USAID ထောက်ပံ့မှုများ ရပ်ဆိုင်းမှုကြောင့် ကျန်းမာရေး အခက်ကြုံနေရသည့် ကရင်နီဒုက္ခသည်များ
ပီတာ၊ သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်။
ထိုင်း-မြန်မာ (ကရင်နီ) နယ်စပ်ရှိ ကရင်နီဒုက္ခသည် စခန်းအမှတ် (၁) တွင် နေထိုင်နေသော ဒေါ်မာရိယာသည် သွေးတိုး၊ ဆီးချို၊ နှလုံး အစရှိသော နာတာရှည်ရောဂါတို့ကို ခံစားနေသူတစ်ဦး ဖြစ်ပြီး လက်ရှိ ဆရာဝန်၏ ညွှန်ကြားချက်ဖြင့် ဆေးစွဲသောက်နေရသူ တစ်ဦးဖြစ်သည်။
“ဒီမှာတောင်မှ တစ်ကယ့် အရေးကြီးမှ လာပြလို့ပြောတယ်။ တစ်ကယ် ဖြစ်လာရင်တော့ ပြည်တွင်းမှာပဲ ပြန် ပြီး ကုဖို့ စဉ်းစားထားတယ်။ ဒီမှာဆိုရင်တော့ ပိုက်ဆံပေးနိုင်မှလေ၊ ပိုက်ဆံမရှိတဲ့ သူတွေကျတော့ အိုး… အကုန်လုံး စိတ်ဆင်းရဲ ကုန်ကြတာပေါ့ အဓိက ပိုက်ဆံပဲလေ” ဟု ဒေါ်မာရိယာက ပြောသည်။
ယခင်ကလည်း ထိုရောဂါများကြောင့် ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဌာနတို့တွင် မကြာခဏ ဆေးကုသမှု ခံယူနေရသူ လူနာတစ်ဦး ဖြစ်သည်။
လက်ရှိတွင် သူမ သောက်သုံးနေရသည့် ဆေးများအား ဒုက္ခသည် စခန်းအတွင်းရှိ ကရင်နီ ကျန်းမာရေးဆေးခန်းမှ ဆက်လက် ရရှိနေသော်လည်း ဒေါ်မာရိယာကဲ့သို့ ဒုက္ခသည်များအတွက် လက်လှမ်းမမှီနိုင်သော ထိုင်းနိုင်ငံ၏ ဆေးဝါးကုသမှု စရိတ်ကြောင့် စိတ်သောကရောက် နေကြရသည်။
အမေရိကန်နိုင်ငံ၏ နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) မှ ထောက်ပံ့မှုများ ယာယီရပ်ဆိုင်းသွားခြင်း ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်နီဒုက္ခသည် စခန်းများတွင် ကျန်းမာရေးဆိုင်ရာ အခက်အခဲများ ကြုံတွေ့ နေရခြင်း ဖြစ်သည်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က (USAID) သည် အမေရိကန်၏ အကျိုးစီးပွားနှင့် မကိုက်ညီဘဲ ငွေကြေး များကို လိမ်လည်ထုတ်ယူနေပြီး အလဟာသ ဖြုန်းတီးနေသည်ဟု စွပ်စွဲပြောဆိုကာ ကူညီထောက်ပံ့မှုများအား ယခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့မှ စတင်ကာ ရက် ၉၀ အကြာ ယာယီ ရပ်ဆိုင်းထားခြင်း ဖြစ်သည်။
ဤဆုံးဖြတ်ချက်သည် ထိုင်း-ကရင်နီ နယ်စပ်ရှိ ဒုက္ခသည် စခန်းများအတွက် အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေး ကော်မတီ (IRC) မှ ထောက်ပံ့ပေးနေသည့် ကျန်းမာရေး၊ ပညာရေး၊ စားနပ်ရိက္ခာနှင့် လူမှုရေး ဝန်ဆောင်မှုများကို ထိခိုက်စေခဲ့သည်။
