ဗျူဟာကုန်းမှ ပစ်ခတ်မှုကြောင့် အရပ်သား တစ်ဦး သေဆုံး 

သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်။ 

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ဗျူဟာကုန်းစခန်းမှ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် မြိတ်မြို့မှ အရပ်သား အမျိုးသားတစ်ဦး သေဆုံးခဲ့သည်ဟု ရွာသားများက ပြောသည်။

ရေဖြူကျေးရွာ ဗျူဟာကုန်းစခန်းမှ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားသူမှာ မြိတ်မြို့၊ ခယူတောရပ်ကွက်နေ အသက် ၄၄ နှစ်အရွယ် ဦးရမဇာန်ခန်း ဆိုသူဖြစ်ပြီး ဆိတ်အရောင်းအဝယ် လုပ်ကိုင်နေသူဖြစ်သည်။

အသက် ၄၀ ခန့်အရွယ်ရွာသားတစ်ဦးက သားအဖနှစ်ယောက် ဆိုင်ကယ်နဲ့ မောင်းလာတဲ့အချိန်မှာ ကင်းပုန်းက လှမ်းပစ်လိုက်တာပါ၊ ရှေ့ကမောင်းတဲ့ သားဖြစ်သူက ကံကောင်းပြီးမထိဘူး။ နောက်ကထိုင်လိုက်တဲ့ အဖေကိုပဲ ထိသွားတာဟု ပြောသည်။

တနင်္သာရီမြို့နယ်အတွင်း ဝယ်ယူထားသည့် ဆိတ်များကို ယူရန်အတွက် မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းက ဆိုင် ကယ်ဖြင့် သွားရောက်ချိန် ရေဖြူဗျူဟာကုန်း အနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ပစ်ခတ်ခံရမှုကြောင့် ဦးရမဇာန်ခန်း၏ ညာလက်ပြင်နှင့် ဝမ်းဗိုက်တို့တွင် ကျည်တစ်ချက်စီ ထိမှန်ခဲ့ကာ ချောင်းလမုကျေးရွာတွင် ဆေးဝါးကုသခဲ့ရပြီး ၁၂ ရက်နေ့၌ တနင်္သာရီမြို့ဆေးရုံကို ပို့ဆောင်ခဲ့ရသည်ဟု ရွာသားများက ဆိုသည်။

ထိုနေ့မှာပင် တနင်္သာရီဆေးရုံမှ မြိတ်ပြည်သူ့ဆေးရုံကြီးသို့ ထပ်မံ၍ ပို့ဆောင်ခဲ့ပြီး အရေးပေါ် ခွဲစိတ်မှုများ ပြုလုပ်ခဲ့သော်လည်း မတ်လ ၁၄ ရက်နေ့ ည ၈ နာရီခန့်တွင် သေဆုံးသွားသည်ဟု မိသားစုဝင်တစ်ဦးက ဆိုသည်။

သေဆုံးသွားခဲ့သူ ဦးရမဇာန်ခန်း၏ အလောင်းကို မတ်လ ၁၅ ရက်နေ့၊ နံနက်ပိုင်းမှာပင် အစ္စလာမ်ဓလေ့ထုံးစံ အတိုင်း သင်္ဂြိုလ်မှုကို ပြုလုပ်ခဲ့ကြောင်း နီးစပ်သူများက ပြောသည်။

ရေဖြူကျေးရွာသည် တနင်္သာရီ – ဘုတ်ပြင်းသွား ကားလမ်းမကြီးပေါ်တွင် တည်ရှိပြီး ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်၏ အမှတ် – ၃ စစ်ဗျူဟာ အခြေချထားရှိသည်။