မြန်မာ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကို ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်အဖွဲ့ကြီးက ဘာလို့ ထုတ်ပယ် လိုက်တာလဲ။ ဘယ်လို သက်ရောက်မှုတွေ ရှိလာမှာလဲ။
ပီတာ။ သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ် မတ်လ ၁၂ ရက်။
အချိန်က ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ အတွင်း ခရစ္စမတ်ပွဲတော်နေ့ မရောက်မီ တစ်ရက် အလိုတွင် ဖြစ်သည်။
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီးတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးနေ သော Save The Children အဖွဲ့မှ ဝန်ထမ်းနှစ်ဦး အပါအဝင် ဒေသခံပြည်သူ ၄၀ ကျော်သည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်းခံရပြီးနောက် အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုကို ခံခဲ့ရသည်။
စစ်တပ်၏ ထိုလူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်သူလူထုနှင့် နိုင်ငံတကာမှ စိုးရိမ်ထိတ် လန့်မှု မြင့်တက်ခဲ့သော်လည်း ထိုကိစ္စရပ်အား စုံစမ်းဖော်ထုတ်ပေးရန် အဓိကတာဝန်ရှိခဲ့သည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် (MNHRC) က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ လစ်လျူရှု ထားခဲ့သည်။
အလားတူ စစ်ကောင်စီသည် နောက်ထပ် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်းအပြင် အပြစ်မဲ့ပြည်သူများအား လေကြောင်းမှ တိုက်ခိုက်ခြင်း၊ ခန္ဓာကိုယ် အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးခြင်း၊ လူနေအိမ် များအား မီးရှို့ဖျက်ဆီးခြင်းနှင့် အခြားသော လူ့အခွင့်အရေး ချိုးဖောက်မှုများစွာကို ဆက်လက် ကျူးလွန်နေသော် လည်း မြန်မာပြည်သူများ၏ လူ့အခွင့်အရေးများကို အာမခံရမည့် မြန်မာ့ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် က ရေငုံနှုတ်ပိတ်နေခဲ့သည်။
ထိုသို့ တာဝန်ပျက်ကွက်နေသော မြန်မာ့အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) ကို ကမ္ဘာ့အကြီးဆုံး လူ့အခွင့်အရေးဆိုင်ရာ မဟာမိတ်အဖွဲ့ ဖြစ်သော “ကမ္ဘာလုံးဆိုင်ရာ အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ မဟာမိတ် (GANHRI) ဂန်နရီ အဖွဲ့ကြီး” က ၂၀၂၄ ဒီဇင်ဘာလ ၃၁ ရက် နေ့တွင်အဖွဲ့ဝင်အဖြစ်မှ ရုပ်သိမ်း လိုက် သည်။
