အသုဘ အခန်းအနား ကျင်းပနိုင်ရေး ရွာအုပ်ချုပ်ရေးကို ငွေသိန်းချီ ပေးနေရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ် ၊ မတ်လ ၅ ရက်။
ကော့သောင်းမြို့နယ် ကျေးရွာတစ်ရွာတွင် အသုဘ အခမ်းအနားကျင်းပရန်အတွက် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ကို သိန်းနှင့် ချီ ပေးနေရသည်ဟု ရွာသားများက ပြောသည်။
ကော့သောင်းမြို့နယ် ပုလုံးတုံတုံးကျေးရွာတွင် အသုဘအခမ်းအနား ကျင်းပခွင့်ရရန် အတွက် ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့ကို ငွေကျပ် ငါးသိန်းနှင့်အထက် ပေးဆောင်နေကြရသည်ဟု ရွာသားများက ပြောသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလ လဆန်းပိုင်းမှ စတင်၍ ကောက်ခံနေခြင်းဖြစ်ပြီး ငွေကြေးပမာဏကို တရားဝင် သတ်
မှတ်ကြေညာခြင်းမျိုး မဟုတ်ဘဲ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း၏ နှုတ်မိန့်ဖြင့်သာ ကောက်ခံနေခြင်းဖြစ် ကြောင်း ရွာသားများက ပြောသည်။
အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးက “ပိုက်ဆံက အုပ်ချုပ်ရေးအဖွဲ့က အသုဘအိမ်မှာ လာကောက်တာ မျိုးတော့ မရှိဘူး၊ ရာအိမ်မှူးအိမ်တွေနဲ့ အုပ်ချုပ်ရေးမှူးအိမ်မှာ သွားပေးရတယ်” ဟု ပြောသည်။
ပင်လယ်ပြင်တွင်သေဆုံးပြီး နေအိမ်သို့ ပြန်သယ်ယူမည့်သူကို ထိုင်းငွေဘတ်နှစ်သောင်း၊ ဆေးရုံတွင် သေဆုံးပြီး ပြန်လည် သယ်ယူမည့်သူအား ဘတ်ငါးသောင်းကို ကျေးရွာအုပ်ချုပ်ရေး အဖွဲ့က သတ်မှတ်ကောက်ခံနေသည်ဟု ရွာသားတစ်ဦးက ဆိုသည်။
ထို့အပြင် နေအိမ်တွင် သေဆုံးခဲ့သူဆိုပါက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ကို ကျပ်ငါးသိန်းနှင့် ဆယ်သိန်းကြား ပေးဆောင်နေရသည်ဟု ဆိုကြသည်။
ယခင်က သုံးသိန်းကျပ်ခန့် ပေးဆောင်ခဲ့ရပေမယ့် နောက်ပိုင်းတွင် ငွေကြေးတိုးမြှင့် သတ်မှတ်ပြီး ကောက်ခံလာခြင်း ဖြစ်ကြောင်း ဆိုသည်။
ငွေကြေးနောက်ခံ မရှိသည့်သူများအဖို့ ကူငွေဖလားထဲမှ ရရှိသည့်ငွေများကို အုပ်ချုပ်ရေးအဖွဲ့ထံသို့ ပေးနေရ သည်ဟု ဆိုသည်။
ကောက်ခံသည့် ငွေကြေးမပေးနိုင်ပါက အသုဘ ကျင်းပခွင့်မရဘဲ ချက်ချင်း မီးသင်္ဂြိုလ်ရမည်ကို စိုးရိမ်ကာ ပေးဆောင်နေရခြင်းဖြစ်သည်။
သို့သော် လက်ရှိအချိန်ထိ ငွေမပေးနိုင်ခြင်းကြောင့် ချက်ချင်း မီးသင်္ဂြိုလ်လိုက်ရသည့် အသုဘ အခမ်းအနား မရှိသေးကြောင်း ရွာသားများက ပြောသည်။
ကော့သောင်းမြို့နယ်ထဲရှိ အခြားကျေးရွာများတွင် အသုဘ အခမ်းအနား ကျင်းပရန်အတွက် သက်ဆိုင်ရာ အုပ် ချုပ်ရေး အဖွဲ့များထံ ငွေကျပ်သောင်းဂဏန်းမျှ (သဒ္ဒါကြေး) ကိုသာ လက်ဖက်ရည်ဖိုးအနေဖြင့် ပေးကြ ရသည်။
ပုလုံးတုံတုံးကျေးရွာတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အရ အိမ်ခြေ ၇၁၈ ခန့်နှင့် အိမ်ထောင်စု ၇၉၁ စုရှိနေပြီး အထက်တန်းကျာင်းခွဲ၊ ကျန်းမာရေးဌာနခွဲ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတို့ ရှိနေပြီး ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသည့် ရွာကြီးတစ်ရွာလည်း ဖြစ်သည်။