စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရ

သတင်းနှင့် မီဒီယာ ကွန်ရက်။ 
၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်။ 

ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှု ကြောင့် အရပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာများ ရရှိထားသည်ဟု ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီ၏ ခြေလျှင်တပ်ရင်း (ခလရ ၄၂၂)မှ မတ်လ ၁၄ ရက်နေ့၊ ည ၈ နာရီခွဲဝန်းကျင် အချိန်ခန့်တွင် စစ်ဘေးရှောင်များ နေထိုင်ရာ ဝါရီကောခူကျေးရွာသို့ ပစ်ခတ်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

ဒေသခံ အမျိုးသမီး တစ်ဦးကနံရိုးထိတဲ့ တစ်ယောက်က တော်တော်ဆိုးတယ်။ နည်းနည်းလေးသာ နောက် ကျသွားရင် အသေပဲနော်။ နံရိုးထဲမှာကို အစက စိုက်ဝင်နေတာလို့ ပြောတယ်။ အခုထိလည်း စိုးရိမ်နေရပါ တယ်ဟု ပြောသည်။

လက်နက်ကြီးထိမှန်သူ ၂ ဦးမှာ အသက် ၂၁ နှစ်အရွယ် အမျိုးသား တစ်ဦးနှင့် အသက် ၃၇ နှစ်အရွယ် အမျိုးသမီး တစ်ဦးတို့ ဖြစ်ပြီး ခြေသလုံးကျိုး ဒဏ်ရာနှင့် ညာဘက်နံရိုးကျိုး ဒဏ်ရာများ အသီးသီး ရရှိထားသည်ဟု ဆိုသည်။

ထိမှန်ဒဏ်ရာရရှိထားသူ ၂ ဦးမှာ စစ်ဘေးရှောင်များ ဖြစ်ကြပြီး ငွေကြေးမပြေလည်သဖြင့် ဆက်လက် ကုသခွင့်ရရန် အလှူရှင်များ လိုအပ်နေကြသည်ဟု နီးစပ်သူများက ဆိုကြသည်။

မိုးဗြဲအနီးတစ်ဝိုက် စစ်ရေးလှုပ်ရှားနေသည့် ကရင်နီပူးပေါင်းတပ် တာဝန်ရှိသူတစ်ဦးက “အိမ်တွေ ထိတာတော့ ဒီတခါ မရှိဘူး။ ရွာထဲကျတာတော့ နည်းတယ်ဆိုပေမယ့် သတိထားနေရတာပေါ့။ ဒီနှစ်ထဲမှာက သူတို့ ပစ်တာက ပိုများတယ်လေ။ ကာမီကာဇေ ဒရုန်းတွေ အားကိုးလာတာပေါ့။ အဲဒါတွေက အသေခံပစ်တော့ ပြည်သူတွေ ပိုပြီးသတိထားရမယ့် သဘောမှာ ရှိတယ်ဟု ပြောသည်။

မတ်လအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် စစ်ကောင်စီ၏ လက်နက်ကြီးနှင့် ဒရုန်း ပစ်ခတ်မှုများကြောင့် ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ပေါ် ရပ်ကွက်များတွင် လူနေအိမ် ၁၅ လုံးခန့် မီးလောင်ပြာကျ ပျက်စီးခဲ့ရသည်။

ပြီးခဲ့သည့် မတ်လ ၁ ရက်နေ့၌လည်း စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မိုးဗြဲမြို့တွင် အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး အရပ်သား ၄ ဦးမှာလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည် ဟု နီးစပ်သူများက ဆိုကြသည်။