“လေးနှစ်တာ ကာလလုံးမှာ စစ်တပ်ရဲ့ အရပ်သားများ အပေါ် သတ်ဖြတ်မှု၊ လူထောင်ပေါင်းများစွာ ဖမ်းဆီးခံရ ပြီး နှိပ်စက်ခံနေရမှုများက ကြီးမားကျယ်ပြန့်စွာ ဖြစ်ပေါ်နေလျှက်ရှိတယ် ဆိုတာကို ခိုင်လုံတဲ့ သတင်းများအရ သိရှိထားပြီး ဖြစ်ပါတယ်။ မြန်မာနဲ့ကမ္ဘာ တဝှမ်းမှာ နေ့စဉ်နှင့်အမျှ သတင်းခေါင်းစဉ်တွေမှာ ယခုလိုမျိုး သတင်းတွေကို တွေ့နေရပေမဲ့လည်း MNHRC က တကြိမ်တခါမျှပင် သတိပေးနှိုးဆော်ခြင်း မရှိခဲ့ပါဘူး။ စစ်အုပ်စု ထိန်းချုပ်ထားတဲ့ MNHRC က မြန်မာပြည်သူလူထုရဲ့ အခွင့်အရေးအတွက် ရပ်တည်ရမယ့် သူ့ရဲ့ တာဝန်ကို လျစ်လျူရှုနေပြီး လူထုကအလိုအပ်ဆုံးအချိန်မှာ အရှက်သိက္ခာမဲ့စွာဖြင့် တာဝန်တွေကို ပျက်ကွက် ခဲ့တာပဲ ဖြစ်ပါတယ်” ဟု နိုင်ငံတကာ လူ့အခွင့်အရေး ကျွမ်းကျင်သူများနှင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) စည်းရုံးရေးနှင့် ဆက်သွယ်ရေးအရာရှိ Connor Macdonald က ထောက်ပြ သည်။
၂၀၁၁ ခုနှစ်က အရပ်သားတစ်ပိုင်း ဦးသိန်းစိန် အစိုးရလက်ထက်တွင် စတင်ဖွဲ့စည်းခဲ့သော မြန်မာ့အမျိုးသား လူ့အခွင့်အရေး ကော်မရှင် MNHRC ၏ အဓိက တာဝန်မှာ လူ့အခွင့်အရေး ကာကွယ်မှုနှင့် မြှင့်တင်မှုများ ဆောင် ရွက်ရန် ဖြစ်သည်။
၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာအမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် စစ်ကောင်စီ ထိန်းချုပ်မှု အောက် ရောက်ရှိသွားပြီး ကော်မရှင်၏ လုပ်ဆောင်မှုများသည်လည်း စစ်ကောင်စီ၏ မူဝါဒများနှင့် ကိုက်ညီစွာ ပြန်လည် ဖွဲ့စည်းလုပ်ဆောင်ခဲ့သည်။
ထိုသို့ ထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများလည်း တစ်စထက်တစ်စ ပိုပြီး ဆိုးရွားလာခဲ့သည်။ စစ်ကောင်စီ လက်အောက်ရှိ MNHRC သည် စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို လစ်လျူရှုထားသည့် အပြင် စစ်ကောင်စီအတွက် ဝါဒဖြန့်မှုများကိုပါ ပြုလုပ်ပေးနေသည်ဟု ဆိုကာ လူ့အခွင့်ရေး လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့အစည်းများက “ဂန်နရီ” မှ ထုတ်ပယ်ရန် အစဉ်တစ်စိုက် ထောက်ပြ တောင်းဆို ခဲ့ကြသည်။
GANHRI (ဂန်နရီ) မှ ထုတ်ပယ်လိုက်ခြင်းသည် စစ်ကောင်စီအတွက် မည်သို့ အထိနာစေလဲ
စစ်ကောင်စီ လက်အောက်ရှိ MNHRC သည် “ပါရီအခြေခံမူ” များကို လိုက်နာမှုမရှိသည့် အပြင်၊ လွတ်လပ်ပြီး ထိရောက်သော လူ့အခွင့်အရေး ကာကွယ်မှု မပြုလုပ်နိုင်ခဲ့သည့် အတွက် GANHRI (ဂန်နရီ) အဖွဲ့ဝင်အဖြစ်မှ ရုပ်သိမ်းလိုက်ခြင်း ဖြစ်သည်။
