အမျိုးသမီးများအား ပြည်သူ့စစ်သင်တန်းပေး
သတင်းနှင့် မီဒီယာ ကွန်ရက်။
၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်တွင်းရှိ မြို့နယ်အချို့တွင် အမျိုးသမီးများကို ပြည်သူ့စစ် သင်တန်းပေးနေသည်ဟု ဒေသတွင်း စစ်ရေး လေ့လာစောင့်ကြည့်သူများက ပြောသည်။
စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန်မှ မြင်းခြံ၊ ဆော၊ တောင်သာ၊ နွားထိုးကြီး စသည့်မြို့နယ်များတွင် ယခုမတ်လအစောပိုင်း ကတည်းက စတင်၍ စစ်သင်တန်းပေးနေခြင်း ဖြစ်သည်။
ဆောမြို့နယ်တွင်းရှိ တက်ကြွလှုပ်ရှားသူ တစ်ဦးက “ဆောမှာဆိုရင် အဓိက ဆီမီးဘက်မှာ မိန်းကလေးတွေကို သင်တန်းပေးတယ်။ တော်တော်များများ ဝင်ကြတယ်။ သူတို့ အင်အားက တစ်ရွာ ဆယ်ယောက် လောက်ဆိုရင် တော့ ၂၀၀ ဝန်းကျင်လောက် ရှိတယ်” ဟု ပြောသည်။
ပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီယုမွန်ဆိုသူမှာ မကြာခင် အသက်ဝင်လာမည့် အမျိုးသမီးစစ်မှုထမ်း ဥပဒေအား ကင်းလွတ်ခွင့်ရရန်အတွက် ၎င်းထံ၌ ပြည်သူ့စစ်သင်တန်းရမည်ဟု ဆိုကာ ပြောဆို စည်းရုံးခဲ့ခြင်း ဖြစ်သည်။
ယခင် စစ်မှုထမ်း ဥပဒေ ထုတ်ပြန်သည့် ကာလများက ဒေါ်သီယုမွန်၏ ပြည်သူ့စစ်အင်အားမှာ ၇၀၀ ခန့်သာ ရှိသော်လည်း လက်ရှိတွင် ၎င်း၏ စည်းရုံးမှုကြောင့် အမျိုးသားနှင့် အမျိုးသမီးပေါင်း တစ်ထောင်ကျော်ခန့် ရှိနေ ပြီဟု စောင့်ကြည့်နေသူများက ဆိုသည်။
ဒေသတွင်း စစ်မှုထမ်းအကြုံးဝင်သူ အမျိုးသမီး တစ်ဦးက “သူတို့က ခံစားခွင့်တွေပေးတယ်လေ။ တချို့ နိုင်ငံ ရေး နားမလည်တဲ့ သူတွေကျတော့ ဒီကာလ အလုပ်တခုရတာ နည်းသလားပေါ့။ စစ်တပ်က စပွန်ဆာပေးနေ တာ။ သူတို့ဖာသာ လိုင်းပေါ်မှာ အလှူခံတာတွေလည်း ရှိတယ်” ဟု ပြောသည်။
ဒေါ်သီတာယုမွန်အား နိုဝင်ဘာလ၌ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်က လက်နက်ထပ်ဆောင်း တပ်ဆင်ပေးခဲ့ရာ လက်ရှိတွင် ခေတ်မီ လက်နက် ခဲယမ်းများနှင့် ဂျန်မာများ အသုံးပြုနိုင် နေပြီဟု နီးစပ်သည့် စစ်ရေးသတင်း အရင်းအမြစ်များက ဆိုသည်။
လက်ရှိ ၎င်း၏တပ်၌ တပ်သားတစ်ဦးလျှင် နိုင်ငံတော် ဝန်ထမ်းလစာ ခံစားခွင့်နှင့် ထောက်ပံ့ပစ္စည်းများ ရရှိသည့် အပြင် တပ်သားတစ်ဦးစီ၏ မိသားစုဝင်များကိုလည်း ထောက်ပံ့မှုရှိသည်ဟု ဆိုသည်။
မြင်းခြံ ပြည်သူ့စစ်တပ်ဖွဲ့မှာ မြင်းခြံမြို့မှ အရှေ့တစ်မိုင် ပတ်လည်ခန့်သာ နယ်မြေစိုးမိုးထားနိုင်ပြီး နွားထိုးကြီး ဘက်သို့ ထွက်လမ်းမရှိသည့်အပြင် တောင်သာဘက်သို့လည်း ရှေ့ဆက်တိုး၍ မရတော့သဖြင့် စစ်ရေးအရ ငြိမ်သက်နေ ကြရသည်။