ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားများ ထိမှန်သေဆုံး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်။
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သပြေညွှန့်ကျေးရွာနှင့် အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေပြီး အရပ်သား ထိမှန်သေဆုံးမှုများလည်း ရှိနေသသည်ဟု ဒေသခံများက ပြောသည်။
သပြေညွှန့်ကျေးရွာရှိ စစ်ကောင်စီ၏ တပ်စခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်များက တိုက်ခိုက် သိမ်းပိုက်ပြီးနောက် လေကြောင်းမှ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
မြေပြင်သတင်းအရင်းအမြစ် တစ်ဦးက “စခန်းသိမ်းတာ အတည်ပြုလို့ရပြီ။ ပုံတွေလည်း လိုင်းပေါ်မှာ တက်နေ ပြီလေနော်။ သိမ်းတာက ၈ ရက်နေ့မှာ သိမ်းတာ၊ စဖြစ်တာက ၆ ရက်နေ့ကစတယ်။ ဒီနေ့အချိန်ထိပဲ ဆက် တိုက် စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်။ ၃ ယောက်လောက် သေတယ်။ ဒဏ်ရာရတာတွေလည်း ရှိတယ်နော်။ အခုတော့ ရွာသားတွေကတော့ မရှိတော့ဘူး။ သပြေညွှန့်တို့ ဒီ ရွှေပြည်သာ မကျည်းတောတို့၊ ကျောက်ကြီးပေါက်တို့ကို ဆက်တိုက် လေကြောင်းကနေ ဗုံးကြဲနေတာပါ” ဟု ပြောသည်။
သံတောင်ကြီးမြို့နယ်အတွင်းက ခလရ ၇၃ မှ စစ်ကောင်စီတပ်သားများ အထိုင်ချနေထိုင်သည့် စစ်ကောင်စီ လက်အောက်ခံ သပြေညွှန့်တပ်စခန်းကို ၃ ရက်အကြာတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) နှင့် ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။
သပြေညွှန့်တပ်စခန်းကို (KNLA) နှင့် ပူးပေါင်း စစ်ကြောင်းက မတ်လ ၆ ရက်နေ့ကစ၍ တိုက်ခိုက်မှုများ စတင်ခဲ့ ပြီးနောက် မတ်လ ၈ ရက်နေ့၊ နံနက်ပိုင်းတွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်သည်။
သပြေညွှန့်ကျေးရွာနှင့် အနီးတဝိုက်ရှိ ကျောက်ကြီးပေါက်၊ ရွှေပြည်သာ မကျည်းတောကျေးရွာတို့ကို စစ်ကောင် စီတပ်က လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသောကြောင့် ရွာသားများ ဘေးလွှတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရသည်။
စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရွှေပြည်သာမကျည်းတောကျေးရွာမှ ရွာသား ၂ ဦး၊ ကျောက်ကြီးပေါက်ကျေးရွာမှ တစ်ဦး သေဆုံးခဲ့ပြီး ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ က ပြောသည်။
ထို့အပြင် စစ်ကောင်စီက တပ်စခန်းဆုံးရှုံးလိုက်ရပြီးနောက် အဆိုပါစခန်းနှင့် ခုနစ်မိုင်ဝန်းကျင် အကွာတွင် ရှိနေသည့် ဘုမ္မတီးကျေးရွာ တပ်စခန်းကို အင်အားဖြည့်တင်းရန် ထပ်မံ စစ်ကြောင်းထိုးနေသည်ဟု ဆိုကြသည်။
သပြေညွှန့်ကျေးရွာ စခန်းသိမ်းတိုက်ပွဲ ကာလအတွင်း စစ်ကောင်စီက သပြေညွှန့်ကျေးရွာရှိ နေအိမ်အချို့ကို မီးရှို့ ဖျက်ဆီးခဲ့သေးသည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲထဲ စစ်ကောင်စီတပ်သား ရှစ်ဦးထက်မနည်း သေဆုံးခဲ့ပြီး အယောက် နှစ်ဆယ်ကျော် ထွက်ပြေးလွတ်မြောက်နေသည်ဟု မြေပြင် သတင်းအရင်းအမြစ်က ဆိုသည်။
ထွက်ပြေး လွတ်မြောက်နေသူများကိုလည်း လိုက်လံရှာဖွေနေပြီး နယ်မြေရှင်းလင်းရေး ဆက်လက် လုပ်ဆောင် နေကြသည်ဟု ဆိုသည်။
KNLA ပူးပေါင်းတပ်ဖွဲ့က အဆိုပါ သပြေညွှန့်တပ်စခန်းကို သိမ်းပိုက်ပြီးနောက် စစ်လက်နက် ပစ္စည်းများနှင့် ခဲယမ်း အချို့ကိုပါ သိမ်းဆည်းနိုင်ခဲ့ပြီး စခန်းကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။