ယခုလို GANHRI (ဂန်နရီ) အဖွဲ့ဝင်အဖြစ်မှ ရုပ်သိမ်းလိုက်ခြင်းကြောင့် နိုင်ငံတကာတွင် စစ်ကောင်စီအတွက် တရားဝင်မှု ရရှိရန် ကြိုးပမ်းမှု အချည်းနှီး ဖြစ်စေပြီး ပြည်သူများအပေါ် ကျူးလွန်ခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများကိုလည်း တာဝန်ခံရမည့် သဘောဖြစ်သည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး ကျွမ်းကျင်သူများနှင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) စည်းရုံးရေးနှင့် ဆက်သွယ်ရေးအရာရှိ Connor Macdonald က ထောက်ပြသည်။
“ယခုလိုမျိုး လုပ်ဆောင်မှုတွေက စစ်အုပ်စုကို နိုင်ငံတကာ ယန္တရားတွေမှာ တရားဝင်မှု ရရှိဖို့ ပိုမိုခက်ခဲစေမှာ ဖြစ်ပြီး စစ်အုပ်စုရဲ့ ကြောက်မက်ဖွယ် ကောင်းလှတဲ့ လူ့အခွင့်အရေး မှတ်တမ်းတွေကို သိက္ခာဆယ်နိုင်ဖို့ အတွက် လည်း ပိုပြီး အခက်တွေ့လာမှာ ဖြစ်တယ်။ ဒါ့အပြင် စစ်တပ်အတွက် နိုင်ငံတကာ တာဝန်ယူမှု/တာဝန်ခံမှုတို့မှ လည်း လွတ်မြောက်ဖို့ ပိုပိုပြီး ခက်ခဲလာမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
ထို့အပြင် စစ်ကောင်စီက နိုင်ငံရေး ထွက်ပေါက်တစ်ရပ်အနေဖြင့် ယခုနှစ်အတွင်း ဖြစ်အောင် ကျင်းပမည်ဟု ကြွေးကြော်ထားသော ရွေးကောက်ပွဲအတွက် ဖိအားများ ပိုရှိလာနိုင်သည်ဟု ရှေ့ပြေးအသံအဖွဲ့ (Progressive Voice) ၏ တည်ထောင်သူနှင့် အကြံပေးဘုတ်အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ဥမ္မာက ပြောသည်။
“အခုသူတို့ ဒီအတုအယောင် ရွေးကောက်ပွဲကို တကယ်လို့များ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရရင်ရသလောက် ကောက် လုပ်လိုက်မယ်ဆိုရင် နိုင်ငံတကာကိုသူတို့က ရွေးကောက်ပွဲ လုပ်လိုက်ပါပြီ ဆိုပြီး အဲဒီရွေးကောက်ပွဲကနေ ထွက် လာတဲ့ ‘အစိုးရ’ အဖွဲ့တစ်ခုကို ဖွဲ့ပြပြီဆိုတာနဲ့တင် ဒီလူ့အခွင့်အရေး ကော်မရှင် ရှိနေရင် သူတို့အတွက် နိုင်ငံ တကာ အဝန်းအဝိုင်းဆီက တရားဝင်မှု legitimacy ကို MNHRC ကို ပြပြီးတော့မှ တောင်းမှာလေ။ ပြောချင် တာကတော့ ရွေးကောက်ပွဲနဲ့ တက်လာတဲ့အစိုးရမှာ လူ့အခွင့်အရေး ကော်မရှင်လည်း ရှိပါတယ် ဆိုပြီး နိုင်ငံ တကာဆီက တရားဝင်မှု ယူဖို့ ပြစရာတခုရှိသွားမယ်လေ။”
ရွေးကောက်ပွဲဖြင့် နိုင်ငံရေး ထွက်ပေါက်ရှာနေသော စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် MNHRC ကို အသုံးချရန် ပြင်ဆင်နေချိန် ရခိုင်ပြည်၊ မောင်တောဒေသတွင် ၂၀၁၇ ခုနှစ်က ရိုဟင်ဂျာများအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုနှင့် ဆက်စပ်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာစစ်တပ်မှ ပါဝင် ပတ်သက်ခဲ့သူများအား အာဂျင်တီးနား တရားရုံးမှ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ဖမ်းဝရမ်း ထုတ်လိုက် ပြီးနောက် စစ်ကောင်စီအတွက် ဖိအားပိုမိုများပြား လာခဲ့သည်။