ကျန်းမာရေးဝန်ဆောင်မှုများ ယာယီရပ်ဆိုင်းခြင်း IRC သည် ကရင်နီကျန်းမာရေးဌာန (KnHD) နှင့် ပူးပေါင်းကာ ဒုက္ခသည်စခန်းများအတွင်း ဆေးခန်းများ ဖွင့်လှစ်၍ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခြင်း၊ ကလေးများနှင့် ကိုယ်ဝန်ဆောင်များအတွက် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ပေးခြင်း၊ ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ပေးခြင်း တို့ ပါဝင်သည်။
ထို့အပြင် IRC သည် ဒုက္ခသည်များအား သန့်ရှင်းရေး၊ ရောဂါကာကွယ်ရေးနှင့် ကျန်းမာရေး ထိန်းသိမ်းမှုဆိုင်ရာ ပညာပေးခြင်းများ ပြုလုပ်ပေးပြီး၊ HIV/AIDS နှင့် အခြားသော ကူးစက်ရောဂါများဆိုင်ရာ အသိပညာ ပေးခြင်း များလည်း ဆောင်ရွက်ပေးလျက်ရှိသည်။
စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့အနေဖြင့် ဒုက္ခသည်များ၏ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထောက်ပံ့ရန် စိတ်ကျန်းမာရေး ဆိုင်ရာ အကူအညီများပေးခြင်းနှင့် စိတ်ဒဏ်ရာ ပြန်လည်သက်သာရေး လုပ်ငန်းများ ဆောင် ရွက်ပေးခြင်းတို့လည်း ပါဝင်သည်။
အရေးပေါ် ကျန်းမာရေး လိုအပ်ချက်များအတွက် အရေးပေါ် ဆေးလွဲပြောင်းကုသမှုများ ဆောင်ရွက်ပေးခြင်း၊ ကပ်ဘေးဆိုင်ရာ ပြင်ဆင်မှုများ ပြုလုပ်ပေးခြင်းနှင့် ဆေးဝါးနှင့် ကျန်းမာရေးပစ္စည်းများ ထောက်ပံ့ပေးခြင်းတို့ကို လည်း IRC မှ ဆောင်ရွက်ပေးခဲ့သည်။
လက်ရှိ (USAID) ၏ ထောက်ပံ့မှု ရပ်ဆိုင်းသွားခြင်းကြောင့် ကျန်းမာရေးလုပ်ငန်းနှင့် ပတ်သက်သော လုပ်ငန်းစဉ် များ အားလုံးရပ်ဆိုင်းသွားခဲ့ပြီး ကျန်းမာရေး ဝန်ထမ်း အယောက် ၂၀၀ ကျော်၏ ထောက်ပံ့စရိတ်များလည်း ရပ်ဆိုင်းသွားခဲ့သည်။
ထို့အပြင် ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်နီဒုက္ခသည် စခန်းနှစ်ခုတွင် IRC ၏ ထောက်ပံ့မှုဖြင့် လည်ပတ်နေသော ကျန်းမာရေးဌာနတို့ ပိတ်သိမ်းခဲ့ရပြီး လူဦးရေ ၁၃,၀၀၀ ကျော်အတွက် ကျန်းမာရေး စောင့်ရှောက်မှုများ ပိုမိုခက်ခဲ လာစေခဲ့သည်။
သို့သော် ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စတင်ကာ တစ်ပတ်လျှင် တစ်ကြိမ် အကန့်သတ်ဖြင့် IRC ထံမှ ဆေးဝါး ထောက်ပံ့မှု ပြန်လည်ရရှိခဲ့ကြသော်လည်း ဆေးဝါး လုံလောက်မှု မရှိသောကြောင့် ဦးစားပေးကုသပေးရမည့် သူများကိုသာ ရွေးချယ်ပြီး ကုသပေးနေရသည်။
ကရင်နီကျန်းမာရေးဌာန၏ ညွှန်ကြားရေးမှူး နော်ခူဖော က “ပိုပြီးအရေးကြီးတဲ့ လူ့အသက်ကယ်တဲ့ အပိုင်းမှာပဲ အလုပ်လုပ်နေရပါတယ်။ လူနာရောဂါကုသတာတွေ၊ မိခင်နဲ့ကလေး ကိုယ်ဝန်ဆောင်တွေကို စောင့်ရှောက်တာ တွေကို ဦးစားပေး လုပ်ဆောင်နေရပါတယ်” ဟု ပြောသည်။
