ပင်လောင်းရောက် စစ်ရှောင်များ အကူအညီလိုအပ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်။ 

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်တွင် လာရောက်ခိုလှုံနေကြသည့် စစ်ဘေးရှောင်ဦးရေ တစ်ထောင်ကျော် အတွက် အကူအညီများ လိုအပ်နေကြသည်ဟု ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

ပင်လောင်း – ဖယ်ခုံ လမ်းမကြီး တစ်လျှောက်တွင် စက်တင်ဘာလ အစောပိုင်းမှစတင်၍ ယနေ့အထိ တိုက်ပွဲ များ ပြင်းထန်လျက်ရှိရာ နမ့်ဖာမူ၊ ဗန်းမောက်၊ ဆောင်လန်၊ ကုန်းပေါ၊ ကောင်ကြိန်း၊ လွယ်ဝန် စသည့် ကျေးရွာများ ပြည်သူများ ထပ်မံတိမ်းရှောင်နေရခြင်း ဖြစ်သည်။

ဆောင်လန်ကျေးရွာမှ စစ်ဘေးရှောင်ထွက်လာသည့် အသက် ၄၀ အရွယ် အမျိုးသား တစ်ဦးက ဒီနောက်ပိုင်းက ခဏခဏရှောင်ရတော့ နီးကပ်မှပဲ ပြေးကြတာ။ ရှေ့ပတ်ကတည်းက တော်တော်များများ ရှောင်ကုန်ပြီ။ အခု ရောက်လာတာက ထပ်တိုးရွာတွေ။ ဖယ်ခုံ၊ လတိန်၊ လအိတို့ဘက်က မနေ့ကမှ ပြေးလာကြတာ။ လေကြောင်း ကြဲလို့လေ ဟု ပြောသည်။

စစ်ဘေးရှောင်များတွင် နာတာရှည်ရောဂါသည်၊ သက်ကြီးရွယ်အို၊ မသန်စွမ်း၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များ ပါဝင်ပြီး ပင်လောင်းမြို့နယ်ရှိ ကန်တော်၊ နားမွန်း၊ ယာဆပ် စသည့် ကျေးရွာ ၃ ရွာတွင် ခေတ္တခိုလှုံနေကြသည်ဟု သိရသည်။

လက်ရှိတွင် စစ်ဘေးရှောင်များမှာ အထက်ပါ ကျေးရွာ ၃ ရွာရှိ ဘုန်းကြီးကျောင်း၊ ကျေးရွာခန်းမ၊ နီးစပ်ရာ ဆွေမျိုးများထံတွင် နေထိုင်လျက်ရှိပြီး အရေးအကြီးဆုံး လိုအပ်ချက်မှာ စားနှပ်ရိက္ခာဖြစ်သည်ဟု ဆိုကြသည်။

ဘုန်းကြီးကျောင်းတွင် ဝေယျာဝိစ္စ လုပ်ကိုင်ပေးနေသူ တစ်ဦးက ဆန်ကတော့ အဓိက လိုတာပေါ့။ ဆန်ရှိရင် ဟင်းက ဖြစ်သလို စီစဉ်လို့ ရတယ်လေ။ အခုတော့ ပါလာတဲ့လူတွေက ပြန်မျှပေးနေတယ်။ ယောက်ကျား လေးတွေက ပန်းရံတို့ လက်သမားတို့ နေ့စားလိုက်ကြတယ် ဟု ပြောသည်။

ပင်လောင်းမြို့နယ်ရှိ နောင်ဝိုး၊ ပင်စုံ၊ နမ့်ဖာမူကျေးရွာတို့တွင် တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ပြီး အောက်တိုဘာ လ ၂၈ ရက်နေ့ နှင့် အောက်တိုဘာလ ၂၉ ရက်နေ့ နေ့လည်ပိုင်းတို့တွင် စစ်ကောင်စီက ဖယ်ခုံမြို့နယ်အား ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

ပင်လောင်းမြို့နယ်တွင် ဇူလိုင်လ ကတည်းက တစ်ကျော့ပြန် တိုက်ပွဲများ ပြန်လည် ပြင်းထန်လာပြီး လူဦးရေ ၃ သောင်းခန့် စစ်ဘေးတိမ်းရှောင်နေရဆဲ ဖြစ်သည်။