တစ်ချိန်တည်း၌ပင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကလည်း စစ်ကောင်စီက ပြင်ဆင်ဖွဲ့စည်းသည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လွတ်လပ်၍ အမှီအခိုကင်းကာ ဂုဏ်သိက္ခာရှိသည့် အဖွဲ့အစည်း မဟုတ်ဘဲ ပဲရစ်အခြေခံမူများအား ဆန့်ကျင်ပြီး စစ်အုပ်စု အလိုကျ ရပ်တည် ဆောင်ရွက်ပေးနေ သည့် အတွက် ယင်းအဖွဲ့အစည်းအား အသိအမှတ် မပြုကြောင်းနှင့် ဖျက်သိမ်းကြောင်း ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
GANHRI ဆိုတာဘာလဲ။ ဘာတွေလုပ်ပေးနေလဲ
“ဂန်နရီ” သည် နိုင်ငံပေါင်း ၁၁၈ နိုင်ငံမှ အမျိုးသား အဆင့် လူ့အခွင့်အရေး အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထား သော ကမ္ဘာ့အကြီးဆုံး လူ့အခွင့်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့ဖြစ်သည်။
GANHRI (ဂန်ရီ) သည် အမျိုးသား လူ့အခွင့်အရေး အဖွဲ့အစည်းများ (NHRIs) အား အဖွဲ့ဝင်အဖြစ်မှ အလွယ် တကူ လက်ခံခြင်းမရှိသလို အလွယ်တကူလည်း ထုတ်ပယ်လေ့မရှိပါ။ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေ အလွန်ဆိုးရွားလာမှသာလျှင် အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားခြင်း ထုတ်ပါယ်ခြင်းကိုဆုံးဖြတ်လေ့ရှိသည်။
ဂန်နရီသည် MNHRC အပါအဝင် သက်ဆိုင်ရာဒေသအလိုက် အမျိုးသား လူ့အခွင့်အရေးအဖွဲ့များအား လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြင့်တင်ခြင်းဆိုင်ရာ လုပ်ငန်းများကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်း ရှိမရှိကို ပါရီအခြေခံမူများကဲ့သို့ နိုင်ငံတကာ စံချိန်စံညွန်းများဖြင့် ဆန်းစစ်သုံးသပ်ပါသည်။
အမျိုးသား လူ့အခွင့်အရေးအဖွဲ့များ၏ လုပ်ဆောင်မှုများကို ထိုအခြေခံမူနှင့်အညီ စိစစ်ပြီး၊ အဆင့် A နှင့် အဆင့် B ဟူ၍ အဆင့်သတ်မှတ်ပေးသည်။
အဆင့် A သည် ပါရီအခြေခံမူကို အပြည့်အဝ လိုက်နာပြီး လွတ်လပ်ပြီး ထိရောက်သော အဖွဲ့အစည်းများ ဖြစ်သည်။ ဥပမာ အမေရိကန်၊ ပြင်သစ်၊ ဂျာမဏီနှင့် အရှေ့တောင်အာရှမှ ဖိလစ်ပိုင်နိုင်ငံတို့သည် ပါရီ အခြေခံ မူများအား လိုက်နာမှု အားကောင်းသောကြောင့် အဆင့် A အဖြစ် သတ်မှတ်ခံထားသည်။
ဂန်နရီ အဖွဲ့ဝင်အဆင့် A ရှိသော အဖွဲ့အစည်းများသည် နိုင်ငံတကာ အသိအမှတ်ပြုခံရခြင်း၊ နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ ဖိုရမ်များတွင် ပါဝင်ခွင့်၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ၊ ပြည်တွင်း လူ့အခွင့် အရေး လုပ်ငန်းများတွင် အားကောင်းခြင်းနှင့် ငွေကြေးနှင့် နည်းပညာပံ့ပိုးမှုများ ရရှိခြင်းတို့ကို အကျိုးခံစားခွင့် များ ရရှိခြင်းသည် အဖွဲ့ဝင်ဖြစ်ခြင်း၏ အားသာချက်များ ဖြစ်သည်။
