ကရင်နီ စစ်ရှောင်များ လနှင့်ချီပြီး ယားနာ ဖြစ်ပွားနေကာ ဆေးဝါး အကူအညီလိုအပ်နေ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက်။ 

ကရင်နီပြည်နယ်၊ ဟူဘောမြို့နယ်ရှိ စစ်ဘေးရှောင်များနှင့် ဒေသခံပြည်သူများ အရေပြားယားနာ ဖြစ်ပွားနေပြီး ဆေးဝါးများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။

ဖရူဆိုမြို့ အနောက်ဘက်၊ ဟူဘောမြို့နယ်ရှိ ပြည်သူများအကြား အရေပြားယားနာများသည် လွန်ခဲ့သည့် နှစ် အောက်တိုဘာမှ စတင်ဖြစ်ပွားခဲ့သော်လည်း ယခုထက်တိုင် ဆိုးဝါးစွာ ဆက်လက် ဖြစ်ပွားနေကြသည်ဟု စစ်ရှောင်များက ပြောသည်။ 

ဟားမူကျေးရွာရှိ စစ်ရှောင်စခန်းမှ မိခင်တစ်ဦးက “အစ်မတို့ နေလာတာလည်း စစ်ရှောင်စခန်းမှာ ကြာပြီ အခုမှ ဖြစ်တယ်လေနော်။ ပြီးခဲ့တဲ့ ၂၀၂၄၊ ၁၀ လပိုင်းမှာစ ဖြစ်တာ။ အစ်မတို့နေတာက ၂၀၂၂ကတည်းက နေတာလေး ဆိုတော့ ရေကြောင့်လို့ပြောရင်လည်းအရင်တုန်းက အဲ့လိုမျိုးမဖြစ်ဘူးပေါ့နော်။ ဘာကြောင့်လဲလို့တော့ မပြော တတ်ဘူးပေါ့နော်။ ကျန်မားရေး ဝန်ထမ်းတွေလည်း သူတို့ လာကြည့်လို့ရှိရင် ဘာကြောင့်လဲ သူတို့ မပြောတတ် ဘူးဟု ပြောသည်။

ကေကောအုပ်စုရှိ ဟားမူစစ်ရှောင်စခန်းတွင် အိမ်ထောင်စု ၂၅ စုရှိသည့်အနက် အစု ၂၀ ခန့်မှာ ယားနာဖြစ်ပွား နေကြသည်ဟု ဆိုသည်။

စစ်ရှောင်များအား အကူအညီပေးနေသူ အမျိုးသမီးတစ်ဦးက “တော်တော်ကို ဆိုးတယ်လို့ ပြောရမှာပေါ့။ အဓိက ဒီကလေးတွေပေါ့။ ၁၈ နှစ်အောက် ကလေးတွေဆို ပိုပြီး‌တော့ အဖြစ်များတယ်။ ဖြစ်တာမှ တစ်ကိုယ် လုံးပဲ။ မမြင်ရက်တဲ့ နေရာတွေမှာ ဆိုလည်း တော်တော်ကို ဖြစ်တယ်‌လေ။ သူတို့ ကုတ်ရင်းကုတ်ရင်းကနေပြီးမှ တစ်ချို့ဆို ပြည်တည်တယ်။ ရေယုန်လို ပုံစံမျိုးတွေ ဖြစ်တယ်။ လက်ကြားတွေမှာ ဆိုလို့ရှိရင်လည်း အဖုတွေ ထပြီးတော့မှ ရေကြည်ဖုတွေ အဲ့လိုမျိုး ထတယ်လေ။ ပြီးသူတို့ ကုတ်လို့ ပဲ့သွားလို့ရှိရင် တခြားနေရာတွေ အကုန်ကူး အဲ့လိုဖြစ်တယ်။ လူကြီးတွေ တစ်ကိုယ်လုံးပဲ” ဟု ပြောသည်။

ထို့ကြောင့် အဓိကအားဖြင့် ယားနာပျောက်ဆေးများ လိုအပ်နေသည့်အပြင် နားလည် တတ်ကျွမ်းသည့် ဆရာဝန်များ လာရောက် ကူညီကုသပေးဖို့လည်း စစ်ရှောင်များက မျှော်လင့်နေကြသည်။