စိန်ခေါ်မှု ဖြစ်နေသည့် လူနာလွှဲပြောင်းကုသမှုနှင့် ကုန်ကျစရိတ်များ
အခြေခံ ဆေးဝါးကုသမှုများအား အရေးကြီးသော အပိုင်းကိုသာ ရွေးချယ် လုပ်ဆောင်ပေးနေရသည့် အပြင် အရေးပေါ် ကုသမှုအတွက် ထိုင်းနိုင်ငံအတွင်းရှိ ဆေးရုံများသို့ လွှဲပြောင်း ကုသမှုများအား ဆောင်ရွက်ရာတွင် လည်း စိန်ခေါ်မှုများကြုံနေရသည်။
ထောက်ပံ့မှု မရပ်တန့်ခင် အချိန်ထိ လူနာလွှဲပြောင်းခြင်း ကုသခြင်း ကိစ္စရပ်များအား IRC မှ အလုံးစုံ တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။
ယခုလက်ရှိ ထိုကိစ္စရပ်များကို ဒုက္ခသည်များ ကိုယ်တိုင်ပင် ဖြေရှင်းနေကြရသည်။
ကရင်နီအမှတ် (၁) ဒုက္ခသည်စခန်းမှ စခန်းတာဝန်ရှိသူတစ်ဦးက “ဆေးစရိတ်တွေက တစ်ချို့မရှိတဲ့ သူတွေကျ တော့ ဒုက္ခရောက်တယ်ပေါ့နော်။ သူ့မှာက ကုန်မှာက စခန်းထဲကနေပြီးတော့ မြို့ထဲဆေးရုံထဲထိ သွားပြီးတော့ ကားလည်းငှားရမယ်။ ကားခလည်း ကုန်မယ်။ ပြီးတော့ ဆေးရုံရောက်ရင် လူနာကြည့်ရှုတဲ့ စရိတ်လည်း ကုန်တာပေါ့နော်။ ဆိုတော့ အဲ့ဒါတွေ သူတို့အကုန်လုံး ခံရမှာပေါ့” ဟု ပြောသည်။
ဒုက္ခသည် စခန်းအမှတ် (၁) သည် မယ်ဟောင်ဆောင်နှင့် ပိုနီးပြီးအကွာအဝေး အားဖြင့် ကားမောင်းချိန် ၄၅ မိနစ် ခန့်သာရှိပြီး စခန်းအမှတ် (၂) သည် မယ်ဟောင်ဆောင် ဆေးရုံ အထိ ၃ နာရီခွဲခန့် ကားဖြင့် သွားရသည်။
စခန်းအမှတ် (၂) သည် ခွန်ယုံးမြို့နယ်ထဲတွင် ရှိသောကြောင့် ကနဦး အနေဖြင့် ခွန်ယုံးဆေးရုံသို့ အရင်ဆုံး လွှဲပြောင်းပေးပြီး ထိုမှတစ်ဆင့် မယ်ဟောင်ဆောင် ဆေးရုံကြီးသို့ ပြန်ပြီးလွှဲပြောင်း ကုသကြရသည်။
IRC ၏ ထောက်ပံ့မှုများ ရပ်ဆိုင်းသွားခြင်းကြောင့် ဒုက္ခသည်များ အတွက် လူနာလွှဲပြောင်းကုသမှုနှင့် ကုန်ကျ စရိတ်များ ပိုမိုမြင့်တက်လာခဲ့သည်။
ဒုက္ခသည်များသည် ထိုင်းနိုင်ငံရှိ မယ်ဟောင်ဆောင်ဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူရာတွင် ကားခနှင့် ဆေးကုသ စရိတ်များအတွက် ငွေကြေးပမာဏ များစွာ ကုန်ကျနေကြရသည်။
ကရင်နီဒုက္ခသည်စခန်း (၁) တွင် နေထိုင်သူတစ်ဦးက “ကျနော့်ရဲ့ တူလေးတစ်ယောက် မယ်ဟောင်ဆောင် ဆေးရုံမှာ မီးဖွားခဲ့တယ်။ ကလေးနှစ်ယောက်မွေးတော့ ဘတ်ငွေ ၃ သိန်းကျတယ်။ ဒီလိုငွေကြေးပမာဏက သာမန်ဒုက္ခသည်တွေ အတွက် မဖြစ်နိုင်တဲ့ ပမာဏပါ” ဟု ပြောသည်။