အဆင့် B သည် ပါရီအခြေခံမူကို တစ်စိတ်တစ်ပိုင်း လိုက်နာပြီး၊ လွတ်လပ်မှုနှင့် ထိရောက်မှုများတွင် အားနည်း ချက် ရှိနေသေးသော အဖွဲ့အစည်းများ ဖြစ်သည်။ မြန်မာ့အမျိုးသား လူ့အခွင့်အရေး ကော်မရှင်သည် လက်ရှိ B အဆင့်တွင်ပင် မရှိတော့ဘဲ ဖယ်ထုတ်ခြင်းခံလိုက်ရပြီ ဖြစ်သည်။
အလားတူ ရုရှားနိုင်ငံသည်လည်း ၂၀၂၄ ခုနှစ်အတွင်း ယူကရိန်းကို ကျူးကျော်စစ် ဆင်နွဲပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့မှုများအပေါ် တုန့်ပြန်ဆောင်ရွက်နိုင်စွမ်း မရှိသည့်အတွက် မြန်မာနိုင်ငံ နည်းတူ ‘ဂန်နရီ’ အဖွဲ့ဝင် အဖြစ်မှ ဖယ်ရှားခြင်းခံလိုက်ရပြီ ဖြစ်သည်။
ထိုအဆင့်သည် ဖယ်ထုတ်လိုက်သော အဆင့်ဖြစ်ပြီး ယေဘုယျအားဖြင့် အပြီးသတ် ထုတ်ပယ်ရန် နောက်ထပ် အဆင့် တစ်ဆင့်ဖြတ်ကျော်ရသည်။
GANHRI (ဂန်ရီ) မှ အပြီးတိုင် ပယ်ဖျက်ခြင်း
ပထမအဆင့်မှာ MNHRC သည် ပါရီအခြေခံမူများ၏ အနိမ့်ဆုံး လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိရေး လုပ်ကိုင် ဆောင်ရွက်မှု မရှိကြောင်း ၂၀၂၃ ခုနှစ်ကတည်းက “ဂန်နရီ” ၏ အရည်အသွေး သတ်မှတ်ရေး ဆပ်ကော်မတီ (GANHRI-SCA) မှ အဆိုတင်သွင်းခဲ့ပြီး တိုးတက်မှု ရှိမရှိကို စောင့်ကြည့်ခဲ့ပြီး ဖြစ်သည်။
ထိုကာလအတွင်း MNHRC ဘက်မှလည်း လူ့အခွင့်အရေး ကာကွယ်မှုနှင့် မြင့်တင်မှုများအား တိုးတက် ကောင်း မွန်အောင် ဆောင်ရွက်လာနိုင်သည်ဟု တင်ပြနိုင်ခြင်း မရှိသည့်အပြင် အဖွဲ့ကြီး၏ လုပ်ထုံးလုပ်နည်းနှင့် အညီ အခြားသော အဖွဲ့ဝင်များ၏ ထောက်ခံပံ့ပိုးမှုလည်း မရှိသည့်အတွက် ‘ဂန်နရီ’ အဖွဲ့ဝင်အဖြစ်မှ လုံးဝထုတ်ပယ် ခြင်း ခံရမည့် အဆင့်သို့ ရောက်ရှိတော့မည် ဖြစ်သည်။
“GANHRI (ဂန်နရီ) က အဖွဲ့ဝင်ကနေရပ်နားလိုက်ပြီး B အဆင့်ကိုပေးလိုက်တဲ့အချိန်မှာလည်း MNHRC သည် ကောင်းအောင် ဘာမှမလုပ်နိုင်ဘူး။ နောက်ဆုံးကျန်တဲ့ အဖွဲ့ဝင်တွေကို ရက် ၂၀ ပေးပြီးတော့ MNHRC ဘက်ကနေ ရှေ့နေလိုက်ခိုင်းတာလဲ ဘယ်သူမှ ရှေ့နေ မလိုက်ပေးတော့ဘူး။ ဒါကြောင့် မတ်လကြရင်သူက အပြီး ပယ်ဖျက်တော့မှာ” ဒေါ်ခင်ဥမ္မာက ပြောသည်။
‘ဂန်နရီ’ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၂၀ ရှိပြီး ၂၀၂၄ ခုနှစ် အတွင်း မြန်မာနှင့် ရုရှားတို့အား အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှား လိုက်သည့် အတွက် လက်ရှိ အဖွဲ့ဝင် ၁၁၈ နိုင်ငံဖြင့် ပြင်ဆင်ဖွဲ့စည်းထားသည်။
