ဘုရား ထီးတင်ပွဲ ကျင်းပရန် ရဲနှင့် ပြည်သူ့စစ်အား ငွေ သိန်းချီပေးရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ် မတ်လ ၁၁ ရက်။
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ဘုရားထီးတင်ပွဲ ကျင်းပခွင့်ရရှိရန် အတွက် ရဲနှင့် ပြည်သူ့စစ်အား ငွေကျပ် ဆယ်သိန်း ပေးခဲ့ရသည်ဟု ဘုရားပွဲကျင်းပရေး ကော်မတီဝင်များက ပြောသည်။
သဲတန်းကြီးကျေးရွာတွင် ဘုရားထီးတင်ပွဲကို မတ်လ ၇ ရက်နေ့မှ စတင်၍ မတ်လ ၉ ရက်နေ့ထိတိုင် ကျင်းပပြုလုပ်ခဲ့ပြီး ပွဲတော် ပြုလုပ်ရန် ခွင့်ပြုချက် ထောက်ခံစာကို ကျွန်းစုမြို့နယ် ရဲနှင့်ပြည်သူ့စစ်အဖွဲ့က ငွေဆယ်သိန်း တောင်းယူခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
အသက် ၅၀ ခန့် အရွယ် ရွာသားတစ်ဦးက “ဘာသာရေးပွဲတော် လုပ်တာကိုဗျာ ငွေယူပြီးမှ လုပ်ခွင့်ပေးတယ်လို့ အခုမှပဲ ကြားဖူးတော့တယ်၊ ဆယ်တန်း စာမေးပွဲနဲ့ အချိန်ကိုက်နေလို့ လုပ်ခွင့်မပြုဘူးတဲ့၊ လုပ်ချင်ရင် ထောက် ခံစာတွေနဲ့ အတူ ဆယ်သိန်းပေးဆိုပြီး ပေါ်တင် တောင်းတာ” ဟု ပြောသည်။
ကျွန်းစုမြို့နယ်ရဲနှင့် ပြည်သူ့စစ်အဖွဲ့က ဘုရားထီးတင်ပွဲ ပြုလုပ်မည့်အချိန်နှင့် ဆယ်တန်းစာမေးပွဲကာလ တိုက် ဆိုင်နေသည့် အတွက် ပြုလုပ်ခွင့် မပေးနိုင်ကြောင်းနှင့် အကယ်၍ မဖြစ်မနေ ပြုလုပ်လိုပါက ထောက် ခံစာများ ယူရမည် ဖြစ်ကြောင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးမှ တစ်ဆင့် လာရောက်ပြောဆိုခဲ့သည်ဟု ရွာသားတစ်ဦးက ဆိုသည်။
သဲတန်းကြီးကျေးရွာတွင် အခြေခံပညာ အထက်တန်းကျောင်းမရှိဘဲ မူလတန်းကျောင်းအထိသာ ရှိနေသည်ဟု ရွာသားများက ပြောသည်။
ပွဲတော်ကျင်းပရန်အတွက် နေ့ရက်အားလုံးကို စီစဥ်ထားပြီးသား ဖြစ်နေသည်မှာ တစ်ကြောင်း၊ လက်နက်နှင့် အာဏာ အကြောင်းပြု၍ ငွေညှစ်တောင်းခံနေသည်မှာ တစ်ကြောင်းတို့ကြောင့် စိတ်ညစ်မခံဘဲ တောင်းသည့် ငွေကြေးကို ပေးဆောင်ခဲ့ရသည်ဟု ဘုရားပွဲကျင်းပရေး ကော်မတီဝင်တစ်ဦးက ပြောသည်။
ကျွန်းစုမြို့နယ် အုပ်ချုပ်ရေးမှူးရုံး ထောက်ခံစာ၊ မြို့နယ်ထွေအုပ်ရုံး ထောက်ခံစာ၊ အလှူတွင် တရားဟောကြား မည့် သံဃာတော်သည် သာသနိက ဝန်ထမ်းဖြစ်ကြောင်းနှင့် နိုင်ငံရေး ကင်းရှင်းကြောင်း ခရိုင်သာသနာရေးရုံး ထောက်ခံစာများကိုပါ တောင်းသည်ဟု ဆိုသည်။
ယခုကဲ့သို့ အလှူအတန်း ပြုလုပ်ရန်အတွက် ထောက်ခံစာများ ယူရခြင်းနှင့် ရဲ၊ ပြည်သူ့စစ်တပ်ဖွဲ့များအား ငွေကြေး ပေးဆောင်နေရခြင်းမျိုးမှာ သဲတန်းကြီးကျေးရွာအပြင် အခြားရွာများတွင်လည်း ယခင်က မရှိသေးသလို ယခုပေးရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်ဟု ရွာသားများက ပြောသည်။
နောက်ပိုင်းတွင်လည်း အလှူပြုလုပ်ရန်အတွက် ရဲနှင့် ပြည်သူ့စစ်တပ်ဖွဲ့ကို ယခုကဲ့သို့ ငွေကြေးပေးဆောင်ရ မည်ကို ရွာသားများက စိုးရိမ်နေကြသည်။
အလားတူ ကော့သောင်းမြို့နယ်ထဲရှိ ပုလုံးတုံးတုံးကျေးရွာတွင် အသုဘ အခမ်းအနား ကျင်းပခွင့်ရရန် အတွက် အုပ်ချုပ်ရေး အဖွဲ့ကို ငွေကျပ် ငါးသိန်းနှင့် အထက် ပေးဆောင်နေရကြောင်း ရွာသားများက ပြောသည်။