ဘုတ်ပြင်းတွင် ဗုံးကြဲ၊ အရပ်သား သားအဖ ဒဏ်ရာရ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက်။
စစ်ကောင်စီက ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်း တိုက်ပွဲ ဖြစ်ပွား ခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် သားအဖနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ရွာသားများက ပြောသည်။
စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် မတ်လ ၁၀ ရက် ညနေ ၃ နာရီခွဲဝန်းကျင် အချိန်ခန့်တွင် မနိုးရုံးကျေးရွာအုပ်စုရှိ ခဲချောင်းကျေးရွာတွင် ဗုံးသီးနှစ်လုံး ကြဲချ တိုက်ခိုက်ခဲ့ရာ ကျေးရွာရှိ ကျန်းမာရေး ဆေးပေးခန်း အနောက်ဘက်တွင် ဗုံးသီးတစ်လုံး ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
အသက် ၄၀ ခန့်အရွယ် ရွာသားတစ်ဦးက “ရုတ်တရက် ဘယ်သူမှ မထင်မှတ်ထားတဲ့ အချိန်ကြီး ဗုံးလာကြဲတာ၊ ရွာသားတွေ အကုန်လုံး ကြောက်လန့်ပြီး ဟိုပြေးပုန်း ဒီပြေးပုန်းနဲ့ ယောက်ယက်ထကုန်တယ်။ ဗုံးနှစ်လုံး ကြဲချ ပြီးတဲ့ အပြင် သေနတ်သံတွေပါ ကြားနေရသေးတယ်” ဟု ပြောသည်။
ဗုံးသီး ကျရောက်ပေါက်ကွဲမှုကြောင့် ဆေးပေးခန်းအနီးရှိ နေအိမ်တွင် ရှိနေသည့် အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်၏ ပေါင်နှစ်ဖက်တွင် ကျည်စ ထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး ဖခင်ဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ သည်ဟု ရွာသားများက ပြောသည်။
စစ်ကောင်စီတပ်မှ ဗုံးကြဲချ တိုက်ခိုက်ခဲ့သည့် မနိုးရုံးကျေးရွာအုပ်စုအတွင်း တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိသည်မှာ လနှင့်ချီ၍ ကြာမြင့်ခဲ့ပြီဟု ရွာသားများက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်မှစ၍ မနိုးရုံးကျေးရွာရှိရာ မြိတ် – ဘုတ်ပြင်း ပြည်ထောင်စု လမ်းမကြီးပေါ်တွင် စစ်ရေး တင်းမာပြီး တိုက်ပွဲများ အချိန်မရွေး ဖြစ်ပွားနိုင်သဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဖြတ်သန်းသွားလာခွင့် မကြာခဏဆိုသလို ပိတ်ခဲ့ဖူးသည်။