စစ်ကောင်စီ ဆက်ပြီး အသက်သွင်းရန် ကြိုးစားနေသော MNHRC
တစ်ဖက်တွင်လည်း စစ်ကောင်စီသည် မြန်မာ့အမျိုးသား လူ့အခွင့်အရေး ကော်မရှင် (MNHRC) ကို အသုံးချကာ နိုင်ငံတကာ၏ အသိအမှတ်ပြုခြင်းကို ရယူနိုင်ရန် ကြိုးစားနေသည်ဟု လူ့အခွင့်အရေး လေ့လာ စောင့်ကြည့်နေ သော အဖွဲ့အစည်းများက ဆိုသည်။
စစ်အာဏာ သိမ်းပြီးနောက် နိုင်ငံတကာ၏ ပိတ်ဆို့ အရေးယူမှုများအား ကြုံတွေ့ခဲ့ပြီး နိုင်ငံတကာတွင် အထီးကျန်နေမှုကို ဖြေရှင်းရန် MNHRC ကို ကျားကုတ်ကျားခဲ မိမိရရ အသုံးချရန် ကြိုးစားလာခဲ့သည်။
မအောင်မြင်သော အယူခံဝင်ပြီးနောက်ပိုင်း ယခုလတွင် ထုတ်ပယ်ခြင်းခံရတော့မည့် MNHRC ကို စစ်ကောင်စီ သည် ပြင်ဆင်ပြောင်းလဲမှု အချို့ ပြုလုပ်ခဲ့သည်။
ယခုနှစ် ၂၀၂၅ ခုနှစ်၊ ဇန္နဝါရီလ ၃၁ ရက်နေ့တွင် MNHRC ကို အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပြီး လူ့အခွင့်အရေး ကော်မရှင်ကို တပ်မတော်အရာရှိနှင့် သံအမတ်ကြီးအ ဖြစ် တာဝန်ထမ်းခဲ့ဖူးသည့် ယခင် MNHRC ဥက္ကဋ္ဌဟောင်း ဦးပေါ်လွင်စိန် ကိုသာ ပြန်ပြီး ခန့်အပ်ခဲ့သည်။
မူလက ထည့်သွင်းထားသော ဘာသာရေးဆိုင်ရာ ကိုယ်စားပြု ပုဂ္ဂိုလ် ၃ ဦးကို ထုတ်ပယ်ကာ အဖွဲ့ဝင် ၉ ဦး ဖြင့် သာ ပြန်လည်ဖွဲ့စည်းခဲ့သည်။ ကော်မရှင်အဟောင်းကိုလည်း ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၏ အမိန့်ဖြင့် တစ်ပါ တည်း ဖျက်သိမ်းကြောင်း ကြေညာခဲ့သည်။
ထိုမထူးခြားသော ပြောင်းလဲမှုသည် စစ်ကောင်စီ၏ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် သဘောသာ ဖြစ်သည်ဟု ဒေါ်ခင်ဥမ္မာက ဆက်ပြောသည်။
“သူက လူကိုအပေါ်နဲ့အောက်နဲ့ ပြောင်းပြန်လှန်ပြီး ပြောင်းပစ်တာတို့ဘာတို့ ဒီလောက်ပဲ လုပ်တာ။ ဒါပေမယ့် အဲလိုလုပ်လိုက်ခြင်းက ဘာမှမဟုတ်ဘူး။ အဓိက က လာမယ့် ရွေးကောက်ပွဲနဲ့ ချိန်ပြီးတော့မှ သူက နိုင်ငံတကာ ဆီကနေ တရားဝင်မှုကို ယူနိုင်ဖို့ကို သူကကြိုပြင်တဲ့ သဘောပါပဲ။”
တဖက်တွင်လည်း MNHRC ကို ပြန်လည် အသက်သွင်းမည့် စစ်ကောင်စီ၏ အချည်းနှီးသော လုပ်ရပ်သာ ဖြစ်သည်ဟု မစ္စတာ Macdonald က ဆိုသည်။
“ဒါက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာတုန်းက ချမှတ်လိုက်တဲ့ GANHRI ရဲ့ဆုံးဖြတ်ချက်ပေါ်မူတည်ပြီး MNHRC ရဲ့ အရည်အသွေးသတ်မှတ်ချက်ကို ပြန်လည်အသက်သွင်းဖို့ ကြိုးစားလုပ်ဆောင်တဲ့ လုပ်ဆောင်ချက်တခုလည်း ဖြစ်ပါလိမ့်မယ်၊ ဒီလိုမျိုးအမှန်တကယ်ရည်ရွယ်ချက်နဲ့လုပ်ဆောင်ခဲ့တယ်ဆိုရင်လည်း ဒါက အလုပ် မဖြစ်ပါ ဘူး။”