ကရင်နီဒုက္ခသည်များသည် အလုပ်လုပ်ခွင့်မရှိ၊ ဝင်ငွေမရှိသောကြောင့် အခကြေးငွေများ စွာကုန်ကျနေသော ဆေးကုသမှုကို လက်လှမ်းမှီနိုင်ရန် ခက်ခဲသည့် အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင် ဆေးရုံအထိ သွားရောက် ကုသနိုင်သူများမှာ ဒုက္ခသည်စခန်းမှ တတိယ နိုင်ငံများ ဖြစ်သော အမေရိကန်၊ ဩစတေးလျ၊ ကနေဒါနိုင်ငံတို့တွင် ရွှေ့ပြောင်းအခြေချ၊ အလုပ်လုပ်ကိုင်နေကြသော ဆွေမျိုးများထံမှ အကူအညီများကြောင့်သာ ဆေးရုံသို့ တက်ရောက်ကုသနိုင်သည့် အခြေအနေတွင် ရှိနေခြင်း ဖြစ်သည်။
ထောက်ပံ့မှု ရပ်ဆိုင်းသွားပြီးနောက် အဆိုပါ ဒုက္ခသည် စခန်းနှစ်ခုမှ မယ်ဟောင်ဆောင် ဆေးရုံသို့ လွှဲပြောင်းပေးထားရသည့် အရေးပေါ်လူနာ ၉ ဦး၊ အရေးပေါ် မဟုတ်သော်လည်း မဖြစ်မနေ လွဲပြောင်းရမည့် non-emergency လူနာ ၆ ဦး၊ နာတာရှည်ရောဂါသည် ၁၇ ဦး စုစုပေါင်း ၃၂ ဦး လွဲပြောင်းပေးခဲ့ရသည်ဟု ကရင်နီကျန်းမာရေးဌာန၏ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ စာရင်းအရ သိရသည်။
ကျန်းမာရေး ဝန်ဆောင်မှု ရပ်ဆိုင်းထားစဉ် ကူးစက်ရောဂါ ဖြစ်ပွားမှုအခြေအနေ
ထောက်ပံ့မှုများ ယာယီ ရပ်ဆိုင်းသွားပြီးနောက် ကရင်နီဒုက္ခသည် စခန်းများတွင် ဝမ်းပျက်ဝမ်းလျောရောဂါ၊ အရေပြားရောဂါနှင့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားမှု မြင့်တက်လာနေသည်။
အထူးသဖြင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ (Acute Respiratory Infection – ARI) သည် ကလေးငယ်များ အကြား ပြင်းထန်စွာ ဖြစ်ပွားနေပြီး၊ အချို့လူနာများအတွက် အောက်ဆီဂျင်ကုသမှု လိုအပ်နေ သည်။
နော်ခူဖော က “လောလောဆယ်တော့ ရောဂါကို ထိန်းချုပ်နိုင်နေသေးပေမယ့်၊ လူနာတွေကို အနီးကပ် စောင့် ကြည့် ကုသနေရပါတယ်။ အသိပညာပေးခြင်းနဲ့ ရောဂါကာကွယ်ရေး လုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်နေပါတယ်” ဟု ပြောသည်။
ထိုရောဂါသည် အသက်အန္တရာယ် သေဆုံးနိုင်သည်အထိ ဖြစ်ပွားနိုင်သောကြောင့် ကုသရေးအပြင် ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အသိပညာပေးခြင်း အစီအစဉ်များကိုလည်း တတ်စွမ်းသမျှ လုပ်ဆောင်နေသည်ဟု ကရင်နီ ကျန်းမာရေး ညွန်းကြားရေးမှူး နော်ခူဖော က ပြောသည်
“လူနာတွေကို ကျမတို့ အတွင်းလူနာတွေအဖြစ်ပဲ ဆေးခန်းမှာပဲ အနီးကပ် စောင့်ကြည့်နေတဲ့ အဆင့်မှာပဲ ရှိနေ သေးတယ်။ အတတ်နိုင်ဆုံးတော့ အသိပညာပေးတဲ့ အပိုင်းမှာ ပိုပြီးတော့ လုပ်ဆောင်နေတာတွေ ရှိတယ်။”