ဟားမူစစ်ရှောင်စခန်းမှ အမျိုးသမီးတစ်ဦးက အယောက်တိုင်းလိုလို ဖြစ်ကြတဲ့ အခါကြတော့ ဖြစ်နိုင်လို့ရှိရင် ပျောက်ချင်တယ်။ နားလည် တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ ပြချင်တယ်။ ဆေးလည်း လုံလုံလောက်လောက် အဲ့လိုမျိုး လိုချင်တယ်ပေါ့။ အခုဆေးမရှိတဲ့ ခါကြတော့ ကလေးယားရင်လည်း ကိုယ်ဘာမှ မပြောတတ်တော့ ဘူး။ မကုတ်နဲ့ မကုတ်နဲ့ အဲ့လိုမျိုးပဲ ပြောရတော့တယ်။ ကျန်တာ မလုပ်ပေးတတ်တော့ဘူး။ ကလေးတွေ ညညမအိပ်ရဘူး။ တစ်အားယားတော့ ထထ ငိုတယ်။ သူတို့မအိပ်နိုင်ဘူး” ဟုပြောသည်။

လက်ရှိ ကေကောအုပ်စုထဲတွင် ကျန်းမာရေး ဆေးပေးခန်း ရှိသော်လည်း ဆေးမစုံလင်ခြင်းနှင့် ကျန်းမာရေး ဝန်ထမ်း ပုံမှန် မရှိခြင်းတို့ကြောင့် ဟိုယာမြို့နယ်ရှိ ဆေးရုံအထိ သွားပြရသည်ဟု စစ်ရှောင်များက ပြောသည်။ 

စစ်ရှောင်တစ်ဦးကဟိုယာ ဆေးရုံသွားလို့ရှိရင် အခမဲ့ဆေးပေးတယ်။ ပြီးလို့ရှိရင် အစ်မတို့က အဲ့ဒီဆေးကို တိုက်လို့ သက်သာတယ်။ ပြီးတော့ တစ်ပတ်နေ ဆေးကုန်သွားတယ်ဆိုရင် ပြန်ဖြစ်တယ်။ စစ်ရှောင်စခန်းမှာ ပြန်လာနေလို့ရှိရင် ဆေးဝယ်ဖို့ နေရာကလည်း မရှိတော့ အရင်တုန်း အစ်မတို့ ဆေးဝယ်လို့ရှိရင် Skinner တစ်ဗူးကို ၄၀၀၀ ပေးရတယ်။ ကလေးတစ်ယောက် တစ်ကိုယ်လုံး လိမ်းလို့ရှိရင် တစ်ခါစာပဲ ရှိတယ်။ ဆို‌တော့ မတတ်နိုင်ဘူး။ လေးငါး ဆယ်ဗူးလိမ်းပြီဆို ဆက်လိမ်းဖို့ မတတ်နိုင်တော့ဘူး။ ပြီး‌တော့ ကလေးတွေက အကုန် ဖြစ်နေတော့ ဆေးဖိုးက ဘယ်လိုမှ မတတ်နိုင်ဘူး ဖြစ်နေတယ်ဟု ပြောသည်။

ဟားမူကျေးရွာ စစ်ရှောင်နှင့် ဒေသခံများ အပါအဝင် ကေကော၊ ဖားဝေနှင့် ချီဘာခေါကျေးရွာတို့တွင်လည်း ယားနာများ ဆိုးဝါးစွာ ဆက်လက် ဖြစ်ပွားနေကြသည်ဟု ကေကောအုပ်စု နှင့် ရော်ဒေါ်ခေါအုပ်စုရှိ စစ်ဘေး ရှောင်များအား ကူညီပေးနေသည့် တွက် စေတနာ့ဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောသည်။

ထို့အတူ ယခုနှစ် ဇန္နဝါရီလ အတွင်းက ဟားမူစစ်ရှောင်စခန်းမှ ၅ နှစ်အောက် ကလေးငယ် အကုန်းနီးပါးနှင့် သက်ကြီးရွယ်အို အချို့တို့တွင် ဝမ်းသွားအော့အန်သည့် ရောဂါလည်း ဖြစ်ပွားခဲ့သေးသည်ဟုဆိုသည်။ 

လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဟားမူစစ်ဘေးရှောင်စခန်းတွင် စစ်ရှောင်ကာလကြာလာသည်နှင့်အမျှ အဖက်ဖက်တွင် လိုအပ်ချက်များ ရှိနေပြီး လတ်တလောတွင်မူ အခြေခံ စားနပ်ရိက္ခာအပြင် အရေးပေါ် ယားနာ ပျောက်ဆေးနှင့် အခြားသောဆေးဝါးများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်များက ဆိုသည်။