MNHRC သည် ‘ဂန်နရီ’ မှ ထုတ်ပယ် ခံလိုက်ရပြီး နောက်ပိုင်းတွင် အာရှ-ပစိဖိတ်နှင့် အရှေ့တောင်အာရှရှိ ဒေသတွင်းရှိ လူ့အခွင့်အရေးအဖွဲ့ဖြစ်သည့်အာရှ-ပစိဖိတ် ဖိုရမ် (APF) နှင့် အရှေ့တောင်အာရှ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ ဖိုရမ် (SEANF) တို့တွင် ၎င်း၏ အခန်းကဏ္ဍ ဆက်လက်ပါဝင်နေ နိုင်သည်။
သို့သော်လည်း APF နှင့် SEANF တို့သည် ဂန်နရီ၏ မိတ်ဖက် အဖွဲ့အစည်းများဖြစ်သည့် အတွက် ဂန်နရီ၏ ဆုံးဖြတ်ချက်အတိုင်း MNHRC ကို ၎င်းတို့၏ အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားရမည် ဖြစ်သည်ဟု Connor Macdonald က ပြောသည်။
“GANHRI ရဲ့ ဆုံးဖြတ်ချက်က နိုင်ငံတကာ တရားဝင်မှုကို အပြင်းအထန် ရှာဖွေကြိုးပမ်းနေတဲ့ စစ်အုပ်စုကို ထိခိုက်စေတဲ့ သိသာထင်ရှားတဲ့ ဖြစ်ရပ်တခုပဲ ဖြစ်ပါတယ်။ GANHRI ရဲ့ဆုံးဖြတ်ချက်က ကုလသမဂ္ဂ အထွေထွေ ညီလာခံနဲ့ လူ့အခွင့်အရေး ကောင်စီတို့အပြင် အခြားသော နိုင်ငံတကာ ဆွေးနွေးပွဲများမှာ စစ်အုပ်စု သည် နိုင်ငံတကာ တရားဝင်မှု မရှိဘူးဆိုတာကို ပြသတဲ့ နောက်ဆုံးသော အဓိကကျတဲ့ နိုင်ငံတကာ ယန္တရား တစ်ခု ဖြစ်ပါတယ်” ဟု မစ္စတာ Connor Macdonald က ပြောသည်။
“GANHRI ရဲ့ ဒေသတွင်းဆိုင်ရာအဖွဲ့အစည်းတွေဖြစ်တဲ့ နိုင်ငံအဆင့်လူ့အခွင့်အရေးကော်မရှင်များဆိုင်ရာ အာရှ-ပစိဖိတ်ဖိုရမ် (Asia Pacific Forum – APF) နဲ့ အရှေ့တောင်အာရှ နိုင်ငံအဆင့် လူ့အခွင့်အရေး ဌာနများ ဖိုရမ် (Southeast Asia National Human Rights Institution Forum – SEANF) တို့အနေဖြင့် MNHRC ကို သူတို့ရဲ့ ကွန်ရက်တွေကနေ ဖယ်ရှားရမှာဖြစ်ပါတယ်” ဟု ဆက်ပြောသည်။
APF နှင့် SEANF တို့သည် GANHRI ၏ ဒေသတွင်း ကွန်ရက်များဖြစ်သည့် အတွက် အချင်းချင်း ချိတ်ဆက် ဆောင်ရွက်ပြီး ထိုအဖွဲ့၃ခုလုံးတွင် MNHRC ပါဝင်နေသည်။
ထို့ကြောင့် GANHRI ၏ အဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားခြင်းသည် APF နှင့် SEANF တို့မှ ဖယ်ရှားစေရန် အဓိက အကြောင်းအရင်း ဖြစ်စေသည်။
GANHRI, APF, နှင့် SEANF တို့၏ လုပ်ငန်းဆောင်ရွက်မှုများ
| လုပ်ငန်းဆောင်ရွက်မှု GANHRI APF SEANF အဓိက လုပ်ငန်းများ – NHRIs များကို အဆင့်သတ်မှတ်ခြင်း။ – နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းများ ချမှတ်ခြင်း။ – အာရှ-ပစိဖိတ်ဒေသတွင် NHRIs များကို ပံ့ပိုးကူညီခြင်း။ – GANHRI ၏ မူဝါဒများကို အကောင်အထည်ဖော်ခြင်း။ – အရှေ့တောင်အာရှ ဒေသတွင်း NHRIs များကို ပံ့ပိုးကူညီခြင်း။ – APF နှင့် GANHRI ၏ လုပ်ငန်းများကို