မြိတ်ခရိုင်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်နှစ်ဦး ပ၊ က၊ ဖထံ ပူးပေါင်း
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက်။
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တိုက်ပွဲအတွင်းမှ ထွက်ပြေးလာကြသည့် စစ်ကောင်စီတပ်သား ၂ဦး ပူးပေါင်းလာသည်ဟု တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပ.က.ဖ) တပ်ဖွဲ့ တာဝန်ရှိ သူက ပြောသည်။
ထို ပူးပေါင်းလာသူ နှစ်ဦးမှာ တနင်္သာရီ – မောတောင် ကားလမ်းပိုင်းရှိ သိန်ခွန်းကျေးရွာတိုက်ပွဲမှ ထွက်ပြေးလာခြင်း ဖြစ်သည်ဟု တနင်္သာရီမြို့နယ်ပကဖ အဖွဲ့၏ ဒုတာဝန်ခံဖြစ်သူက ပြောသည်။
“သူတို့ နှစ်ယောက်စလုံးမှာ တစ်ဦးက အလှည့်ကျ မဲပေါက် လို့ စစ်မှုထမ်းရတာဖြစ်ပြီး နောက်တစ်ဦးကတော့ အလုပ်ကအပြန် လမ်းမှာ စစ်ကောင်စီနဲ့ တိုးမိပြီး ဖမ်းဆီး ကာ စစ်မှုထမ်းရတာလို့ ပြောတယ်။ တိုက်ပွဲထဲနေ ထွက်ပြေးလာတာ” ဟု ပြောသည်။
သိန်ခွန်းကျေးရွာ ရှေ့တန်းစစ်မျက်နှာပြင်မှ ထွက်ပြေးလာပြီး တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) ထံဆက်သွယ်ပြီး ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့တွင် အလင်းဝင်ရောက် လာခဲ့ကြောင်း မတ်လ ၁၁ ရက်နေ့ က သတင်းထုတ်ပြန်ထားသည်။
ဘက်ပြောင်းခိုလှုံလာသူ ၂ ဦးမှာ ဧရာဝတီတိုင်း၊ ကွင်းကောက်မြို့ တန်းမြင့်တင် လေ့ကျင့်ရေးကျောင်းနှင့် ရှမ်းပြည်နယ် ကျိုင်းတုံမြို့တို့တွင် အပတ်စဉ် (၁) သင်တန်း ခြောက်လ တက်ရောက်ခဲ့ကြပြီးနောက် ပုလောမြို့ အခြေစိုက် ခမရ ၂၈၅ တပ်ရင်းကို ပို့ဆောင်ခံခဲ့ရခြင်း ဖြစ်သည်။
ခိုလှုံလာသူ ၂ ဦးထဲက ၁ ဦးသည် တော်လှန်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းသွားမှာ ဖြစ်သည်ဟု တနင်္သာရီမြို့နယ် ပကဖ အဖွဲ့၏ ဒုတာဝန်ခံဖြစ်သူက ဆိုသည်။
အလင်းဝင်လာသည့် တပ်သားနှစ်ဦးအား ဘေးကင်းလုံခြုံသည့်နေရာတွင် တနင်္သာရီမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးထားသည်။
ယခင်နှစ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင်လည်း ဇဝဲကျေးရွာ အခြေစိုက် ခမရ – ၅၅၆ တပ်ရင်းမှ တပ်သား ၁ ဦး လက်နက်နှင့်တကွ တနင်္သာရီမြိုနယ် (ပကဖ) တပ်ဖွဲ့ထံ ဘက်ပြောင်းခိုလှုံခဲ့သေးသည်။
တနင်္သာရီ – သိန်ခွန်း ကားလမ်းပိုင်းပေါ်ရှိ တိုက်ပွဲများတွင် စစ်ကောင်စီဘက်က တပ်သားသစ်များ အများအပြား ပါဝင်နေပြီး နယ်မြေထိန်းချုပ်နိင်ရန်အတွက် အင်အားသုံး ထိုးစစ်ဆင်နေသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များဘက်မှ ပြောဆိုသည်။