ထောင်နှင့်ချီသော တနင်္သာရီ စစ်ရှောင်များ ရိက္ခာ၊ဆေးဝါး လိုအပ်နေ
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက်။
တနင်္သာရီမြို့နယ်ထဲက စစ်ဘေးရှောင် အယောက် ၄၀၀၀ ခန့်သည် ယနေ့အချိန်ထိ နေရပ်ကို မပြန်နိုင်ကြ သေးဘဲ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အခြားသော အကူအညီများ လိုအပ်နေကြသည်။
တနင်္သာရီမြို့နယ်ထဲရှိ သိန်ခွန်း၊ ထုံမခါနှင့် ညောင်ပင်ကွင်းကျေးရွာတို့မှ ဒေသခံများသည် လက်ရှိတွင် တောထဲတွင် စစ်ဘေးရှောင်နေကြရသည်မှာ သုံးလကျော်ရှိပြီ ဖြစ်သည်ဟု အကူအညီပေးနေသူများက ပြောသည်။
အဆိုပါ စစ်ရှောင်များသည် စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုနှင့် လက်နက်ကြီး ရမ်းသမ်း ပစ်ခတ် မှုတို့ ကြောင့် ၎င်းတို့၏ အိုးအိမ်းများ ပျက်စီးဆုံးရှုံးကြရသည့်အတွက် စိတ်ပိုင်း ဆိုင်ရာထိခိုက်မှုများလည်း ခံစားနေကြရသည်ဟု ဆိုသည်။
နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီပံ့ပိုးရေး အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက “စိတ်ဓာတ်ပါ ကျနေကြပြီ စစ်ဘေးရှောင် တွေကလေ။ အခြေအနေ မကောင်းဘူးဆိုရင် စစ်ဘေးလွှတ်တဲ့ နေရာကို ရှောင်သွားတယ်။ ပြီးတော့ အခြေ အနေ ငြိမ်ပြီးဆိုရင် ကိုယ့်ရဲ့ အိမ်တွေရွာလေးမှာ အေးအေးဆေးဆေး နေချင်တယ်တဲ့။ အခုကြတော့ ဒီ အေးအေးဆေးဆေး နေဖို့ရာကို တောင်မှ အိမ်ကလည်း မရှိတော့ဘူး။ အိမ်တိုင်ငုတ်လေးပဲ ကျန်တော့တာဆို တော့ အဲ့ဒါကို ကြည့်ပြီးသူတို့ အားငယ်နေကြတယ်” ဟု ပြောသည်။
သိန်ခွန်း၊ ထုံမခါနှင့် ညောင်ပင်ကွင်း ကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး ပူးပေါင်းတပ်တို့ အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၊ စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီး ပစ်ခတ်မှု တို့ကြောင့် ၂၀၂၄ ဒီဇင်ဘာလမှ စတင်၍ စစ်ဘေးရှောင်လာခဲ့ရခြင်း ဖြစ်သည်။
စစ်ရှောင်များကို ကူညီနေပေးသူ အမျိုးသမီးတစ်ဦးက “အခုလကုန်ပိုင်းနေ ဒီတလေကမိုးတွေ နည်းနည်းပါးပါး ရွာနေတယ်လေ။ ညဖက်ဆိုလိုရှိရင်လည်း အရမ်းအေးတယ်လေ။ မိုးဒဏ်ရော ဒီအေးတဲ့ဒဏ်ကိုရော အလူး အလဲ ဒီလိုပဲ ကြိတ်မှိတ်ခံနေရတာဆိုတော့ သူတို့ရဲ့ကျန်းမာရေး အခြေအနေကတော့ နှာစေး၊ ချောင်းဆိုး၊ အရေ ပြားယားတာတို့၊ ဝမ်းလျှောတာတို့ အဲ့လိုမျိုးအဲ့တာပဲ။ ဒီနှာစေး၊ ချောင်းဆိုးတဲ့ ဟာဆိုရင်လည်း သူတို့ ဆေး သောက်လိုက်ရင် ပျောက်သွားတယ်။ ဒါပေမဲ့ အဲ့ဒါဆေး တစ်ခုတည်းနဲ့လည်း မရဘူးလေးနော်။ ကိုယ့်ရဲ့ နေမှု ထိုင်မှုရယ် စားမှုသောက်မှုရယ်က အားရှိနေမှ ဒီဆေးလေးနဲ့ ကာကွယ်ပေးတာ။ အဲ့လိုမျိုး ဖြစ်တာဆိုတော့ ကျန်တဲ့ ဓာတ်လေးပါးကိုတော့ မပြုစုနိုင်တော့လေ။ ဆေးတစ်မျိုးနဲ့ကြတော့လည်း မပြည့်စုံဘူးပေါ့ကွယ်” ဟု ပြောသည်။
စစ်ဘေးရှောင်များအား အကူအညီပေးနေသည့်အဖွဲ့များ အနေဖြင့်လည်း သွားလာရေး အခက်အခဲများ ရှိနေသည့်အတွက် ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုမျိုးကိုပင် ပေးနိုင်ခြင်း မရှိဘူးဟု နွေဦးမေတ္တာ စစ်ဘေးရှောင် ကူညီပံ့ပိုးရေးအဖွဲ့က ပြောသည်။
သိန်ခွန်းကျေးရွာမှ ပြည်သူ ၁,၇၀၀ ဦး နီးပါး၊ ထုံမခကျေးရွာမှ ပြည်သူ ၆၀၀ ဦးနှင့် ညောင်ပင်ကွင်း ကျေးရွာမှ ပြည်သူ အယောက် ၂,၀၀၀ နီးပါးတို့သည် တောတောင်များထဲတွင် စစ်ဘေးရှောင်နေကြရခြင်း ဖြစ်သည်။
မြေပြင်တွင် ၎င်းတို့ကို ကူညီပေးနေသူ တစ်ဦးက “အခုလက်ရှိမှာက ဒီတနင်္သာရီဘက်မှာ တိုက်ပွဲတွေနဲ့ နယ်မြေ မအေးချမ်းတော့ စစ်ကောင်စီက စစ်ကြောင်းထိုးလာလိုက်၊ ပြီးတော့ လေယာဉ်နဲ့လာလိုက်။ အိမ်တွေကလည်း မီးရှို့ခံထိတယ်။ ရွာထဲမှာ တိုက်ပွဲဖြစ်တာဆိုတော့ ကိုယ့်အိမ်မှာ ကိုယ်မနေရဘူးနော်။ အဲ့လိုမျိုး ကြာလာလို့ ရှိရင်တော့ စစ်ဘေးရှောင်က အရေအတွက်က များလာပြီ။ ပြီးတော့ နေရတဲ့နေရာကလည်း တောထဲမှာလေ။ တောထဲမှာလည်း ခဏတဖြုတ် ဆိုတော့ အဆင်ပြေတယ်။ လနဲ့ချီပြီး သွားတယ်ဆိုတော့ ဘယ်သူမဆို အဆင်မပြေကြဘူး။ အခက်အခဲက အစုံပဲ” ဟု ပြောသည်။
သိန်ခွန်း၊ ထုံမခါနှင့် ညောင်ပင်ကွင်းကျေးရွာတို့တွင် ယနေ့အချိန်အထိ တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသည့် အတွက် စစ်ဘေးရှောင်များ နေရပ် မပြန်နိုင်သေးဘူးဟု ဆိုသည်။
လက်ရှိတွင် စစ်ဘေးရှောင်များသည် အမိုးအကာများ အပြင် အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါး နှင့် အဝတ်အထည် များလည်း လိုအပ်နေကြသည်ဟု အကူအညီပေးနေသူများက ဆိုသည်။
အဆိုပါ တနင်္သာရီ စစ်ဘေးရှောင်များအတွက် ပြည်သူမှ ပြည်သူသို့ ဆိုသည့်အတိုင်း တစ်ထောင့်တစ်နေရာမှ ဝိုင်းဝန်းပံ့ပိုးပေးရန် နွေဦးမေတ္တာ စစ်ဘေးရှောင် ကူညီပံ့ပိုးရေးအဖွဲ့က တောင်းဆိုထားသည်။