အားဖြည့်ခြင်း။ ပူးပေါင်းဆောင်ရွက်မှုများ – ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း။ – GANHRI နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း။ – ဒေသတွင်း NHRIs များကို လေ့ကျင့်သင်ကြားပေးခြင်း။ – APF နှင့် ပူးပေါင်းဆောင်ရွက်ခြင်း။ – ဒေသတွင်း NHRIs များကို နည်းပညာပံ့ပိုးခြင်း။ အကျိုးကျေးဇူးများ – နိုင်ငံတကာ အသိအမှတ်ပြုခံရခြင်း။ – နိုင်ငံတကာ ဖိုရမ်များတွင် ပါဝင်ခွင့်ရရှိခြင်း။ – ဒေသတွင်း NHRIs များအတွက် ပံ့ပိုးမှုများ ရရှိခြင်း။ – GANHRI ၏ မူဝါဒများကို အကောင်အထည်ဖော်ခွင့်ရရှိခြင်း။ – အရှေ့တောင်အာရှ ဒေသတွင်း NHRIs များအတွက် ပံ့ပိုးမှုများ ရရှိခြင်း။ – APF နှင့် GANHRI ၏ ပံ့ပိုးမှုများ ရရှိခြင်း။ |
အဖွဲ့ပေါင်း ၂၀ ပါဝင်သော လွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့်အရေး ဌာနဆိုင်ရာ အရပ်ဘက် လူ့အဖွဲ့အစည်း များ အလုပ်အဖွဲ့ (မြန်မာ) နှင့် အာရှဒေသ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ကွန်ရက် ANNI တို့က ထိုသို့ ဖယ်ရှားရန်လည်း ထပ်မံ တောင်းဆိုထားသည်။
လက်ရှိ ဖယ်ထုတ်ခံလိုက်ရသည့် အခြေအနေသည်လည်း ထိုအဖွဲ့နှစ်ဖွဲ့နှင့် ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံ တကာ မိတ်ဖက်များနှင့် အတူ လေးနှစ်နီးပါးကြာ တစိုက်မတ်မတ် ကြိုးပမ်းမှုများနှင့် ထပ်ခါတလဲလဲ တောင်းဆိုမှုများကြောင့် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်ဟု ဒေါ်ခင်ဥမ္မာက ဆိုသည်။
ပဋိပက္ခဖြစ်ပွားရာ ဒေသ ၃ ခုရှိ ဒေသခံများကို မေးမြန်းကြည့်ရာ လူ့အခွင့်အရေးကို သိရှိထားကြသော်လည်း “မြန်မာ့အမျိုးသား လူ့အခွင့်ရောကော်မရှင် (MNHRC)” နှင့် ပတ်သက်၍ အများစုမှာ သိရှိခြင်းမရှိဟု ဖြေဆိုကြ သည်။
ကရင်နီဒေသခံ အမျိုးသမီးတစ်ဦးက “သေချာတော့မကြားဖူးပေမယ့် ‘အမျိုးသား’ ဆိုတာပါတော့ ဒါက စစ်ကောင်စီ လက်အောက်ကပဲ ဖြစ်မယ်လို့ ထင်တယ်။ သူတို့ဟာဆိုရင် သူတို့အတွက်ပဲ လုပ်မှာပေါ့” ဟု မှတ်ချက်ပြု ပြောသည်။
ပြည်သူများအတွက် အကျိုးမပြုဘဲ စစ်ကောင်စီအတွက် နိုင်ငံရေး ထွက်ပေါက်တစ်ခု အဖြစ် အသုံးပြုနေသည့် MNHRC ကို အပြီးတိုင် ပယ်ဖျက်လိုက်ခြင်းသည် နိုင်ငံတကာတွင် စစ်ကောင်စီကို ပို၍ အထီးကျန်စေမည် ဖြစ်သည်။
တစ်ဖက်တွင်လည်း တရားမျှတမှုကို နှစ်ပေါင်းများစွာ ရှာဖွေနေကြသည့် တိုင်းရင်းသား ပြည်သူများနှင့် တော် လှန်ရေး အင်အားစုများအတွက် အခွင့်အလှမ်း တစ်ရပ်ဖြစ်လာစေသည်ဟု လူ့အခွင့်အရေး တက်ကြွ လှုပ်ရှား သူများက ဆိုသည်။