ ပြည်သူကနေ ပြည်သူ မကူညီနိုင်တော့ဘူး” ဟု ပြောသည်။
ထွက်ပြေး တိမ်းရှောင်သွားကြရသည့် ဒေသခံ (၉၀) ရာခိုင်နှုန်းကျော်သည် စစ်တပ်၏ လေကြောင်း တိုက်ခိုက် မှုများ၊ ပြည်သူများရှိရာ နေရာများသို့ ဦးတည်၍ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုနှင့် ဒရုန်းဖြင့် ထပ်မံ ပစ်မှတ် ထား တိုက်ခိုက်နေမှုတို့ကြောင့် အိုးအိမ်စွန့်ခွာပြီး ထွက်ပြေး နေကြရသည်မှာ ယနေ့အချိန်ထိ ဖြစ်သည်ဟု နိုင်အဲမွန်က ပြောသည်။
လက်ရှိတွင် စစ်ကောင်စီသည် အဆိုပါဒေသအတွင်း ဆက်သွယ်ရေး ကွန်ရက်များကို ဖြတ်တောက်ထားပြီး ဒေသခံများ၏ သွားလာလှုပ်ရှားမှုကိုလည်း ကန့်သတ်ထားသည်ဟု (HURFOM) က ဆိုသည်။