တနင်္သာရီမြို့နယ်အတွင်း ဗုံးကြဲတိုက်ခိုက်မှု ကလေး နှစ်ဦးနှင့် အမျိုးသမီး သုံးဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်။ 

တနင်္သာရီ မြို့နယ်အတွင်း ကျေးရွာတစ်ရွာကို စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်ရာ ကလေး နှစ်ဦး အပါအဝင် လူငါးဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။ 

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု ကော်တောကျေးရွာကို မတ်လ ၃ ရက်နေ့ မွန်းတည့် ၁၂နာရီခန့်တွင် ရဟတ်ယာဉ်ဖြင့် ဗုံး လေးလုံး ကြဲချတိုက်ခိုက်ခဲ့ရာ ကလေးနှစ်ဦးနှင့် အမျိုးသမီး သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။

အသက် ၅၀ ခန့်အရွယ် အမျိုးသားတစ်ဦးက ဗုံးလာကြဲတဲ့ အချိန်မှာ တိုက်ပွဲဖြစ်တာမရှိပါဘူး၊ တမင်ကို လာ ကြဲတာ၊ တော်သေးတာပေါ့ လူတွေ အားလုံးက အလုပ်လုပ်ချိန်ဆိုတော့ ဥယျာဥ်ခြံတွေထဲ ရောက်နေကြတာ၊ ရွာထဲမှာက သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေ လောက်ကျန်ခဲ့တာ ဟု ပြောသည်။ 

ဗုံးကြဲ တိုက်ခိုက်ခံရမှုကြောင့် ထိခိုက် ဒဏ်ရာရသော ကလေးနှစ်ဦးမှာ အသက် ၁၂ နှစ်နှင့် ၁၄ နှစ်အရွယ်တို့ ဖြစ်သည်။ 

ထို့အပြင် ဗုံးကျရောက် ပေါက်ကွဲမှုကြောင့် ကျေးရွာအတွင်း နေအိမ်နှစ်ဆောင် လုံးဝ ပျက်စီးသွားခဲ့ပြီး ငါးဆောင်မှာ အနည်းငယ်စီ ပျက်စီးသွားခဲ့သည်။

ရဟတ်ယာဥ်ဖြင့် ဗုံးလေးလုံး ကြဲချခဲ့သည့်အပြင် စက်သေနတ်ဖြင့်လည်း ဆက်တိုက် ပစ်ခတ်ခဲ့သေးကြောင်း ရွာသားများက ဆိုသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလအစမှ စ၍ မတ်လ ၄ရက်နေ့အထိ တိုင်အောင် တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီ လေတပ်မှ ၂၇ ကြိမ်ထက် မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဗုံးကြဲတိုက်ခိုက်ခံရသည့် ကျေးရွာများတွင် နှစ်ဘက်တိုက်ပွဲများ ပြင်းထန်ခဲ့သည့် သိန္ဒော၊ ထုံမခါ၊ ညောင်ပင်ကွင်း ကျေးရွာအပြင် တိုက်ပွဲများမရှိသည့် တကူကျေးရွာအုပ်စု အထဲမှ မြရာချောင်းနှင့် ကော်တောကျေးရွာများ ဖြစ် ကြသည်။

စစ်ကောင်စီတပ်နှင့် ပြည်သူ့ ကာကွယ်ရေးတပ်များ နှစ်လကြာ တိုက်ပွဲပြင်းထန်ခဲ့သည့် သိန္ဒောကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်မှာ ၁၉ ကြိမ်ရှိပြီ ဖြစ်ကြောင်း ရွာသားတစ်ဦးက ဆိုသည်။ 

မတ်လ ၁ ရက်နေ့ကလည်း တကူကျေးရွာအုပ်စု မြရာချောင်းကျေးရွာကို စစ်ကောင်စီတပ်က K8W အမျိုးအစား ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ အဆောင်များ ပျက်စီးဆုံးရှုံးခဲ့သေးဟု ရွာသားများက ဆိုကြသည်။