လက်ရှိအခြေအနေထိ ထိုရောဂါကြောင့် ဆေးရုံသို့ အရေးပေါ် လွှဲပြောင်းပေးရခြင်းမျိုး မရှိသေးသော်လည်း ရောဂါအခြေအနေ ပိုမိုဆိုးရွားလာပါက မယ်ဟောင်ဆောင်ဆေးရုံသို့ လွဲပြောင်းကုသပေးရန် စီစဉ်ထားပြီး ဖြစ်သည်ဟု ဆိုသည်။
နောက်ဆက်တွဲအခြေအနေများ
USAID ၏ ထောက်ပံ့မှုများ ရပ်ဆိုင်းသွားခြင်းသည် ကရင်နီဒုက္ခသည် စခန်းများအတွက် ကြီးမားသော စိန်ခေါ်မှု တစ်ရပ် ဖြစ်လာသည်။ ထို့အပြင် IRC ၏ တစ်ပါတ်တစ်ကြိမ် ဆေးထောက်ပံ့မှုသည် မည်မျှကြာကြာ ပေးနိုင်မည် ကိုလည်း မသိရှိရသေးဘဲ မရေမရာရှိနေသည့်အခြေအနေမျိုး ဖြစ်နေသည်ဟု ကရင်နီ ဒုက္ခသည်များက ပြော သည်။
ကျန်းမာရေး ဝန်ဆောင်မှုများ လျော့နည်းသွားခြင်းကြောင့် ကူးစက်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာနိုင်ပြီး၊ ဒုက္ခသည်များ၏ ရုပ်ပိုင်း စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး အတွက် စိုးရိမ်မှုများ မြင့်တက်နေကြသည်။
ဒုက္ခသည်များ မှီခိုအားထားနေရသည့် ကရင်နီ ကျန်းမာရေးဌာန KnHD ဆက်လက် ရပ်တည်နိုင်ရေးအတွက် အခြားသော နိုင်ငံတကာ အလှူရှင်များနှင့်လည်း ချိတ်ဆက် ဆောင်ရွက်နိုင်ရန် ကြိုးစားနေကြသော်လည်း လက်ရှိအချိန်ထိ ထူးခြားမှု မရှိသေးဟု ဆိုသည်။
ထို့အပြင် USAID ၏ ထောက်ပံ့ပေးမှုများ ရပ်ဆိုင်းလိုက်ပြီးနောက် ထိုင်းနိုင်ငံ၏ ကျန်းမာရေးဌာနကလည်း တစ်ပတ်တစ်ကြိမ် လာရောက်ကာ ဒုက္ခသည်များအတွက် ကျန်းမာရေး စောင့်ရှောက်မှု ကူညီဆောင်ရွက်ပေး မည်ဟု ပြောဆိုထားသော်လည်း မသေချာ မရေရာသည့် အခြေနေတွင်သာ ရှိနေသည်ဟု KnHD က ဆိုသည်။
အမေရိကန်နိုင်ငံ၏ နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ၏ ထောက်ပံ့မှုသည် နှစ်ပေါင်း ၃၀ ကျော်အတွင်း ပထမဆုံးအကြိမ် ရပ်ဆိုင်းသွားခြင်းကြောင့် ကရင်နီဒုက္ခသည်စခန်းများတွင် လက်ရှိကြုံနေသော ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုမျာအား မည်မျှတောင့်ခံနိုင်မည်ကို မသိရသေးသလို ရေရှည်အတွက် မသေချာ မရေရာသည့် အခြေအနေများနှင့် ကြုံနေရပြီဟု ဆိုသည်။
ကရင်နီအမှတ် (၁) ဒုက္ခသည် စခန်းမှ စခန်းတာဝန်ရှိသူ တစ်ဦးက “IRC က ၃လကျော်သွားရင် ပြန်လာနိုင် မလား မလာနိုင်ဘူးလား ဆိုတာ မသိရဘူးပေါ့။ လက်ရှိတော့ ကိုယ့်ဟာကိုယ်တော့ လည်ပတ်နေတာပေါ့နော်။ ဘယ်လောက် ခံနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာပေါ့” ဟု ဆိုသည်။
ဓါတ်ပုံ – Crd