ဒီးမော့ဆို အနောက်ခြမ်းကို လေယာဉ်ဖြင့် ဗုံး ၄ ကြိမ် လာကြဲ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မတ်လ ၅ ရက်။
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း စစ်ရှောင်စခန်းအနီး တစ်နေရာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံး (၄) ကြိမ် လာရောက်ကြဲချခဲ့သည့်အပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်ခဲ့သည်ဟု စစ်ရှောင် ဒေသခံများက ပြောသည်။
ထိုသို့ ပစ်ခတ်မှုအတွင်း လူနေအိမ် ထိမှန်ပျက်စီးမှုလည်းရှိသည်ဟု ဒေသခံများကပြောသည်။
ဒေသခံ အမျိုးသားတစ်ဦးက “လေယာဉ် ၄ ကြိမ်ဝဲပြီး ၈ လုံးကြဲသွားတယ်။ လက်နက်ကြီး ၃ လုံး ပစ်လာ တယ်ပေါ့နော်” ဟု ပြောသည်။
စစ်ကောင်စီက ယမန်နေ့ (မတ်လ၊ ၄ ရက်နေ့) နေ့လယ် ၁၂ နာရီခန့် အချိန်တွင် လေယာဉ်ဖြင့် လာရောက် ဗုံးကြဲခဲ့ သည်ဟု ဆိုသည်။
လေယာဉ် ဗုံးကြဲသည့်နေရာတွင် ရှိနေသည့် အခြား ဒေသခံအမျိုးသားတစ်ဦးက “မိန်းကလေးဆောင် တစ်ဆောင်နဲ့ နောက် တစ်ခေါက်က ကျောင်းဆောင်မှာ လာကျတော့ စင်မိတာနဲ့ ဘေးကဆိုင်ကြီးက နည်း နည်းထိတယ်။ တစ်ခြား ဆေးခန်း ဘက်ကော။ နောက်တစ်လုံးက မကွဲ ဒီတိုင်းရှိနေတယ်။ အဲ့တစ်လုံးက အရှေ့ တောင်ပေါ်မှာ မြင်နေရ စိုက်နေတာ” ဟုပြောသည်။
ထိုလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထု ထိခိုက်သေဆုံးမှုမရှိကြောင်း အဆိုပါ ဒေသခံမျိုးသား က ဆက်ပြောသည်။
“နေမကောင်းဘူးလေး။ ခွေးတွေကတစ်မျိူး။ လူက ကံကောင်းလို့ပြောရမှာပေါ့ အလုပ်သမားတွေပြန်ကုန်လို့ အိမ်ပဲ ပျက်စီးသွားတာပါ။ လူတွေက ခါတိုင်း အဲ့အဆောင်မှာ မိန်းကလေးတွေရှိတယ်။ မနေ့ညကမှ ပြန်ကုန် တာ အကုန် မဟုတ်ရင် အကုန်ရှောအုံးမှာ ရှိရင် ပြန်သွားလို့တော်သေး။ စစ်ရှောင်စခန်းရှိတယ်လေ။”
ခွေးတွေက တမျိုး ဆိုသည်မှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို ရည်ရွယ် ပြောဆိုခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်သည် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့ တို့တွင် စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသည် ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က မတ်လ ၃ ရက်နေ့ က ထုတ်ပြန်ထားသည်။
ရှမ်း-ကရင်နီ အစပ် မိုးဗြဲမြို့အတွင်း စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် အင်အားအလုံး အရင်း ဖြင့် ထိုးစစ်ဆင်လာသော်လည်း အထိနာပြီး ပြန်ဆုတ်သွားခဲ့ရသည်ဟု MOBYE PDF ကယ်ဆယ်ရေး ဆေးအဖွဲ့ ကပြောသည်။
စစ်ကောင်စီသည် စားနပ်ရိက္ခာနှင့် လူအင်အားဖြည့်တင်းနိုင်ရေးအတွက် မိုးဗြဲ၊ ဖယ်ခုံ၊ လွိုင်ကော် ကားလမ်းမ ကြီးအား ပြန်လည်ထိန်းချုပ်နိုင်ရန် အပြင်းအထန်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ကရင်နီ ပူးပေါင်းတပ် ဘက်က ပြောသည်။