မြိတ်ပင်လယ်ပြင်တွင် စစ်ကောင်စီနဲ့ ကျွန်းစု ပကဖ တိုက်ပွဲ ဖြစ်
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မတ်လ ၁၇ ရက်။
မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ ပင်လယ်ပြင်တွင် စစ်ကောင်စီတပ်နှင့် ကျွန်းစုမြို့ နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့ နှစ်ဘက် မတ်လ ဒုတိယပတ်ထဲတွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။
ကျွန်းစုမြို့နယ်၊ ဝန်တောင်ကျေးရွာကို ကျွန်းစုပကဖ အဖွဲ့က ခရီးထွက်ခွာလာချိန် မိုင်းတွေးကျေးရွာမှ ပျူစောထီး များ အပါအဝင် စစ်ကောင်စီအင်အား ၆၀ ခန့်နှင့် ပင်လယ်ပြင်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု မတ်လ ၁၅ ရက်နေ့ တွင် သတင်းထုတ်ပြန်ထားသည်။
ထိတွေ့တိုက်ပွဲ အတွင်း စစ်ကောင်စီဘက်မှ စစ်သင်္ဘော အမှတ် 114 အပါအဝင် သင်္ဘော ၂ စီး၊ စက်လှေ (ဒေသအခေါ် သားပေါက်) ၂ စီး နှင့် ပျူစောထီးပိုင် ဖိုင်ဘာလှေငယ် ၃ စီးတို့ ပါဝင်တိုက်ခိုက်ခဲ့ပြီး မတ်လ ၁၃ ရက်နေ့၊ ည ၇ နာရီ အချိန်ခန့်တွင် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။
ကျွန်းစု ပကဖအဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “စစ်သင်္ဘောတွေကနေ ပွိုင့်ဖိုက်နဲ့လည်းပစ်တယ်၊ ပင်လယ်ပြင်ထဲမှာ PDFတွေ လာမယ်ဆိုတာကို သတင်းကြိုရထားလို့စောင့်နေတာဖြစ်နိုင်တယ်” ဟု ပြောသည်။
ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်မှုကို စုံစမ်းနေဆဲဖြစ်ပြီး ကျွန်းစု-ပကဖ ဘက်တွင် ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း ကျွန်းစု ပကဖအဖွဲ့ ပြန်ကြားရေး တာဝန်ရှိသူက ဆိုသည်။
ကျွန်းစုမြို့နယ်၏ နယ်မြေအများစုမှာ ပင်လယ်တွင်းရှိ ကျွန်းများဖြစ်ကြသည်။
ပစ်ခတ်မှု ဖြစ်ပွားပြီးသည့်နောက် ကံမော်ကျေးရွာမှ ပျူစောထီးများက မိုင်းတွေးကျေးရွာတွင် လာရောက် ပူးပေါင်းခဲ့သေးကြောင်း ရွာသားတစ်ဦးက ဆိုသည်။
လက်ရှိတွင် ဝန်တောင်ကျေးရွာအနီး၌ စစ်သင်္ဘောတစ်စင်းသာ ချန်နေခဲ့ပြီး ကျန်သည့် စစ်သင်္ဘောနှင့် လှေငယ် များ ပြန်လည်ဆုတ်ခွာသွားပြီ ဖြစ်ကြောင်း ရွာသားများက ဆိုသည်။